Latest News

Saturday, June 16, 2018

တက္ကသိုလ် ၁၁ ခု၌ တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာတက္ကသိုလ်များ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ခေါ်ယူသွားမည်

တက္ကသိုလ် ၁၁ ခု၌ တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာတက္ကသိုလ်များ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ခေါ်ယူသွားမည်

ယခုနှစ်မှစတင်၍ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ် ၁၁ ခု၌ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးကို  ယခင်နှစ်များကဲ့သို့ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က မရွေးချယ်ဘဲ သက်ဆိုင်ရာတက္ကသိုလ်များ၏ကိုယ်ပိုင်အစီအစဉ်ဖြင့် ခေါ်ယူသွားမည် ဖြစ်ရာ သတင်းအချက်နည်းပညာတက္ကသိုလ် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ဝင်ခွင့်လျှောက်ထားလိုသူများသည် ဝင်ခွင့်လျှောက်လွှာပုံစံများကို လှိုင်မြို့နယ် ပါရမီလမ်းရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန Website www.myanmar-education.edu.mm တွင်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်Website www.uit.edu.mm  တွင်လည်းကောင်း ဒေါင်းလုဒ်လုပ်၍ရယူနိုင်မည်ဖြစ်သည်။

ရန်ကုန် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စောစန္ဒာအေးအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။  ။ ဒီနှစ်တက္ကသိုလ်ကြီး ၁၁ ခုမှာကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ စလိုက်တဲ့အခါမှာ ဆရာမကြီးတို့ကျောင်းအနေနဲ့ ဘယ်လိုပုံစံနဲ့  ရွေးချယ်သွားမလဲဆိုတာ ရှင်းပြ ပေးပါ။

ဖြေ။ ။ ကျွန်မတို့ကျောင်းကို စိတ်ဝင်စားပြီး တက်ရောက်ချင်တဲ့ ကလေး တွေက ကျောင်းကို တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ သတင်းအချက် အလက်နည်းပညာတက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်မှာရော   ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာပါ တိုက်ရိုက်လျှောက်ထားမယ့် လျှောက်လွှာပုံစံကို ကျောင်းသား  ကျောင်းသူတွေက ဒေါင်းလုဒ် လုပ်ပြီး  ယူလို့ရပါတယ်။  ကျွန်မတို့ကျောင်း မှာလည်း လျှောက်လွှာပုံစံကို လာယူလို့ရပါတယ်။ အဲဒီလျှောက်လွှာပုံစံနဲ့ ကျောင်းကို တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။

မေး။ ။ ဘယ်နေ့မှာ စတင်လျှောက်ရမလဲ။ ပြီးတော့ ကလေးတွေဘက်ကရော ဘယ်လိုမျိုးပြင်ဆင်ထားရမလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ လျှောက်လွှာတွေကိုတော့ အခုလည်း ပေးနေပါပြီ။ သတင်းစာတွေမှာ လျှောက်လွှာတွေ လျှောက်ထားနိုင်ပြီဆိုတာကို ကြော်ငြာထည့်ပေးထားပါတယ်။ ဒီလ ဇွန် ၁၅ ရက်နေ့ကနေစပြီးတော့ လျှောက်ထားနိုင်ပါတယ်။

မေး။ ။ ဆရာမကြီးတို့ကျောင်းကို လျှောက်ထားတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်သွားမယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျွန်မတို့ကျောင်းကို စိတ်ဝင်စားပြီး လျှောက်ထားတဲ့အထဲကနေ အမှတ်အများဆုံးရတဲ့ အယောက် ၂ဝဝ ကို ပထမဦးဆုံးအဆင့်အနေနဲ့ ကျောင်းက ရွေးချယ်လိုက်တဲ့စာရင်းကို  ထုတ်ပြန်ပေးမှာ  ဖြစ်ပါတယ်။ အယောက် ၂ဝဝ စာရင်း ထုတ်ပြန်ပေးပြီးတဲ့အခါမှာလည်း အရန်ရွေးချယ်ထားတဲ့ ကျောင်းသား ကျောင်းသူစာရင်းကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ အယောက် ၂ဝဝ ဆိုပေမယ့် ဝင်ခွင့်အတွက် အမှတ်တစ်ခုမှာ ဖြတ်မှာဖြစ်တဲ့အတွက် လိုတာ၊ ပိုတာ နည်းနည်းတော့ ရှိနိုင်ပါတယ်။ ဝင်ခွင့်ရတဲ့ သူတွေအနေနဲ့က တစ်ပတ်အတွင်း ကျောင်းကို ဆက်သွယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပဏာမရွေးချယ်ထုတ်ပြန်ထားတဲ့ စာရင်းတွေထဲက ကလေးတွေကတစ်ပတ်အတွင်းမှာ  ကျောင်းနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ကျွန်မတို့ကျောင်းကို တက်ရောက်လိုခြင်းမရှိဘူးလို့ ယူဆပြီးတော့ လစ်လပ်သွားတဲ့အပေါ်မှာ  မူတည်ပြီးတော့ အရန်ရွေးချယ်ထားတဲ့ အထဲကနေ ဝင်ခွင့်ရသူကို ဒုတိယတစ်ပတ်ထဲမှာ ပြန်ပြီးတော့ ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန်တဲ့အခါမှာ သူတို့က ကျောင်းကို ဆက်သွယ်ပြီး လာရောက်အပ်နှံရမှာ ဖြစ်ပါတယ်။

မေး။ ။ အမှတ်အများဆုံး အယောက် ၂ဝဝ ဆိုတော့ ဆရာမကြီးတို့အနေနဲ့ အမှတ်က ကန့်သတ်ချက်မရှိဘူးဆိုတဲ့သဘောမျိုးလားရှင့်။

ဖြေ။ ။ ဟုတ်ပါတယ်ရှင်။ ကျွန်မတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ  အမှတ် ၄၅ဝ  နဲ့ အထက်ရတဲ့ ကျောင်းသား  ကျောင်းသူတွေ ဒီတက္ကသိုလ်ကို လျှောက်ထားခွင့်ရှိပါတယ်။ အဲဒီလျှောက်ထားခွင့်ရှိတဲ့ အမှတ် ၄၅ဝနဲ့ အထက် ရတဲ့ကျောင်းသား ကျောင်းသူတွေ လျှောက်ထားတဲ့ အထဲကမှ အမှတ်အများဆုံး ရရှိတဲ့ ကျောင်းသား ကျောင်းသူ အယောက် ၂ဝဝ ကို ရွေးချယ်မှာ ဖြစ်ပါတယ်။

မေး။ ။ ဒီလို ရွေးချယ်တဲ့အခါမှာရော   ဝင်ခွင့်ဖြေရတာမျိုးရှိပါသလား။ ဘယ်လိုမျိုး ရွေးချယ်သွားမလဲပြောပြပေးပါ။

ဖြေ။ ။ ကျွန်မတို့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကို မြန်မာ နိုင်ငံတစ်ဝန်း စာစစ်ဌာနအသီးသီးကနေ အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူ တွေကို လျှောက်ခွင့်ပေးထားပါတယ်။ အဲဒီလို လျှောက်ခွင့်ပေးထားတဲ့အတွက် ကြောင့် ရေးဖြေစာမေးပွဲနဲ့ မစိစစ်ထားပါဘူး။ ဝင်ခွင့်ဖြေတယ်ဆိုရင်လည်း ဝေးလံတဲ့ဒေသက ကလေးတွေက အင်တာဗျူးဖြေဖို့ တစ်ကြိမ်လာနေရတာမျိုး ဖြစ်မှာစိုးပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့က ဝင်ခွင့်မှာ နှုတ်ဖြေစာမေးပွဲကိုလည်း မစိစစ်ဘဲနဲ့ ဒီတိုင်းပဲ လျှောက်တဲ့ ကျောင်းသား  ကျောင်းသူတွေအထဲကနေပြီးတော့ အမှတ်အများဆုံးရတဲ့ အယောက် ၂ဝဝ ကို ရွေးချယ်ဖို့ဆိုပြီး ဆုံးဖြတ်ထားပါ တယ်။

မေး။ ။ ပညာသင်နှစ် တစ်နှစ်မှာ ကျောင်းသား ကျောင်းသူဦးရေ ၂ဝဝ ပဲ လက်ခံသင်ကြားပေးသွားမှာလားရှင့်။

ဖြေ။ ။ ဘာဖြစ်လို့ ကျောင်းသား ကျောင်းသူ ၂ဝဝ ပဲ လက်ခံရတာလည်း ဆိုတော့ ကျွန်မတို့ကျောင်းမှာ စာသင်ကြားဖို့ စာသင်ခန်း အရေအတွက်၊ လက်တွေ့ခန်းတွေရှိတဲ့ အရေအတွက်တွေအပြင် သင်ကြားပေးနိုင်တဲ့ဆရာ၊ ဆရာမ အရေအတွက်တွေအပေါ်မူတည်ပြီးတော့ ကျောင်းသား ကျောင်းသူ ၂ဝဝ ကိုပဲ လက်ခံသင်ကြားပေးနိုင်တာ  ဖြစ်ပါတယ်။ ကျွန်မတို့ သတင်း အချက်အလက်နည်းပညာတက္ကသိုလ်ကို   ၂ဝ၁၈ ခုနှစ်   ဇန်နဝါရီလမှာ တက္ကသိုလ်များ လှိုင်နယ်မြေကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဒီကျောင်းတည်ဆောက်တဲ့ စီမံကိန်းက အဆောင် နှစ်ဆောင်ပဲ ပြီးသေးတာ ဖြစ်ပါတယ်။ နောက်ထပ် နှစ်ဆောင်က ဒီ ခြောက်လ ဘတ်ဂျက်  မှာလည်း ဆက်လက်တည်ဆောက်ဖို့အတွက် ရန်ပုံငွေပါပါတယ်။ နောက် တစ်နှစ် ဘတ်ဂျက်မှာလည်း ကျန်တဲ့ အဆောင် နှစ်ဆောင်ရယ်၊Hall  ခန်းရယ်    စီမံကိန်းမှာ ကျန်သေးတဲ့ဟာကို ထည့်ပေးဖို့အတွက် ပညာရေးဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်းထားပြီးသားဖြစ်ပါတယ်။

ဒီနောက်ထပ် နှစ်ဆောင်ရယ်၊Hall  ခန်းရယ် အကုန်လုံး  ဆောက်လုပ်ပြီး သွားရင်တော့ ကျောင်းသား ကျောင်းသူ ၂ဝဝ  ထက်မက  ပိုမိုလက်ခံနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားပါမယ်။  ကျွန်မတို့  ကျောင်းရဲ့  ဦးတည်ချက်က ကျောင်းသား ကျောင်းသူတွေကို စာတွေ့၊ လက်တွေ့သင်ကြားပြီး လက်တွေ့ ကိုလည်း ဦးစားပေးပြီးတော့ သင်ကြားပေးပါတယ်။ အဲဒါမှ သူတို့ကလုပ်ငန်းခွင် ထဲမှာ အမှန်တကယ်ကို အကျိုးရှိစွာအလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဆရာ ဆရာမ ဦးရေ၊ စာသင်ကြားဖို့နေရာတွေအပြင် လက်တွေ့ခန်းမှာ သူတို့လုပ်ဆောင်နိုင်တဲ့   လက်တွေ့ခန်းရဲ့  အရည်အသွေးတွေကလည်း အရေးကြီးတာကြောင့် အဲဒီအပေါ်မှာမူတည်ပြီးတော့ ကျွန်မတို့က ကျောင်းသား  ကျောင်းသူ ၂ဝဝ ပဲ လက်ခံနိုင်တာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

သတင်းဆောင်းပါး - ဝင်းမီမီဖြိုး
ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment