Latest News

Thursday, June 7, 2018

ငါးသိုင်းချောင်းမြို့ငဝန်ရေကာတာ၌တာတမံထိန်းသိမ်းနည်းနှင့်ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကျင်းပ

ငါးသိုင်းချောင်းမြို့ငဝန်ရေကာတာ၌တာတမံထိန်းသိမ်းနည်းနှင့်ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကျင်းပ

            ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအစီအစဉ်ဖြင့် ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာ တာမိုင် ၄၆/၆ နှင့် ၄၆/၇ ကြားတွင် ရေကာတာထိန်းသိမ်းနည်းနှင့်ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကို ဇွန်လ ၇ ရက်နေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ရာ ရေကြည်မြို့နယ်နှင့်ငါးသိုင်းချောင်းမြို့ ဌာနဆိုင်ရာတာဝန်ရှိသူများ/မြို့နယ်မီးသတ်ဦးစီးဌာနရှာဖွေကယ်ဆယ်ရေးအဖွဲ့/နယ်မြေရဲတပ်ဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ/သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
            ရှေးဦးစွာ မြို့နယ်ဆည်/ရေဦးစီးဌာန ဒုတိယဦးစီးမှူးဦးဇော်ဇော်နိုင်က ရေကာတာပြုပြင်ထိန်းသိမ်းနည်းများနှင့်ရေဘေးကာကွယ်ရေးပူးပေါင်းဆောင်ရွက်သင့်သည့်အချက်အလက်များအားရှင်းလင်းပြောကြားခဲ့ပြီး ရေခွေကတုတ်ရိုက်ထိန်းသိမ်းနည်း/တာအိတာလျှောထိန်းသိမ်းနည်းနှင့် ရေကာတာမြေသားထိန်းသိမ်းနည်းများအား လက်တွေ့ရှင်းလင်းသရုပ်ပြခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။

             ငါးသိုင်းချောင်းမြို့ငဝန်ရေကာတာသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် တာမိုင်အရှည် ၁၆ မိုင်မြေသားပြုပြင်ခြင်းဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပြီး မြို့တွင်းရေကာတာအရှည်(၅၁၅၀)ပေ၌ မြေထိန်းကွန်ကရစ်နှင့်အုတ်စီနံရံများဆောင်ရွက်ပြီးဖြစ်ရာ မြေသားရေကာတာအတွက်လိုအပ်သောမြေသားအသစ်ထိန်းသိမ်းနည်းစနစ်ဖြစ်သည့် မြေသားတာစောင်း၌မြက်စိုက်ပျိုးခြင်း/စပါးစိုက်ပျိုးခြင်းနှင့် ရေကာတာမြေသားပြုပြင်ထိန်းသိမ်းနည်းလမ်းများဖြင့် ဆည်/ရေဦးစီးဌာနဝန်ထမ်းများမှသက်ဆိုင်ရာတာမိုင်အလိုက် ဆောင်ရွက်မှုများပြုလုပ်လျှက်ရှိကြောင်း မြို့နယ်ဆည်ရေဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးဦးသန်းဦးက ပြောကြားထားကြောင်းသတင်းရရှိပါသည်။

                       စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment