Latest News

Saturday, June 16, 2018

ရှေးရှေးတုန်းက ဟင်းချိုမှုန့်

ရှေးရှေးတုန်းက   ဟင်းချိုမှုန့်

ကျန်းမာရေးပညာပေးစာစောင်များ၊ သတင်း စာ၊ ဂျာနယ်နှင့် ရုပ်သံအစီအစဉ်များတွင် အချိုမှုန့် (မိုနိုဆိုဒီယမ်ဂလူတမိတ်-MSG) ၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲခံစားရမည့် ရောဂါဝေဒနာများကို ပညာပေးဖော်ပြကြပြီး စားသုံးရန်မသင့်ကြောင်း အကြံပြုကြသည် ကို တွေ့ကြရမည်ဖြစ်၏။ အကြံပြုချက်များ မှာ ကြောင်းကျိုးဆီလျော်သည့်အပြင် လက်ခံ နိုင်ဖွယ်ရာလည်းရှိပါသည်။သို့သော်လည်း စားသောက်ကုန်ပစ္စည်းတစ်ခုအဖြစ် ဈေးကွက် တွင် နေရာယူထားပြီးဖြစ်သည်သာမက သုံးစွဲရင်းရှိပြီးဖြစ်သော အချိုမှုန့်ကိုမသုံးလျှင် ဘာကို   သုံးကြရမည်နည်း။  ကြော်ငြာအား ကောင်းကောင်းဖြင့်     ကြော်ငြာနေသော ဟင်းခတ်မှုန့် ဆိုသည်များကို သုံးရမည်လား၊ ထိုဟင်းခတ်မှုန့်ဆိုသည်များတွင်လည်း အချို မှုန့်မပါဘူးဟူ၍ ဆိုနိုင်မည်လား  စသည် စသည်ဖြင့် မေးစရာ ရှိလာပါသည်။

အချိုမှုန့်ကိုမစားလျှင် ဘာကိုစားရမည် နည်း   ဆိုသည်ကိုသိဖို့ရာတွင်    အချိုမှုန့် မပေါ်ခင်က  ဟင်းလျာများကို မည်သို့ ချက် ပြုတ်စားခဲ့ကြသည်ကိုသိရလျှင် အထောက် အပံ့ဖြစ်နိုင်သည်ဟု  ယူဆပါသည်။ ထိုစဉ်က မည်သို့စားခဲ့ကြသည်ကို    သိသောသူများ လည်း  ယနေ့ခေတ်တွင်   အလွန်နည်းပါး နေပြီဖြစ်၏။

စာရေးသူတို့ငယ်စဉ်က ကျေးလက်မှအိမ် များတွင်ရော မြို့ပြမှအိမ်များတွင်ပါ ကျပ်ခိုး စင်ဆိုသည်များရှိပါသည်။   ကျပ်ခိုးစင်ဆို သည်မှာ ထမင်းအိုးဟင်းအိုးတည်သော မီးဖို လေးများ၏အပေါ် တည့်တည့် ရင်စို့သာသာ လက်လှမ်း၍မီနိုင်သည့်   အမြင့်ခန့်တွင် ထောင့်လေးထောင့်ကို ကြိုးဖြင့်ဆိုင်း၍ ဆွဲ ထားသော ခပ်ကျဲကျဲဝါးကတ်လေးတစ်ခုပင် ဖြစ်၏။ အကျယ်အားဖြင့် နှစ်တောင် (သုံးပေ ဝန်းကျင်) ပတ်လည် ခန့်ရှိပေမည်။ ထိုကျပ်ခိုး စင်ကလေးများသည် စာရေးသူတို့ အိမ်ရှင်မ များအတွက် ထိုအချိန်က အလွန်ပင်အရေးပါ ၏။ ပိုးထိုးတတ်သော အိမ်အသုံးအဆောင် ပစ္စည်းလေးများ၊ အခြောက်ခံရန်လိုအပ်သည့် ဆေးမြစ် ဆေးဥလေးများကို ထိုကျပ်ခိုးစင် လေးပေါ်တွင်     တင်ထားကြ၏။    လယ်ထဲ ချောင်းထဲမှရသော ငါးကျည်းလေးများကို ဝါးသီတံလေးဖြင့်   စီစီရီရီ   သီထိုးပြီး တွဲလောင်းလေး ဆွဲထား၊ ရွာထဲတွင်ပေါ်သော အသားကောင်းလေးများ၊ တောထဲကရသည့် တောကောင်သားလေးများကို ဝါးတံစို့လေး ဖြင့် ထိုးလျက် ထိုကျပ်ခိုးစင်လေးများတွင် ချိတ်ဆွဲထားလေ့ရှိကြ၏။ ချောင်းရိုးမြောင်းရိုး များမှရသော ပုစွန်လေးများထဲမှ ခပ်ရွယ်ရွယ် ခပ်ကြီးကြီးများကိုရွေး၍ ခေါင်းချိုး အမြီးချိုး ချိုးကာ ဆန်ခါခုံးလေးတစ်ခုတွင်ထည့်ပြီး ကျပ်ခိုးစင်လေးပေါ်တင်ထားကြ၏။ ပုစွန် ဆိတ်ကလေးများကိုမူ ဆုံထဲတွင်မညက် တညက်မျှသာ ထောင်း၍ ဆားသင့်ရုံထည့် ကာ စဥ့်အိုးခပ်ရွယ်ရွယ်ထဲတွင် ဖိသိပ်သွတ် ၍ မျှင်ငါးပိလုပ်ထားလိုက်ကြသည်။

အောက်တွင် မီးဖိုရှိသောကြောင့် ထိုထို သော အသားလေးငါးလေးများ၊ ပုစွန်လေး များသည် သုံးလေးရက်မျှကြာလျှင်ပင် မာမာ ခြောက်ခြောက်အခြေအနေသို့ ရောက်ရှိသွား တော့၏။ ကျပ်ခိုးစင်တွင် ချိတ်ဆွဲတင်ထားပြီး အသားငါး စသည်များကို ခြောက်သွေ့စေ သည့်အတွက် နှောင်းပိုင်းကာလများ၌ ဤ နည်းဖြင့်     ခြောက်သွေ့အောင်လုပ်လျှင် ကျပ်တင်သည်၊ ကျပ်တိုက်သည်ဟူ၍သုံးနှုန်း ခဲ့ကြလေသည်။  ခြောက်သွေ့ပြီ  ဖြစ်သော ငါးကျပ်တိုက် အသားကျပ်တိုက်လေးများကို အိုးငယ်များ၊ ဘူးငယ်များအတွင်း လေလုံစေ ရန် စီမံ၍ သိမ်းဆည်းထားကြသေး၏။ မီးဖို ပေါ်တွင်ချိတ်ဆွဲထားသော ကျပ်ခိုးစင်ဆို၍ မည်းမည်းတူးတူး  ဖုန်မှုန့်အလိမ်းလိမ်းနှင့် ဖြစ်နေလိမ့်မည်ဟု ထင်မြင်ယူဆဖွယ်ရာရှိ သော်လည်း    ထိုခေတ်ထိုအချိန်က ဝီရိယ ကောင်းလှသော အိမ်ရှင်မများ၏ နိစ္စဓူဝဂရု တစိုက် သန့်ရှင်းထားမှုကြောင့် ညိုညိုတင်းတင်း ဖုန်မှုန့်ကင်းသည့် ကျပ်ခိုးစင်များသည် အိမ် ၏ ကျက်သရေဆောင်များပင်ဖြစ်ခဲ့လေသည်။

ဟင်းရွက်ဟင်းသီးလေးများကို ဆန်ကော ဆန်ခါများတွင်ထည့်၍ အိမ်ရှင်မများ ဟင်း ချက်ချိန်တွင် ထိုထိုသော ငါးကျည်းကျပ်တိုက်၊ အသားကျပ်တိုက်လေးများကို လိုအပ် သလောက်  ဖဲ့ခြွေယူပြီး  ဆုံမှာထည့်လျက် ညက်ညက်ကျေအောင် ထောင်းလိုက်သော အခါ၊ ဟင်းချိုဖို့အရေး ထည့်ခပ်လို့ ပေးနိုင် သည့် ဟင်းချိုမှုန့်လေးများ ဖြစ်သွားလေတော့ ၏။ ဟင်းကိုချိုစေသော အမှုန့်လေးများဖြစ်၍ ဟင်းချိုမှုန့်ဟူ၍ ရိုးရိုးလွယ်လွယ် ဆိုခဲ့ကြ ဟန်ရှိပါသည်။ သဘာဝဟင်းချိုမှုန့်လေးများ ကိုခတ်၊ ဆားလေးသင့်ရုံမျှထည့်ကာ၊ မနှစ်က စဥ့်အိုးလေးတွင် ထည့်သိပ်ထားသော မျှင် ငါးပိလေးများကို၊ ဟင်းရည်လေးဖြင့် ဖျော်၍ ဟင်းအိုးအတွင်း ထည့်လျက် ရောသမမွှေ လိုက်သောအခါတွင် အသီးအရွက်၏ မူလ အာဟာရမပျက် ချိုမြမြအရသာရှိသည့် ဟင်း ရည်ချိုနှင့် အသီးအရွက်ကြော်လေးများကို ရပါတော့သည်။

''အကျွန်ကျွန်ုပ် ယုန်တထုပ်ကို၊ ခွာဆုတ် ရေလှန် ကျပ်ခိုးခံ၍၊ ပရန္နဝါရွက်နုညှာကို''ဟူ၍ ဖွဲ့သီထားသော အလယ်တန်း မြန်မာ ကဗျာထဲမှ ''ချိုပေစွဟင်းချို''ဟူသော ကဗျာ လေးကို ပြေး၍သတိရလျက် ခံစားမိကြမည် ထင်ပါသည်။ အသားငါး ဟင်းလျာများကို ချက်ပြုတ်ရာတွင်မူ အသားငါးများ၌ မူလ အချိုအရသာ ရှိပြီးဖြစ်၍ ဆားလေးသင့်ရုံ မျှင်ငါးပိလေးမျှတရုံဖျော်ထည့်ပြီး မူလအချို ဓာတ်ကို အားထားစားသုံးခဲ့ကြပါသည်။

စာရေးသူတို့အရွယ်ရောက်သောအချိန် ကျောင်းသားဘဝ၌ မီးဖိုချောင်မှ ကျပ်ခိုးစင် လေးများ ခေတ်ကာလအလျောက် မရှိကြ တော့ချေ။   သို့သော်လည်း   ဈေးများတွင် ငါးကျည်းကျပ်တိုက် အသား ကျပ်တိုက်လေး များနှင့် ပုစွန်ခြောက်လေးများကို သူတကာ တတ်နိုင်သော လက်လှမ်းမီသည့် ဈေးနှုန်း ဖြင့် ဝယ်၍ရနိုင်ပါသေးသည်။ ထိုစဉ်က စာရေးသူတို့မိသားစု၏ အိုးသူကြီးဖြစ်သည့် ကြီးတော်ကြီးက ဈေးထဲမှဝယ်၍ မီးသွေး မီးဖိုတွင်     ထပ်မံကျပ်တင်လေ့ရှိသည်ကို မှတ်မိပါသေးသည်။ ခြောက်ခြောက်သွေ့သွေ့ ပုလင်းကြီးတစ်လုံးထဲတွင်   ထည့်ထားပြီး ဟင်းခတ်ဖို့လိုသည့်အခါတွင်မှ     ထပ်မံ၍ မီးလေးနည်းနည်းပြ ဆုံမှာထည့်ထောင်းလျက် ဟင်းချိုမှုန့်အဖြစ် သုံးလေသည်။ အသားမှုန့် ငါးမှုန့် စစ်စစ်များကို ဟင်းခတ်မှုန့် ဟင်းချို မှုန့်အဖြစ် သုံးခဲ့ကြ၏။ ကျန်းမာရေးလည်း ကောင်းခဲ့ကြပါ၏၊ အသက်များလည်း ရှည် ကြပါသည်။ ဆန်းဆန်းပြားပြား ရောဂါများ ကိုလည်း ကြားရမြင်ရခဲသည်မှာ အမှန်ပင် ဖြစ်၏။ လက်လှမ်းမီသူများ တွေးမိမြင်မိ  မှတ်မိကြမည်ထင်ပါသည်။

အချိုမှုန့်မပေါ်ခင်က စာရေးသူတို့သည် သဘာဝငါးမှုန့်၊   အသားမှုန့်စစ်စစ်များကို ကိုယ်ကိုယ် တိုင် ပြုပြင်ဖန်တီး စားသုံးခဲ့ကြပါ သည်။ ကိုယ်တိုင်ပြုလုပ်ခဲ့သည်မို့ အစစ်ဖြစ် ကြောင်း အာမခံချက်လည်း အပြည့်အဝရှိ သည်။ သက်ရှည်ကျန်းမာသည့် ကောင်းကျိုး များကိုလည်း ရခဲ့ကြ၏။ သို့ဖြစ်သောကြောင့် (ကျပ်ခိုးစင်လေးထက် အဆများစွာသာသော၊ ခေတ်မီမီးဖိုချောင်သုံး အခြောက်ခံစက်များ၊ အသားငါးကင်သောစက်များ၊ အမှုန့်ပြုလုပ် သော ကိရိယာများ ထွန်းကားနေပြီဖြစ်၍) ကိုယ်ကိုယ်တိုင်လုပ်သော (ရှေးရှေးတုန်းက ဟင်းချိုမှုန့်လေးကဲ့သို့ ကျန်းမာရေးအာမခံ ချက် အပြည့်အဝရှိသော) ငါးမှုန့် အသားမှုန့် များကို  စားသုံးကြပါစို့ဟု''  တိုက်တွန်းလိုပါ သည်။   ။

မောင်ပြည့်အောင်

No comments:

Post a Comment