Latest News

Tuesday, June 5, 2018

မလေးရှားရှိ အမြန်လမ်းမတစ်ခု၌ ကုန်တင်ယာဉ် နှစ်စီးနှင့် ခရီးသည်တင် ဘတ်စကား တိုက်မိ၊ သုံးဦးသေဆုံး

မလေးရှားရှိ အမြန်လမ်းမတစ်ခု၌ ကုန်တင်ယာဉ် နှစ်စီးနှင့် ခရီးသည်တင် ဘတ်စကား တိုက်မိ၊ သုံးဦးသေဆုံး

မူအာ    ဇွန်    ၎

မလေးရှားနိုင်ငံ၌ ဇွန် ၃ ရက် မွန်းလွဲပိုင်းတွင် ပါဂို့မြို့အထွက်အနီးရှိ တောင်-မြောက်အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်၁၄၂ ကီလိုမီတာအကွာ၌ ကုန်တင်ယာဉ် နှစ်စီးနှင့် ခရီးသည်တင် ဘတ်စကား တစ်စီးတို့ တိုက်မိပြီး ခရီးသည် အမျိုးသမီးနှစ်ဦးနှင့် ဘတ်စကားယာဉ်မောင်း တစ်ဦးတို့ သေဆုံးကြောင်း ဇွန် ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့သည့် ရှူအစ်ကေကေမိုဟာမတ်အန်နီ အမည်ရှိ ယာဉ်မောင်းမှာ ပီရက်မြို့ရှိ ကမ်ပန်းကာနီယာဂျာယာမှ ဖြစ်ကြောင်းသိရပြီး အသက် ၂ဝ ကျော်နှင့် ၅ဝ ကျော်ရှိ သေဆုံးသူခရီးသည် အမျိုးသမီးနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။ ထို့ပြင် ဘတ်စကားအတွင်း ခရီးသည်များ ခရီးသွား အချက်အလက်များကိုလည်း မတွေ့ရှိရခြင်းကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရန် ခက်ခဲလျက်ရှိသည်။ အဆိုပါ မတော်တဆမှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်သည်။

ကွပ်ပျစ်များ တင်ဆောင်လာသည့် ကွန်တိန်နာယာဉ် တစ်စီးသည် ပါဂို့တိုးဂိတ်မှ ကွာလာလမ်ပူမြို့သို့ ဦးတည်သွားနေစဉ် လောင်စာဆီတင် ယာဉ်တစ်စီးနှင့် တိုက်မိခြင်းဖြစ်သည်ဟု ယူဆရကြောင်း ကနဦးစုံစမ်း စစ်ဆေးမှုများအရ သိရသည်ဟု မူအာမြို့ရဲတပ်ဖွဲ့မှ အကြီးအကဲဇာဟာရူဒင်ရာဆစ်က ပြောသည်။ ထိုသို့ တိုက်မိခြင်းကြောင့် ကွန်တိန်နာယာဉ်မှာ လမ်းချော်ပြီး လမ်းမအလယ်၌ တိမ်းမှောက်သွားသည်။

ထို့နောက် ခရီးသည် ၂၇ ဦး လိုက်ပါလာသော ဘတ်စကားသည် ဂျိုဟိုးဘာရူမြို့မှ ကွာလာလမ်ပူမြို့သို့ သွားနေစဉ် ကွန်တိန်နာနှင့် တိုက်မိကြောင်း ဇာဟာရူဒင်ရာဆစ်က အစီရင်ခံစာတစ်စောင်တွင် ပြောသည်။ မတော်တဆမှုအတွင်း ဒဏ်ရာအနည်းငယ် ရရှိသည့် ခရီးသည် ၂၂ ဦးနှင့် သေဆုံးသူယာဉ်မောင်းနှင့် အမျိုးသမီးနှစ်ဦးကို မူအာမြို့ဆေးရုံသို့ တာဝန်ရှိသူများက ပို့ဆောင်ထားသည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရာသီဥတုမှာ ကောင်းမွန်နေသော်လည်း လမ်းနှစ်ဖက်စလုံး၌  ယာဉ်ကြောကျပ်နေကြောင်း ဇာဟာရူဒင်ရာဆစ်က ဆက်ပြောသည်။ မူအာမီးသတ်စခန်းမှ ယာဉ်သုံးစီးနှင့် မီးသတ်သမား ၁၃ ဦးအပြင် ဘူကစ်ဂမ်ဘီယာ မီးသတ်စခန်းမှ မီးသတ်သမား ၁ဝ ဦးတို့ကို အခင်းဖြစ်ရာနေရာသို့ စေလွှတ်ခဲ့ကြောင်း  သိရသည်။

MWD

No comments:

Post a Comment