Latest News

Tuesday, June 5, 2018

ဒဂုံ-ဧရာအဝေးပြေးတွင် လူခေါ်ပွဲစားများ အတင့်ရဲလာ၍ ခရီးသွားများထိတ်လန့်နေရ

ဒဂုံ-ဧရာအဝေးပြေးတွင် လူခေါ်ပွဲစားများ အတင့်ရဲလာ၍ ခရီးသွားများထိတ်လန့်နေရ

ရန်ကုန် ဇွန် ၎

ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီးအတွက် ခရီးသွားများ အဓိကအားပြုရာ ဒဂုံ-ဧရာ အဝေးပြေးကားဝင်းတွင် လူခေါ်ပွဲစားများ အုပ်စုလိုက်ဖြင့် လူခေါ်ကြရာမှ ခရီးသွားများနှင့် တက္ကစီများကို ကြောက်ရွံ့စေသည်အထိ ပြုမူဆက်ဆံနေကြသည့် အတွက် ခရီးသွားပြည်သူများမှာ စိုးရိမ်ထိတ်လန့် စိတ်အနှောင့်အယှက်ဖြစ်နေ ကြရကြောင်း သိရသည်။

''ပုသိမ်ကိုသွားမလို့ လက်မှတ်လည်းဖြတ်ပြီးသားကို အတင်း အိတ်နဲ့ဆွဲခြင်းကို လာဆွဲတယ်၊ မောင်လေးက  ဟိုဂိတ်မှာ  လက်မှတ်ဝယ်ပြီးပြီ  ဘာမှမလိုဘူးလို့ ပြောတာကို တစ်ယောက်တစ်ပေါက်နဲ့ ရန်စပြီး ပြဿနာရှာတယ်၊ ပတ်ဝန်းကျင်က လည်း ကူညီမယ့်သူမရှိဘူး၊ ပြီးတော့ ဝိုင်းပြီးလှောင်တယ်၊ အခြားခရီးသွားတွေကို လည်း လူခေါ်ပွဲစားတွေက ထန်းလျက်ခဲ ပုရွက်ဆိတ်ချီသလို ဝိုင်းအုံနေတာမြင်ရတော့ ခရီးသွားဖို့ ကားဝင်းထဲလာရမှာကိုတောင် ကြောက်သွားပြီ၊ ဘယ်သူ့ကို အားကိုးရ မှာလဲ၊ ဘယ်သူတွေက ခရီးသွားတွေကို စောင့်ရှောက်ပေးမှာလဲဆိုတာ မသိဘူး ဖြစ်နေတယ်''ဟု ပုသိမ်မြို့မှမိဘများထံ ခေတ္တပြန်သော ပညာရေးဌာနဝန်ထမ်း အမျိုးသမီးတစ်ဦးက ဇွန် ၁ ရက် နံနက်ပိုင်းက ပြောသည်။

အဆိုပါ လူခေါ်ပွဲစားများမှာ ခရီးသွားမည့် ခရီးသည်များအား သက်ဆိုင်ရာဂိတ် များသို့ ပို့ပေးခြင်းဖြင့် ဂိတ်မှပေးသည့် ဘော်ဒါကြေးကို ရရှိသလို ခရီးသည်ထံမှလည်း ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခဟုဆိုကာ မတန်တဆ တောင်းယူမှုများ ရှိနေ ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်  မြန်မာပြည်အထက်ပိုင်း ခရီးသွားလာမှုအတွက် အောင်မင်္ဂလာ အဝေးပြေးနှင့်  မြစ်ဝကျွန်းပေါ်ဒေသအတွက်  ဒဂုံ-ဧရာ အဝေးပြေးကားဝင်းတို့ ရှိနေပြီး အဆိုပါကားဝင်းများမှ ယာဉ်လိုင်းများက ခရီးသွားပြည်သူများအား ပို့ဆောင်ပေးလျက်ရှိရာ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင်လည်း ကားဝင်းထိပ် နေရာအသီးသီးတွင် ကားဂိတ်များအတွက် လူခေါ်ပွဲစားများနှင့် ဆိုင်ကယ်ကယ်ရီ များ၊ တက္ကစီများအတွက် လူခေါ်ပွဲစားများရှိကြသည်။

ဒဂုံ-ဧရာ အဝေးပြေးကားဝင်းတွင်လည်း ယခင်က ကားဝင်းအတွင်း ဝင်ရောက် လာသော တက္ကစီများ၊ ခရီးသည်များအား လူခေါ်ပွဲစားများက ကားဝင်းထိပ်တွင် စုပြုံ၍ ခရီးသည်များကို လိုက်လံခေါ်ဆောင်ခြင်း၊ ခရီးသွားများအား အုပ်စုလိုက် အတင်းခေါ်ဆောင်ခြင်းနှင့် ခရီးသည်များ၏ ပစ္စည်းအိတ်များကို ခရီးသည်၏ဆန္ဒ မပါဘဲ ဆွဲယူနေခြင်းများကြောင့် ခရီးသွားပြည်သူများမှာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြရသည်။

ထိုသို့ဖြစ်ရသော်လည်း တားဆီးအရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ယခုနောက်ပိုင်းတွင် ကားဝင်းအတွင်းသာမက ကားဝင်းရှေ့ရှိ ရန်ကုန်-ပုသိမ် ကား လမ်းမကြီးပေါ်အထိတက်ကာ ကားဝင်းရှေ့တွင်ရပ်သောYBSယာဉ်လိုင်းများပေါ်မှ ခရီးသည်များ မဆင်းမီပင် စုပြုံစောင့်၍ ခရီးသည်များကို ဆွဲခေါ်သည်အထိ လူခေါ် ပွဲစားများက အုပ်စုဖွဲ့ အတင့်ရဲလာကြသည့်အတွက် ခရီးသွားပြည်သူများ ထိတ်လန့် နေကြရကြောင်း သိရသည်။          
                                 
မြန်​မာ့အလင်း၊ဓာတ်ပုံ - သစ္စာ

No comments:

Post a Comment