Latest News

Thursday, May 10, 2018

မူလတန်းကျောင်းသူ ၄ ဦးကို မတရားကျင့်မှုဖြင့် ဘုန်းကြီးတစ်ပါးကိုအမှုဖွင့်

မူလတန်းကျောင်းသူ ၄ ဦးကို မတရားကျင့်မှုဖြင့် ဘုန်းကြီးတစ်ပါးကိုအမှုဖွင့်

ပုသိမ်  —  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာတွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက အသက်မပြည့်သေးသည့် မိန်းကလေး ၄ ဦးကို မတရားပြုကျင့်သဖြင့် မိဘအုပ်ထိန်းသူများက ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။ ထိုဘုန်းကြီးသည် ယခုအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေပြီး ရဲတပ်ဖွဲ့က ၎င်းကို မုဒိမ်းမှုဖြင့် အမှုဖွင့်ထားပြီး၊ ဖမ်းမိရန် ရှာဖွေစုံစမ်းနေသည်။

သလပ်ခွာကျေးရွာရှိ စိတ္တသုခဘုန်းကြီးကျောင်းတွင် တစ်ပါးတည်း နေထိုင်သူ အသက် ၅၆ နှစ် အရွယ် ဦးနန္ဒသီရိက မိန်းကလေးများကို လွန်ခဲ့သည့် တစ်နှစ်အတွင်း အကြိမ်ကြိမ် မုဒိမ်းကျင့်သည်ဟူသော ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဧပြီ ၂၅ ရက်နေ့ညက  ပုသိမ်မြို့နယ် သလပ်ခွာကျေးရွာ ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု မိဘအုပ်ထိန်းသူများက မေ ၁ဝ ရက်နေ့တွင် ပြောသည်။

ကျုးလွန်ခံရချိန်တွင် ကလေးငယ်များမှာ အသက် ၁ဝ နှစ်မှ ၁၄ နှစ်အတွင်း ရှိကြသည်ဟု ဆိုသည်။  

ကာယကံရှင်ကလေးများက  သူတို့အပါအဝင် ထိုဘုန်းကြီးကျောင်းတွင်နေထိုင်သည့် မိန်းကလေးငယ် ၆ ဦးခန့် အဓမ္မ ပြုကျင့်ခံရသည်ဟု Myanmar Now ကို ပြောသည်။ သို့ရာတွင်   ၄  ဦး၏ မိဘများကသာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တရားခံပြေး ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ထုတ်ပြန်သော စာတစ်စောင်တွင်မူ မတရားပြုခံရသူ ၃ ဦး၏ အမည်ကိုသာ ဖော်ပြထားသည်။

၎င်းတို့အနက်နှစ်ဦးမှာ အသက် ၁ဝ နှစ်ရှိပြီး ဒုတိယတန်းနှင့် တတိယတန်းကျောင်းသူများဖြစ်သည်ဟု မိဘများက ပြောသည်။ နောက်တစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူဖြစ်သည် ။

စတုတ္ထတန်းကျောင်းသူ၏ပြောဆိုချက်အရ ထိုဆရာတော်က လိင်ဆက်ဆံလိုသည့်အချိန်ဆိုလျှင် “ရဲဘော်တို့ မာဆတ်ဝင်ရအောင်” ဟု အော်ပြောကာ ကလေးငယ်များကို ဘုန်းကြီးကျောင်းရှိ ၎င်းအိပ်သည့် ကျက်သရေခန်းတွင်းသို့ ခေါ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

“မနှစ်က မိုးတွင်းကြီးမှာ ဆရာတော်က သမီးကို စ လုပ်တယ်။  သမီးတို့ထဲက တစ်ယောက်ကိုလုပ်ရင် တခြားတစ်ယောက်ကို အပြင်မှာ ကင်းစောင့်ခိုင်းတယ်။ ဧည့်သည်လာရင် ဘုန်းကြီးကျိန်းနေတယ်ပြော တဲ့။ သမီးရဲ့နို့သီးကိုလည်း ကိုင်တယ်။ သူ့လက်ကို တံတွေးစွတ်ပြီး သမီးကို လုပ်တယ်။ သမီးက နာလို့မလုပ်ပါနဲ့ ဦးဇင်းရယ်ပြောရင် တင်ပါးကို ရိုက်တယ်။ ပြန်မပြောနဲ့၊ ကြိမ်လုံးနဲ့ နင့်ကို ဖိရိုက်မယ်ပြောတယ်” ဟု   ထိုကလေးက ရှင်းပြသည်။

ထိုကျောင်းသူ ၄  ဦးလုံးနှင့် သူတို့၏မိဘများကို  Myanmar Now သတင်းဌာနက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၎င်းတို့နေထိုင်သော ကျေးရွာများတွင် ကိုယ်တိုင်သွားရောက်တွေ့ဆုံရာ ၎င်းတို့က မုဒိမ်းကျင့်ခံရသည်ဟု တညီတညွတ်တည်း ထွက်ဆိုကြသည်။

ကလေးငယ်များသည် ပုသိမ်မြို့နယ် ရေသိုးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း အမှတ် (၂၅ဝ) တွင် ပညာသင်ယူနေကြသူများဖြစ်ပြီး စာသင်ကျောင်းနှင့် မိုင်အနည်းငယ်ဝေးသော ရွာငယ်များမှ လာရောက်ကြသူများဖြစ်သည်။

ထိုရွာငယ်များမှ မူလတန်းကျောင်းသို့လာလျှင် ဆိုင်ကယ်ကယ်ရီခ တစ်နေ့ ကျပ် ၅ဝဝ ခန့် အနည်းဆုံး ကုန်ကျသဖြင့် မိဘများက စာသင်ကျောင်းနှင့် မနီးမဝေးတွင်ရှိသော စိတ္တသုခဘုန်းကြီးကျောင်းတွင် ကလေးငယ်များကို ကျောင်းဖွင့်သည့်ကာလအတွင်း ညအိပ်ညနေ နေထိုင်စေခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်းတွင် နေထိုင်သော ယောကျာ်းလေး၊ မိန်းကလေး စုစုပေါင်း ၁၁ ဦးရှိခဲ့ကြောင်း၊ မိန်းကလေးငယ်များ ကျက်သရေခန်းအနီး အိပ်စေပြီး ယောကျာ်းလေးများက ကျောင်းဆောင်ရှေ့ခန်းတွင် အိပ်စေသည်ဟု သိရကြောင်း သလပ်ခွာကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ခံဖြစ်သူ ဦးစောဝင်းက ပြောသည်။

ကလေးငယ်များ  အဆင်ပြေစေရန် ဆရာတော်ဦးနန္ဒသီရိထံ ယုံကြည်စိတ်ချစွာ အပ်နှံထားကြခြင်းဖြစ်ကြောင်း   ကျုးလွန်ခံရသည့်ကာယကံရှင်ကလေးငယ်တစ်ဦး၏ မိခင်က ပြောသည်။

“ကျွန်မကလေး အခုလိုဖြစ်ရတာ ကျွန်မတို့ ဆင်းရဲလွန်းလို့ သူများစော်ကားခံရတယ်လို့ပဲ သင်ခန်းစာရတယ်။ နောက်ဆို သင်္ကန်းခြုံလည်း မယုံရဲတော့ဘူး” ဟု မတရားကျင့်ခံရသည့် အသက် ၁ဝ နှစ်အရွယ်ကလေး၏ မိခင်က  ပြောသည်။

ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော ဦးနန္ဒသီရိ သာသနာ့ဘောင်မဝင်ခင်က ရွာတွင် နေထိုင်စဉ်က ခင်မင်လေးစားဖွယ် မရှိသော်လည်း သာသနာ့ဘောင်ဝင်ပြီးနောက်တွင်မူ ရဟန်းဟူသော အရှိန်ဖြင့် ယုံကြည်လေးစားမှု ရှိလာခဲ့သည်ဟု မိဘများက ပြောသည်။

ကျောင်းအတွင်း မတရားပြုကျင့်မှုအကြောင်း မိဘများသို့ ပြန်ပြောလျှင် ကြိမ်လုံးဖြင့် ရိုက်မည်ဟု ဦးနန္ဒသီရိက ကြိမ်းဝါးထားခြင်းကြောင့် ကလေးငယ်များမှာ စာသင်နှစ်တစ်နှစ်လုံးနှင့် ကျောင်းကြီးပိတ်သည်အထိ မပြောရဲခဲ့ကြဟု ဆိုသည်။

ကျောင်းပိတ်ရက် အိမ်သို့ ပြန်လည် နေထိုင်ကြချိန်တွင် ကလေးတစ်ဦးက အဆိုပါ ဘုန်းကြီးကျောင်းသို့ သွားရောက်ရန် ငြင်းဆန် ငိုယိုသဖြင့် မိဘများ မေးမြန်းရာမှ ကလေးများက ၎င်းတို့၏ဖြစ်ရပ်ကို ပြောပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကလေးများ၏ အုပ်ထိန်းသူတို့က   ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ရဲစခန်းသို့ သွားရောက်ပြီး တိုင်ကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က  အဆိုပါ ကျောင်းထိုင်ဘုန်းကြီး ဦးနန္ဒသီရိသည်   မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရပြီး တရားခံပြေးအဖြစ် ကြေညာခြင်း ခံထားရကြောင်း၊ ၎င်းကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း Myanmar Now သို့ ပြောသည်။

“ဦးနန္ဒသီရိဘွဲ့နာမည်နဲ့ ဆရာတော်က ကလေးတွေကို မတရားကျင့်တယ်ဆိုပြီး တရားလိုက တိုင်ကြားလာပါတယ်။ အခုစခန်းမှူးကိုယ်တိုင်နဲ့ ကျွန်တော်တို့ သူ့ဆွေမျိုးသားချင်းတွေ ရှိတဲ့နေရာတွေဆီ လိုက်လံရှာဖွေ စုံစမ်းနေပါတယ်” ဟု ဒုတိယရဲမှူးကြီးက ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့ရုံးတွင်  ပြောသည်။

သလပ်ခွာသာသနာ့ကာရီကျောင်းတိုက်မှ ဆရာတော် အရှင် ဦးကောဝိဒက မေထုန်မှီဝဲခြင်းကို ကျူးလွန်သည့် ရဟန်းသည် ရဟန်းအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ဟု ဆိုသည်။

 “ဝိနည်းကြောင်းအရ ဆိုရင်တော့ (လူဝတ်) လဲပေးစရာကို မလိုတော့ဘူး။ ဒီလို ကျူးလွန်လိုက်ပြီဆိုရင် ရဟန်း မဟုတ်တော့ဘူး” ဟု  ဘုန်းတော်ကြီးကျောင်းပေါင်း ၁၇ ကျောင်းခန့်ရှိသည့် သလပ်ခွါတိုက်နယ်မှ ဦးဆောင်  ဆရာတော်ဦးကောဝိဒက မိန့်ကြ

ဝင်းနန္ဒာ၊ အောင်ငြိမ်းချမ်း/Myanmar Now

3 comments:

  1. #အများပြည်​သူအားထင်​​ယောင်​မှား​စေရန်​သတင်း​ရေးသားလိုက်​သည့်​ Myanmar now မှ ဝင်းနန္ဒာ နှင့်​ ​အောင်​ငြိမ်းချမ်း...
    အခင်းဖြစ်​ပွားရာအရပ်​အား​ရေးသားရာတွင်​ သလပ်​ခွာရွာ​ကျေးရွာတွင်​​ကျောင်းထိုင်​ဘုန်းကြီးတပါးမှဟု ​ရေးသားခဲ့သည့်​အတွက်​သလပ်​ခွာရွာအ​နေဖြင့်​ထင်​​ယောင်​မှားဖြစ်​​စေခဲ့သည်​။အခင်းဖြစ်​ပွားရာ စိတ္တသုခဘုန်းကြီး​ကျောင်းမှာ ​ရေသိုးရွာကဖြစ်​သလို သလပ်​ခွာ​ကျေးရွာအုပ်​ချုပ်​​ရေးမှုးတာဝန်​ခံဦး​စောဝင်းဟု​ဖော်​ပြ​ရေးသားခံရသူမှာလည်း ​ရေသိုးရွာက ရာအိမ်​မှုးတဦးသာဖြစ်​သည်​။
    သလပ်​ခွာတိုက်​နယ်​အပိုင်​​ရေသိုး​ကျေးရွာတွင်​ဟုထင်​ရှားရှင်းလင်းစွာသတင်း​ရေးသားခြင်းမရှိခဲ့သည့်​အ​ပေါ်သတင်း​ထောက်​ကျင့်​ဝတ်​၊စာနယ်​ဇင်းကျင့်​ဝတ်​နှင့်​အညီ သလပ်​ခွာ​ကျေးရွာအ​ပေါ်အများပြည်​သူ၌ထင်​ရှား​အောင်​Myanmar now အ​နေဖြင့်​အမှားပြင်​ဆင်​​တောင်းပန်​သင့်​သည်​။အများပြည်​သူထင်​​ယောင်​ထင်​မှားမဖြစ်​​စေရန်​ သတင်း​ထောက်​များ၊သတင်းတင်​ပြသူများအ​နေဖြင့်​ရိုးသားရှင်းလင်းစွာ သတင်းများကိုတင်​ပြရန်​တာဝန်​ယူမှု၊တာဝန်​ခံမှုရှိသင့်​ပါသည်​။#

    ReplyDelete
  2. Myanmar Now က​ရေးထားတာပြင်​လိုက်​တာလား​တော့မသိဘူး Timeayeyar ကလည်းတဆင့်​ပြန်​တင်​တာဆိုရင်​အမှန်​ကိုပြင်​​ပေးပါ

    ReplyDelete
  3. သတင်းမှန်ကို အတိအကျ မဟုတ် တင်တယ် အရူးတွေ

    ReplyDelete