Latest News

Friday, May 18, 2018

မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ ​တွေ့ဆုံ ဖြစ်ပါတော့မလား

မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ ​တွေ့ဆုံ ဖြစ်ပါတော့မလား

တောင်ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံးမှ စောင့်မျှော်နေကြသည့်အချိန်တွင်  အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လုပ်ရပ်ကြောင့် တွေ့ဆုံပွဲဖြစ်မှ ဖြစ်ပါတော့မလား၊    ပွဲပျက်သွားတော့မလား ဆိုသည့် စိုးရိမ်စိတ်ဖြင့်   သံသယများပင် ဖြစ်နေရပြီဖြစ်သည်။  မြောက်ကိုရီးယားတို့က တောင်ကိုရီးယားနှင့် အမေရိကန်တို့၏  စစ်ရေးလေ့ကျင့်မှုများကို   ၎င်း၏နိုင်ငံအား ကျူးကျော်ရေးအတွက်   ပြင်ဆင်မှုများပေလောဟု ထင်ခဲ့ကြသည့်အတိုင်း  ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို သိပ်မကြည်မလင် ဖြစ်လျက်ရှိသည်။

 ထိုအတွက်  တောင်ကိုရီးယားသမ္မတ  မွန်ဂျေးအင် ကိုယ်တိုင်ပင် ဆွေးနွေးပွဲများ ပျက်မည် စိုးသောကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နေ့ရွှေ့ညရွှေ့ ရွှေ့နေခဲ့ခြင်းဖြစ်သည်။  နောက်ဆုံး  မြောက် ကိုရီးယားနှင့်   တောင်ကိုရီးယားတို့အပြင်  အမေရိကန်နှင့်ပါ   ငြိမ်းချမ်းရေး တွေ့ဆုံမှုများ စီစဉ်နိုင်ခဲ့သည်အထိ     ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာသည် အထိဖြစ်လာသည်။ သို့သော် ယခုပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ခုတည်းကြောင့် ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ရတော့မည်ကဲ့သို့ ဖြစ်နေသည်။ ပထမဆုံး       ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုကြောင့် တောင်ကိုရီးယားနှင့် ပန်မန်ဂျူ၌ တွေ့ဆုံမည့် အစီအစဉ်ကို မြောက်ကိုရီးယားက ရပ်ဆိုင်းခဲ့သည်။  ယခု  ထိုစစ်ရေး လေ့ကျင့်မှုကြောင့်ပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့် အစီအစဉ်ကို  ထပ်မံခြိမ်းခြောက်လိုက် ပြန်သည်။ အကယ်၍ အမေရိကန်ဘက်မှ  နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်ကို    ဖိအားပေး ပြောဆိုမည်ဆိုလျှင်    ထရမ့်နှင့်တွေ့ဆုံမည့် မေလအစီအစဉ်ကို ဖျက်ပစ်မည်ဟု  မြောက်ကိုရီးယားက   ကြေညာချက် ထုတ်ပြန်လိုက်သည်။

သို့သော်  မြောက်ကိုရီးယားဘက်က   မည်မျှပင် အတိုက်အခံ စကားများပြောပြော  သမ္မတကင်ဂျုံအွန်နှင့် တွေ့ဆုံရန် မျှော်လင့်သည်ဟု ထရမ့်က ဆိုသည်။  မေလတွင် စင်ကာပူ၌ တွေ့ဆုံမည့် ဆွေးနွေးပွဲက တဖြည်းဖြည်းနှင့် မျှော်လင့်ချက်ရောင်ခြည်များ မှေးမှိန်လာနေပြီဖြစ်သည်။  အမှန်တကယ်ဆိုလျှင်   နျူကလီးယား ငြိမ်းချမ်းရေးလမ်းပေါ်သို့ လျှောက်လှမ်းရန်  အမေရိကန်တို့ဘက်မှ စစ်ရေးလေ့ကျင့်မှု တစ်ခုလောက် ရပ်ဆိုင်းပေး သင့်သည်။ မရပ်ဆိုင်းခဲ့လျှင်တောင်မှ    မေလပြီးမှ  စစ်ရေး လေ့ကျင့်မှုကို တစ်ချိန်ချိန်တွင် ပြန်လုပ်နိုင်သည်။ ယခု  ထိုစစ်ရေး လေ့ကျင့်မှုတစ်ခုကြောင့်ပင်  မြောက်ကိုရီးယားနှင့် နျူကလီးယား ဆွေးနွေးပွဲက ပျက်ရတော့မလိုဖြစ်နေသည်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည့်   မြောက်ကိုရီးယား အရေးမှာ   ထရမ့်အတွက် ဂုဏ်တက်စရာများ ဖြစ်ပေါ်လာနိုင်သကဲ့သို့    ပြည်တွင်းရော နိုင်ငံတကာမှပါ ထောက်ခံမဲများစွာ ရနိုင်သည်။  ကနဦးတွင်   မြောက်ကိုရီးယားနှင့် ပတ်သက်ပြီး  အမေရိကန်အနေဖြင့်   အလျှော့ပေးမည် မဟုတ်ဟု  ထရမ့်က ပြောထားဖူးသည်။  သို့သော်   ထရမ့်ဘက်က   အလျှော့မပေးလျှင်    ငြိမ်းချမ်းရေး ဆွေးနွေးပွဲက  ဖြစ်လာမည့်ပုံစံ မရှိပေ။ တစ်ဖက်နှင့်တစ်ဖက် တင်းလွန်းပြီး အလျှော့မပေးလျှင် မည်သည့်အရာမှ အလွယ်တကူ ဖြစ်လာနိုင်မည်မဟုတ်၊ ပြတ်ဖို့သာရှိတော့သည်။

မလျော့လွန်း မတင်းလွန်းသည့် အနေအထားနှင့် ဆောင်ရွက် မှသာ အဆင်ပြေမည်ဖြစ်သည်။ အဓိကအချက်မှာ မြောက်ကိုရီးယားက အီရန် ကဲ့သို့မဟုတ်ဘဲ  နျူကလီးယား လက်နက်ကို လက်ဝယ် ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ဆယ်နှင့်ချီသည့်  နျူကလီးယား ထိပ်ဖူးများအပြင် ဟိုက်ဒရိုဂျင်ဗုံးကိုပါ ပိုင်ဆိုင်သည့် မြောက်ကိုရီးယား တို့ဘက်မှ    စမ်းသပ်ခန်းများ ပိတ်မည်ဆိုသည်နှင့်ပင် ဝမ်းသာစရာဖြစ်သည်။    ထိုမှတစ်ဆင့် နျူကလီးယား ဖျက်သိမ်းရေး လမ်းကြောင်းဆီသို့ လျှောက်လှမ်းရမည်ဖြစ်သည်။  တစ်ဆင့်ချင်း မတက်ဘဲ ခုန်တက်လျှင်တော့ အလှမ်းကျယ် အလယ်လပ်ကာ ခြေစုံလွတ်ပြီး  ချော်ကျ နိုင်သည်။ နောက်တစ်ချက် စဉ်းစားစရာရှိသည်က   မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ဆိုသည်မှာ ခေါင်းမာပြီး   သူလုပ်ချင်ရာ လုပ်သည့်လူစားဖြစ်သည်။၎င်းက  နျူကလီးယားအရေး ဆွေးနွေးမည် ဆိုသည့်   စိတ်ကူးမှာ ထူးဆန်းလှသည်။  ထိုအချိန်ကို မွန်ဂျေးအင်က အခွင့် ကောင်း ယူခဲ့သည့်အတိုင်း   ထရမ့်ကလည်း  အခွင့်ကောင်း ယူတတ်ရမည်ဖြစ်သည်။    ထိုသို့မဟုတ်ပါက ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးက အလားအလာကောင်းပြီးမှ  သဲထဲရေသွန် စွန့်လွှတ်ရမည်ဖြစ်သည်။

ထရမ့်လည်း  ဂုဏ်သိက္ခာ ဆုံးရှုံးရမည့်အပြင်   ၎င်းကို ထောက်ခံနေသည့် အမေရိကန် လူလတ်နှင့်လူကြီးပိုင်းတို့  ဝေဖန်မှုကိုလည်း ခံရနိုင်သည်။ ယခု မြောက်ကိုရီးယား နျူကလီးယားအရေး မအောင်မြင်မီမှာပင်  အမေရိကန်ကြောင့် အီရန်နျူကလီးယား အရေးပျက်စီး ရတော့မလိုဖြစ်နေကာ ဥရောပသမဂ္ဂနှင့် ရုရှားတို့ ပြန်လည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေရသည်။ထရမ့်က  အီရန်အရေးကို လှည့်၍ပင် မကြည့်တော့ပေ။လှည့်မကြည့်သည့်အပြင်   အရေးယူ ပိတ်ဆို့မှုများပင် ချမှတ်မည့် လမ်းကြောင်းဘက်ကို ဦးတည်သွားနေသည်။ ထရမ့်ကို  ပြောမရသည့် အဆုံးတွင် အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများ ထရမ့်က ထပ်မံ ချမှတ်မည်ကို ဥရောပသမဂ္ဂတို့ စိုးရိမ်နေကြသည်။ ဥရောပသမဂ္ဂတို့ အီရန်ကို ပေးနိုင်သည့် အခွင့်အရေးက ရုရှားမှ ရေနံကို ဥရောပသမဂ္ဂတို့  မဝယ်တော့သည့်အတွက်  အီရန်၏ သန်းနှင့်ချီသော ရေနံစည်များကို ဥရောပသမဂ္ဂ တို့က ဝယ်ယူမည် ဆိုသည့်မက်လုံးဖြစ်သည်။ ထိုအရာနှင့်ပင်  အီရန် နျူကလီးယား သဘောတူညီချက်ကို  ထိန်းသိမ်းထားနိုင်ရန် ဥရောပသမဂ္ဂတို့ ကြိုးပမ်းလာနိုင်သည်။ ရုရှားက ယခင်ကပင် အီရန်နှင့်  စစ်ရေး၊ စီးပွားရေး ဆက်ဆံမှုများ ရှိသည့်အတွက် ပိုမိုအဆင့်မြှင်တင်ပေးမှုဖြင့်  အီရန်ကို ထိန်းသိမ်းနိုင်ရန်  ကြိုးပမ်းလာနိုင်သည်။

ရုရှားသမ္မတ ပူတင် ကိုယ်တိုင်ကလည်း ရုရှား၏ စီးပွားရေးကို ၎င်း၏ သမ္မတသက်တမ်းတွင် ထိပ်ဆုံးအထိရောက်အောင် အဓိကထား ကြိုးစားမည်ဟု ဆိုထားသောကြောင့်   အီရန်နှင့်   စီးပွားရေး ဆက်ဆံရေးက ပိုမိုကျယ်ပြန့် လာနိုင်သည်။ ထရမ့်သာ မြောက်ကိုရီးယားနှင့်တွေ့ဆုံရေး မအောင် မြင်ခဲ့ပါက ရုရှားတို့  မြောက်ကိုရီးယားနှင့်  စီးပွားရေး အရ ဆက်ဆံမှုကိုပိုမိုတိုးမြှင့်လာနိုင်သည်။  တရုတ်နှင့်လည်း  ကုန်သွယ်ရေးကို  ထပ်မံဦးစားပေး လာနိုင်ကာ ယခု ရုရှားတို့က ထရမ့်နှင့် မြောက်ကိုရီးယား နျူကလီးယားအရေးကို စောင့်ကြည့်နေသည်။  မြောက်ကိုရီးယား၏ အဓိကမဟာမိတ်က  တရုတ်နှင့် ရုရှားတို့ဖြစ်သော ကြောင့်    နှစ်နိုင်ငံစလုံးက   စောင့်ကြည့်နေကြကာ တရုတ်က မြောက်ကိုရီးယား အပေါ်ကို ပိုသြဇာရှိသည်။ ယခု တရုတ်ကလည်း မြောက်ကိုရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အထောက်အပံ့များ ပေးနေကာ နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယီပင်   မြောက်ကိုရီးယားသို့ ခရီးထွက်ခဲ့သေးသည်။

သမိုင်းတစ်လျှောက်   မြောက်ကိုရီးယားသို့   အမြင့်ဆုံး သွားရောက်ခဲ့သည့်  တရုတ် အရာရှိတစ်ဦး၏   ခရီးစဉ်အဖြစ်  မှတ်တမ်းဝင်ခဲ့ကာ နျူကလီးယား ဆွေးနွေးပွဲများကို     ထောက်ခံ လိုသောကြောင့်ဟု တရုတ်တို့က ဆိုသည်။ သို့သော် ထိုနှစ်နိုင်ငံကြားတွင် အပြန်အလှန်နားလည်မှု ယူထားကြသည့် အရာများ ရှိနိုင်သည်။   ကင်ဂျုံအွန်ကလည်း  မကြာသေးမီက ပေကျင်းသို့သွား၍  တရုတ် သမ္မတ  ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့ပြီး   ဝမ်ယီကလည်း ပြုံယမ်းထိသွားပြီး  ကင်ဂျုံအွန်နှင့်  တွေ့ဆုံခဲ့ကြသော ကြောင့်ဖြစ်သည်။ ယခု   မြောက်ကိုရီးယားဘက်မှလည်း  ထရမ့်နှင့် တွေ့ဆုံရန် နှစ်ကြိမ်အထိ ပွဲဖျက်စကားနှင့်ခြိမ်းခြောက် စကားများ ပြောနေပြန်သောကြောင့် မေလဆွေးနွေးပွဲမှာ ဖြစ်မှဖြစ်လာပါတော့မလား ဆိုသည့် စိုးရိမ်စရာသံသယ စကားများ  ထွက်လာနေပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။    ။                      

ရှိန်းထက်(မြ၀တီ)

No comments:

Post a Comment