Latest News

Friday, May 18, 2018

ဆီးချိုကြောက်လျှင် လမ်းလျှောက်ပါ

ဆီးချိုကြောက်လျှင် လမ်းလျှောက်ပါ

တက္ကသိုလ်တစ်ခုမှ ကထိကဆရာတစ်ဦးသည် စာရေးစာဖတ်များ၊ အထိုင်များ လမ်း လျှောက် နည်းသူဖြစ်သည်။ တစ်နေ့တွင် ဘယ်ဘက်မျက်လုံးအိမ်မှ   စာကြည့်တိုင်း အောင့်လာသဖြင့် မျက်စိအထူးကု ဆရာဝန်နှင့် ပြသသောအခါ တိမ်ရှိနေပြီး ခွဲရမည့် အဆင့်ဖြစ်နေသည်။

ထိုတိမ်ကို ခွဲစိတ်ကုသရန် သွေးစစ်သောအခါမှ  သူ့တွင် ဆီးချို သွေးချို ရောဂါဝင်နေပြီဖြစ်ကြောင်း သိရသဖြင့် အထွေထွေရောဂါကု သမားတော်နှင့် ပြသရပြန်သည်။ အမှန်တော့ မိမိမှာ မျိုးရိုး လည်းမရှိသဖြင့် အမှတ်မထင်နေရာမှ မျက်စိကုသရန် စစ်သောအခါ  ဆီးချိုသွေးချိုကို အရင်ကုသခဲ့ရခြင်း ဖြစ်လေသည်။ ဆီးချိုဟု အများခေါ်နေကြသောရောဂါမှာ အမှန်စင်စစ် ဆီးတွင်မသိသာ သွေး စစ်ကြည့်သော အခါမှ သွေးတွင်းသကြားဓာတ်မှာ လိုသည်ထက် ပိုနေသည်ကို တွေ့ရခြင်းဖြစ်သည်။

ဆီးချိုရောဂါ၏ အဆင့်ကို သွေးစစ်ကြည့်ခြင်းဖြင့်သာ ဆုံးဖြတ်နိုင်သည်။ အချို့မှာ ဘိုးဘွား အမွေအနှစ်အဖြစ် မျိုးရိုးမှရခဲ့ခြင်းဖြစ်သည်။ အချို့မှာ မိမိကိုယ်တိုင်၏ အနေအထိုင်၊ အစားအသောက်၊ ဓလေ့ စရိုက်ကြောင့်ဖြစ်ရသည်။

အချိုအစားများ၍ ဆီးချိုဖြစ်သည်ဟု ထင်ကြမည်ဖြစ်သော်လည်း ဆရာဝန်ကြီးများ၏ အတွေ့အကြုံများအရ လမ်းလျှောက်နည်းသူ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မလုပ်သူ၊ အဆီအအိမ့်ကြိုက်သူ၊ အအေးကြိုက်သူ၊ ဇိမ်ခံသူများတွင် ပို၍ ဆီးချိုရောဂါ ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိ ရသည်။ အာယုဗေဒ ဆေးပညာနှင့် မြန်မာ့ဆေးပညာ အလိုအရ ပထဝီဓာတ်နှင့် အာပေါဓာတ် နှစ်မျိုးတွဲ၍ လွန်ကဲသူများတွင် ''မဓုပမေဟ'' ခေါ်   ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေရှိသည်။

မိမိခန္ဓာကိုယ်တွင် အလေးချိန်တိုးလာလျှင် ပထဝီဓာတ် လွန်ကဲလာသည်ဟု သတိပြုမိနိုင်ပြီး ဗိုက်ရွှဲခြင်း၊ကုပ်ပိုးတက်ခြင်း၊ မေးအောက် အသားတွဲပြီး ဖောင်းအိလာခြင်း၊ ဆီးမကြာ ခဏသွားလိုခြင်းတို့ ဖြစ်လာပါက ပထဝီနှင့် တွဲပြီး အာပေါဓာတ်ပါ လွန်ကဲလာပြီဟု သိနိုင် လေသည်။ နောက်ဆက်တွဲအဖြစ် သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြော ရောဂါများဖြစ်လာ နိုင်သဖြင့် သတိပြုသင့်သည်။ ခန္ဓာကိုယ် ဝဖြိုးလာသူများ သွေးတိုးနှင့် ဆီးချိုသွေးချိုရောဂါ ကာကွယ်ရန်  ပထမအဆင့်မှာ    ဆေးစားရန် မလိုသေးပါ။

နေ့စဉ်  လမ်းမှန်မှန်လျှောက်ရန် ဖြစ်သည်။ နံနက်စောစော အိပ်ရာမှထပြီး   နှစ်မိုင်ခန့် လမ်းလျှောက်ပါ။   နံနက်စောစောထရန် အဆင်မပြေပါက ညနေအလုပ်နားချိန်တွင် တစ်နာရီခန့် လမ်းလျှောက်ခြင်းကို နေ့စဉ် ပြုလုပ်သင့်သည်။ စက်ဘီးစီးခြင်းနှင့်  မြန်မာ့ရိုးရာ ခြင်းခတ်ကစားနည်း များသည်လည်း ရောဂါကာကွယ်ရေး အတွက် ထိရောက်စွာ အထောက်အကူ ပြုနိုင်သည်။  ။

MWD

No comments:

Post a Comment