Latest News

Wednesday, May 30, 2018

မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ်ဝင်ရောက်တိုက်ခတ်မှု ကြောင့် အိမ်ခြေ ၁၃၉ဝ ကျော် ဘေးသင့်

မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ်ဝင်ရောက်တိုက်ခတ်မှု
ကြောင့်  အိမ်ခြေ  ၁၃၉ဝ ကျော် ဘေးသင့်

နေပြည်တော်   မေ   ၃ဝ

ဘင်္ဂလားပင်လယ်အော်တွင်   ဖြစ်ပေါ်ခဲ့သည့်   အပူပိုင်းမုန်တိုင်းငယ်သည်   မေ  ၂၉  ရက်က ရခိုင်ကမ်းရိုးတန်းဒေသမှတစ်ဆင့်   ကုန်းတွင်းပိုင်းသို့      ဖြတ်ကျော်ဝင်ရောက် မှုကြောင့် မေ ၃ဝ ရက် ညနေပိုင်းအထိ မြို့နယ်အသီးသီးမှ အိမ်ခြေ  ၁၃၉၇  လုံး ဘေးသင့် ခဲ့ကြောင်း လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ခြေ ၄၃ အိမ်ဘေးသင့် ခဲ့ကာ လူသုံးဦးသေဆုံးခဲ့သည်။ အလားတူ မကွေးတိုင်းဒေသကြီးတွင် ၄၄၇ အိမ်၊ ပဲခူး တိုင်းဒေသကြီးတွင် ၉၁ အိမ်၊ ကရင်ပြည်နယ်တွင် ၁၉ အိမ် ၊ မွန်ပြည်နယ်တွင် ကိုးအိမ်၊ မ္တလေးတိုင်းဒေသကြီးတွင် သုံးအိမ်၊ နေပြည်တော်တွင် နှစ်အိမ်နှင့် ရန်ကုန်တိုင်းဒေသကြီး တွင် ၇၈၃ အိမ် စုစုပေါင်း အိမ်ခြေ ၁၃၉၇ အိမ် ပျက်စီးခဲ့ကာ လူဦးရေ ၄၆၆၄ ဦး ဘေးသင့် ခဲ့ပြီး လေးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနှင့် သေဆုံးထောက်ပံ့မှု စုစုပေါင်း ငွေ$ကျပ် ၁၃၉၄၉ဝဝဝ နှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ$ကျပ် ၁ဝ၇၃၈၄ဝ၄ ကို ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကာ ထိခိုက်ဆုံးရှုံးမှုများအား ဆက်လက်စိစစ်ဆဲဖြစ်ပြီး ထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ

No comments:

Post a Comment