မော်လမြိုင် မေ ၃ဝ
မိန်ဗလာတောင် စူးစမ်းလေ့လာမှုနှင့်ပတ်သက်၍ ဒေသခံ များအတွက် အန္တရာယ်တစ်စုံတစ်ရာ လုံးဝစိုးရိမ်စရာမရှိ ကြောင်း၊ ပြည်သူအတွက် စိုးရိမ်စရာအခြေအနေရှိလျှင် ခွင့်ပြုပေးထားမည်မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံက မေ ၂၉ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်း အဝေး (ပထမနေ့) အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ထိုင်း-မြန်မာ သေမင်းတမန် မီးရထားလမ်းဖောက်လုပ်ခဲ့စဉ်က မွန်ပြည်နယ် သံဖြူဇရပ်မြို့အနီးရှိ မိန်ဗလာတောင်သည် ဂျပန်တို့ အဓိကစစ်အခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့ပြီး ¤င်းတို့ တည်ဆောက်ခဲ့သည့် မြေကတုတ်ကျင်းများ၊ လျှိုမြောင် များကို ယနေ့ထိ တွေ့မြင်နိုင်ဆဲဖြစ်သည်။
ဂျပန်ရတနာသိုက်ရှိနေသည်ဟု ဒေသခံများက ယုံကြည်ထားကြသော အဆိုပါ မိန်ဗလာတောင် စူးစမ်း လေ့လာခွင့်ကို Royal Eagle Development Group Co.,Ltd က ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် စီမံကိန်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းကြောင့် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
''နှစ် ၇ဝ ကျော်ကြာပြီးခဲ့တဲ့ ယမ်းအားတစ်ခုရဲ့ ပေါက်ကွဲမှုက ဘယ်လောက်ထိပြင်းထန်နိုင်မလဲ၊ ပြည်သူ တွေ လုံးဝစိုးရိမ်စရာမရှိပါဘူး၊ ပြည်သူတွေအတွက် အန္တရာယ်တစ်စုံတစ်ရာဖြစ်နိုင်ရင် ခွင့်ပြုပေးမှာလည်း မဟုတ်ပါဘူး'' ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြော သည်။
မိန်ဗလာတောင် စူးစမ်းလေ့လာရန် ကုမ္ပဏီငါးခုက ပြည်နယ်အစိုးရသို့ လာရောက်ဆွေးနွေး ကမ်းလှမ်းခဲ့ သော်လည်း လက်ရှိကုမ္ပဏီတစ်ခုသာ တိကျခိုင်လုံစွာ တင်ပြနိုင်ခြင်းရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ထိန်းသိမ်းရေးကော်မတီ ထောက်ခံစာများ ပါရှိ သဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
''လာပြီးကမ်းလှမ်းကြတာက ဒဏ္ဍာရီဆန်ဆန်ပဲ လာပြောကြတာများတယ်၊ ပြည်နယ်အနေနဲ့လည်း မိန်ဗလာတောင်တွင်းမှာ အမှန်တကယ် ရတနာပစ္စည်း တွေ ရှိ မရှိ သိသင့်တာကြောင့် ခွင့်ပြုပေးခဲ့တယ်၊ အများ ဆုံး သုံးလအထိသာ ခွင့်ပြုလိုက်တာဖြစ်ပါတယ်၊ တွေ့ခဲ့ ရင် စူးစမ်းလေ့လာနေတဲ့ စီမံကိန်းကို ချက်ချင်းရပ်မယ်၊ မတွေ့ခဲ့ရင်လည်း နဂိုနေအတိုင်းပြန်လုပ်ပေးဖို့၊ သစ်ပင် တွေ ပြန်စိုက်ပေးဖို့ သဘောတူထားပြီးဖြစ်ပါတယ်'' ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောပြသည်။
စူးစမ်းလေ့လာရေးအတွက် ပြည်ထောင်စုသို့ အကြောင်းကြားဆောင်ရွက်နေခြင်းဖြစ်ကာ စီမံကိန်း ကုန်ကျစရိတ်အတွက် ကုမ္ပဏီဘက်က အားလုံးကျခံရ မည်။ အကယ်၍ တွေ့ရှိပါက အစိုးရ ၇ဝ ရာခိုင်နှုန်း၊ ကုမ္ပဏီ ၃ဝ ရာခိုင်နှုန်း အကျိုးခံစားခွင့်ဖြင့် သဘောတူ ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းမှ ဂျပန်စစ်ကြောင်းများ ဆုတ်ခွာချိန်တွင် တစ်နိုင်ငံလုံးမှ သိမ်းဆည်းထားသော ကျောက်သံပတ္တမြားတို့ကို သယ်ယူချိန်မရသဖြင့် မိန်ဗလာတောင်အောက်တွင် မြှုပ်နှံခဲ့သည်ဟု ဒေသခံ များက ယနေ့ထိ လက်ခံယုံကြည်နေကြဆဲဖြစ်သည်။
မြန်မာ့အလင်း၊မြတ်မွန်ထွေး
No comments:
Post a Comment