Latest News

Thursday, May 3, 2018

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီ ခရီးစဉ်မှ အပိုင်းအစများ ( ၁၇ )


မြတ်မေတ္တာသင်္ဘောကြီးဟာ လပွတ္တာမြို့ကို ဝင်ရောက်လို့ လာနေခဲ့ပါပြီ။ရွေးမြစ်ပြင်ပေါ်မှာ နေလုံးနီနီကလဲ ရေသောက်ဆင်းလုလု အချိန်ဆိုပါတော့။

သင်္ဘောအပေါ်ထပ်ဦးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို ခေါ်ပြီးတွေ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့အားလုံးကို ဒီမိုကရက်တစ်ဖြစ်ဖို့ ဒီမိုကရေစီစိတ်ထားရှိဖို့ လမ်းညွန်ပါတယ်။ဒီမိုကရက်ဖြစ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ်နဲ့မတူတာ မတိုက်ဆိုင်တာတွေကို နားလည်လက်ခံပေးနိုင်တာပါပဲ။တနည်းဆိုရရင် ကျယ်ပြန့်စွာ မဟာမိတ်ပြုရတဲ့သဘောပါ။၈၈ မြန်မာ့အရေးတော်ပုံအလွန် ၈၉ တိန်အန်မင်ရင်ပြင်အလွန်လ ၉၀ ဂေါ်ဘာချော့ အလွန် ကမ္ဘာကြီးဟာ ဗဟုဝါဒခေတ်ပဲမဟုတ်လား။

အန်ကယ်ဦးကြည်မောင်ကလဲ ကျွန်တော်တို့ကို FLEXIBLE MOBILE ဖြစ်ဖို့မှာကြားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ ကျွန်တော်တို့တစ်ဖွဲ့သားလုံး ရန်သူရဲ့ စက်သေနတ်ပြောင်းတွေကြားက သွားနေရတာဖြစ်ပါတယ်။ဒီတော့ ကျွှန်တော်တို့ ပျော့ပျောင်း ညင်သာဖို့လိုတယ်။ညွှတ်နိုင်ကွေးနိုင်ဖို့လိုတယ်။

ကျွန်တော်တို့ဟာ ရန်သူရဲ့ ဗျူဟာကြားမှာ ကိုယ့်သဘောထား ကိုယ့်အမြင်ကို တရားသေ ကျောက်ချဆုပ်ကိုင်ထားလို့မရဘူး။အခြေအနေအချိန်အခါအရ ကျွန်တော်တို့ဘက်က တက်သာဆုတ်သာ ရှိရမယ်။ရွှေ့လွယ်ပြောင်းလွယ် ရှိရမယ်။အဲဒါ FLEXIBLE ဖြစ်ဖို့ MOBILE ဖြစ်ဖို့ အန်ကယ်ဦးကြည်မောင်က သင်ကြားပေးလိုက်တာပါ။

သဘောတရားနဲ့ လက်တွေ့သင်ခန်းစာ တစ် ဟာ လပွတ္တာမြို့အဝင်မှာ စတော့တာပါပဲ။

ကျွန်တော်တို့ မြတ်မေတ္တာသင်္ဘောဟာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း နဂါးနီသီချင်း သုံရောင်ချယ်သီချင်း နိုင်မြန်မာရဲ့ကမ္ဘာမကြေဘူးသီချင်းတွေကို မြိုင်မြိုင်ဖွင့်ပြီး မြို့တွေ ရွာတွေ ဆိပ်ကမ်းတွေကို ဝင်လာတတ်ပါတယ်။ဒါဟာ ကျွန်တော်တို့ ရန်သူကို သီချင်းနဲ့ စီးချင်းထိုးတဲ့ သဘောပေါ့…………
ဆက်ရန်

အောင်ဝေး

No comments:

Post a Comment