Latest News

Tuesday, May 15, 2018

ခေတ်နှစ်ခေတ် ထောင်သုံးထောင် နိုင်ငံရေးအကျဉ်းသားဟောင်း မောင်မှိုင်းလွင် (ခ) ဦးတင်အေးကြူနှင့် တွေ့ဆုံခြင်း


ကျွန်တော် ထောင် ၁၄ နှစ် ကျခဲ့တယ်၊
ဒါပေမဲ့ ထောင်ထဲမှာ ၁၆ နှစ် နေခဲ့ရတယ်...

ခေတ်နှစ်ခေတ် ထောင်သုံးထောင် နိုင်ငံရေးအကျဉ်းသားဟောင်း မောင်မှိုင်းလွင် (ခ) ဦးတင်အေးကြူနှင့် တွေ့ဆုံခြင်း

သန်းနိုင်ဦး

မန္တလေးမြို့မှာလုပ်တဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အခမ်းအနားတိုင်းမှာ အသားညိုညို၊ အရပ်မြင့်မြင့် အသက်(၆ဝ) ဝန်းကျင်အရွယ် အမျိုးသားကြီးတစ်ယောက်ကို အမြဲမြင်တွေ့ရတယ်။ ဆေးပေါ့လိပ်ကို အမြဲခဲထားတဲ့ သူ့ ဟန်ပန်က တည်ငြိမ်တယ်။ သူက ကဗျာ စာအုပ်လုံးချင်းတွေလည်း ထွက်ခဲ့ဖူးသလို နှစ်ရှည် နိုင်ငံရေးအကျဉ်းသားအဖြစ် အင်းစိန်ထောင်၊ နန်းတွင်းထောင်နဲ့ အိုးဘိုထောင်တွေမှာ ဆယ်စုနှစ်နဲ့ချီပြီး ကျခံခဲ့ရသူ ဖြစ်တယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ဆိုးသွမ်းကျောင်းသားများဆိုပြီး သူ့ ဓာတ်ပုံကို အစိုးရထုတ် နေ့စဉ်သတင်းစာမှာ ဖော်ပြခံခဲ့ရသလို စစ်အစိုးရလက်ထက် ထုတ် ဝေခဲ့တဲ့ စာအုပ်အနီမှာလည်း ဓာတ်ပုံနဲ့တကွ ဖော်ပြခံခဲ့ရသူ ဖြစ်တယ်။
၁၉၇၆ မှိုင်းရာပြည့်မှာ ပါဝင်ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသူဖြစ်တယ်။ ရန်ကုန် စက်မှုတက္ကသိုလ်ကနေ ကျောင်းထုတ်ခံရပြီး HGP (အထက် တန်းရှေ့နေ) လိုင်စင်ရယူခဲ့သူ ဖြစ်တယ်။

၁၉၈၈ အရေးတော်ပုံမှာ မန္တလေးတိုက်ပွဲဝင် ရှေ့နေများ သမဂ္ဂ၊ ၁၉၉ဝ ရွေးကောက်ပွဲမှာ မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံရေးတပ် ပေါင်းစု (မနတ) ပါတီမှာ စီအီးစီအဖြစ် ပါဝင်ခဲ့သူဖြစ်တယ်။ စစ်အစိုးရက ပါတီဖျက် သိမ်းပြီး ပါတီဝင်တွေကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။
ပထမအကြိမ် မှိုင်းရာပြည့်မှာ ထောင်ကျခံခဲ့ရတယ်။ ထောင်ကလွတ်အပြီး ဗကပနဲ့ အဆက်အသွယ်ရရှိပြီး တတိယအကြိမ် ပါတီကွန်ဂရက် လေ့လာသူအဖြစ် တက်ရောက်ဖို့ အရှေ့မြောက်ဒေသကို သွားရောက်ခဲ့တယ်။ စစ်ထောက်လှမ်းရေးတွေရဲ့ ပိတ်ဆို့ဟန့်တားမှုတွေကို နည်းအမျိုးမျိုးနဲ့ ကျော်ဖြတ်ပြီး အရှေ့မြောက်ဒေသ ရောက်အောင်သွားခဲ့တယ်။
RIT ကျောင်းပြန်တက်ခွင့် မရခဲ့တဲ့ ထောင်ထွက်ကျောင်းသားက မန္တလေးတက္ကသိုလ်မှာ သမိုင်းအဓိက ကျောင်းသားအဖြစ် စာပေးစာယူနဲ့ ပညာကို ဆက်လက်သင်ယူ ပြန်တယ်။ ဒါတင်မကသေးဘူး။ HTP သင် တန်းတက်ရောက်အောင်မြင်ပြီး ရှေ့နေအဖြစ် အသက်မွေးခဲ့ပြန်တယ်။ ၈၈ အရေးတော်ပုံ ကာလမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ မန္တလေး အခြေစိုက် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ပါတီမှာ ပါဝင်ခဲ့တယ်။ မနတပါတီ ဖျက်သိမ်း ခံရပြီး ထောင်ချခံရပြန်တယ်။ ဘဝတစ်လျှောက်လုံး စစ်အာဏာရှင်တွေရဲ့ မျက်လုံး ဒေါက်ထောက် အကြည့်ခံခဲ့ရပေမယ့် သူယုံကြည်ရာကို မဆုတ်မနစ် လုပ်ခဲ့သူဖြစ်တယ်။

နိုင်ငံရေးစနစ်တွေကို ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ ဒီနေ့ခေတ် နိုင်ငံရေးသုံးသပ်ချက်တွေ ဘယ်လိုရှိသလဲ။ ဒီနေ့ခေတ် နိုင်ငံရေးကို သူဘယ် လိုမြင်သလဲ။ သူ့ရဲ့ နိုင်ငံရေးသမားကောင်း စံတွေက ဘာတွေဖြစ်မလဲ။

သူက မောင်မှိုင်းလွင်(အင်းဝ) ခေါ် ဦးတင်အေးကြူ ဖြစ်ပါတယ်။
မောင်မှိုင်းလွင် (အင်းဝ)ကို သူ့ရဲ့ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးဖြတ်သန်းမှု၊ စစ်ကြောရေးနဲ့ ထောင်တွင်း အတွေ့အကြုံတွေ မေးမြန်းနိုင်ဖို့ တွေ့ခွင့် တောင်းပါတယ်။ မေးခွန်းတွေ ပြင်ဆင်လာခဲ့ဖို့ သူက အကြောင်းပြန်ပါတယ်။ မန္တလေးမြို့ ရတနာပုံဈေးအနီးက မောင်မှိုင်းလွင်နေထိုင်ရာ ၇၅ လမ်း နေအိမ်ကို သွားရောက် တွေ့ဆုံ မေးမြန်းပါတယ်။ နေအိမ်အောက်ထပ်က ဧည့်ခန်းအတွင်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပန်းချီကား၊ သခင်ဗဟိန်း ပန်းချီ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ ချိတ်ဆွဲထားတယ်။ အိမ်အဝင်ဝမှာ စာအုပ်ဗီရိုကြီးတွေက ဟည်းထနေတယ်။
သူပါဝင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကပေးတဲ့ ဂုဏ်ပြုလက်မှတ်အချို့ကို မှန်ပေါင် သွင်း ချိတ်ဆွဲထားတယ်။ သူကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားအချို့နဲ့ ပန်းချီဆရာ အချို့ရဲ့ ပန်းချီကားချပ်တွေလည်း ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားပါတယ်။ တွေ့ဆုံမေးမြန်းမှုကို တော်လှန်သော ကျောင်းသားဘဝ (၁၉၇၆ မှိုင်းရာပြည့်)က စတင်ခဲ့ပါတယ်။

Speaker ။ ။ စက်မှုတက္ကသိုလ်ကျောင်းသား မောင်မှိုင်းလွင်(အင်းဝ)ကို မှိုင်းရာ ပြည့်မှာ ပါဝင်စေဖို့ ဘယ်အရာတွေက တွန်းအား ဖြစ်စေခဲ့ပါသလဲ။

MML ။ ။ တစ်ခွန်းတည်း ပြောရရင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ရည်ရွယ်ချက်က တိုက်တွန်းပေးလိုက်တာပါ။ ဒီနေရာမှာ ဖြတ်သန်းမှုလေး နည်းနည်းဖြည့်စွက်ပြောမှ ပိုပြီးပြည့်စုံမယ် ထင်တယ်ဗျ။ ကလေးကတည်းက ကဗျာကို စိတ်ဝင်တစား ရှိခဲ့တယ်။ ဒေသသား ကဗျာဆရာကြီးတွေ ဖြစ်တဲ့ (ကို)ကြည်အောင်၊ (ဦး) ကိုလေး(အင်းဝဂုဏ်ရည်) တို့ ကဗျာတွေဖတ်ပြီး ကြီးပြင်းခဲ့ရတာ။ နောက်.... မန်းတက္ကသိုလ် ကလောင်ရှင်များပေါ့။ ဆရာတင်မိုး၊ မောင်စွမ်းရည်၊ အဲဒီနောက်မှာ ဒဂုန်တာရာ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပေါ့လေ။ ချုပ်ပြော ရရင် အမှန်တရားမြတ်နိုးစိတ်၊ တော်လှန်လို စိတ်၊ ပြည်ချစ်စိတ်တွေကို ကဗျာက ရခဲ့တာ ပါ။
အဲဒီလိုနဲ့ မန္တလေး အထက(၁)က ဆယ်တန်းအောင်၊ ၁၉၆၉ ခုနှစ်မှာ ရန်ကုန် စက်မှုတက္ကသိုလ် RIT ကိုရောက်တယ်။ RIT က သင်ရတဲ့ပညာနဲ့ မလိုက်ဖက်အောင် အနုပညာတွေ ပွင့်လန်းလွန်းလှတယ်။ အပတ် စဉ် ထုတ်ဝေတဲ့ စာကူးစက်စာစောင် 'စက်မှု သတင်းစဉ်'မှာ ကဗျာတွေ ရေးကြရင်း ဝါသနာတူတွေ စုစည်းမိကြတယ်။ စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူသူတွေ စုမိကြပြီး ကျောင်းရှေ့ ဘီပီအိုင်မှတ်တိုင်မှာ စွယ်တော်ရိပ်ဆိုတဲ့ စာအုပ်အငှားဆိုင်လေး ဖွင့်ဖြစ်ကြတယ်။ ပြည်သူ့ဘက်သား စာရေးဆရာတွေရဲ့ စာအုပ်တွေဆို စီးရီးလိုက်ရှိတယ်။ အဲဒီမှာပဲ အုပ်စုဖွဲ့၊ တိုးတက်တဲ့ သဘောတရားတွေကို စုပေါင်းလေ့လာ၊ နိုင်ငံရေး စာပေလှုပ်ရှားမှုတွေ လုပ်ကြတာပေါ့ဗျာ။

Speaker ။ ။ စက်မှုတက္ကသိုလ် ကျောင်းသားဘဝကနေ တော်လှန်ရေးမှာ ဘယ်လိုလုပ် ပါဝင်ဖြစ်သွားတာလဲဗျ။

MML ။ ။ ၁၉၇၄ ဖွဲ့စည်းပုံထွက်လာတော့ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ဆွဲတဲ့ ဥပဒေဆိုပြီး ဆန့်ကျင်ကြတယ်။ အဲဒီ ခေတ်က ကျောင်းသားတိုင်းရဲ့ နှလုံးသားမှာ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်တွေ အပြည့်ဗျ။ စစ် အာဏာရှင်စနစ်ဆိုရင် တူးတူးခါးခါးပဲ။ ဒီလိုနဲ့ ၇၄ ဇွန် အလုပ်သမား၊ ၇၄ ဒီဇင်ဘာ ဦးသန့်၊ ၇၅ ဇွန် အလုပ်သမားသပိတ် နှစ်ပတ်လည်တွေ ဆက်တိုက်ပေါ်လာတော့တာပဲ။
ဆဲဗင်းဂျူလိုင်ကစလို့ ၇၅ သပိတ်ထိ စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြရင်း ကျဆုံးသူ၊ ထောင်ကျသူ၊ တောခိုသူ ကျောင်းသားအရေအတွက်က နည်းမှ မနည်းဘဲ။ အဲဒီအနာတွေက မှိုင်းရာပြည့် ပေါက်ဖွားစေမယ့် လောင်စာတွေပဲ။ လတ်တလော တွန်းအားဖြစ်စေတဲ့ အကြောင်းကတော့ အဆောင်ကြေး ၅၇ ကျပ်ကနေ ၁၂ဝ တိုးလိုက်တဲ့ ကိစ္စပါပဲ။
ကျွန်တော်တို့ တက္ကသိုလ်ခေတ် သပိတ်တိုင်းလိုလိုမှာ ပါဝင်လှုပ်ရှားခဲ့ပေမယ့် မသေဘူး။ ထောင်မကျခဲ့ဘူး။ ရှေ့သပိတ်သုံးခုလုံးမှာ ရဲဘော်သူငယ်ချင်းတွေထဲက သေသူသေ၊ ထောင်ကျသူကျ၊ တောခိုသူ ခိုပေါ့ဗျာ။ ကျွန် တော်ကတော့ မှိုင်းရာပြည့်ကျမှ အဖမ်းခံရပြီး ထောင်ကိုးနှစ်ကျခဲ့တာပါ။

Speaker ။ ။ မဆလခေတ်နဲ့ နဝတခေတ် ခေတ်နှစ်ခေတ်ရဲ့ စစ်ကြောရေး၊ တရားစီရင်ရေးတွေ ဘယ်လိုကွာခြားပါသလဲ။

MML ။ ။ အဲဒီခေတ် နှစ်ခေတ်မှာ ထောင်နှစ်ခါ ကျခဲ့တယ်ပေါ့ဗျာ။ မဆလခေတ် မှိုင်းရာပြည့်မှာ တင်အေးကြူပါ (၃၂) ဦးဆိုပြီး ထောင်ကိုးနှစ်။ ၂/၈ဝ နိုင်ငံတော် လွတ် ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်သက်လေးနှစ် နှစ်လ ရှစ်ရက်ပဲ နေခဲ့ရပါတယ်။ နဝတ ခေတ်မှာ ၄၈၂၈ နဲ့ ဆက်သွယ်တယ်ဆိုပြီး တင်အေးကြူ (ခေါ်) မှိုင်းလွင်ပါ ၄၂ ဦး အမှုက ထောင်ဒဏ် ၁၄ နှစ်။ ၉၃ နိုင်ငံတော် နဲ့ လေးနှစ်လျှော့ပြီး ၁ဝ နှစ် အတည်ဖြစ်ခဲ့ တယ်။ ထောင်လက်စွဲ ဥပဒေက အကျဉ်းသား တစ်ယောက်ကို သုံးပုံတစ်ပုံ လျှော့ရက်ပေးရ မယ်ဆိုတာ ပါတယ်။ ဒါပေမဲ့ စစ်အာဏာ ရှင်တွေက တစ်တိုင်းပြည်လုံးကိုတောင် လူ့ အခွင့်အရေး မပေးသေးတာ ထောင်ကျတစ် ယောက်ကို အကျဉ်းသားအခွင့်အရေး ဘယ် ပေးပါ့မလဲ။ ၁ဝ နှစ် အပြည့် နေစေပေါ့ဗျာ။ ၁ဝ နှစ်ပြည့်တော့လည်း လွတ်မပေးသေးဘဲ ၁ဝ(က) နဲ့ ဆက်ချုပ်ထားသေးတာ။ မန္တလေး အိုးဘိုထောင်မှာ လွတ်ရက်စေ့ပြီး လွှတ်မပေးဘဲ ၁ဝ(က) နဲ့ ဆက်ဖမ်းထားတဲ့ ငါးယောက်မှာ သုံးယောက်က စိတ်ကျန်းမာရေး ချို့ယွင်း ကုန်တယ်။ ထောင်ဒဏ် ၁၄ နှစ်ကျတဲ့ ကျွန်တော်က ၁၆ နှစ် နေခဲ့ရတာပေါ့။ ကိုယ်ဝန်နဲ့ ထားခဲ့တဲ့ ကလေး ၁ဝ တန်းအောင်ပြီးမှ လွတ်တော့တာ။
နှစ်ခေတ်စလုံးမှာ တရားစီရင်ရေးက ကျွန်တော်ကြုံခဲ့ရတာ စစ်ခုံရုံးပါ။ တရားခံရဲ့ ခုခံချေပပိုင်ခွင့်မပေး၊ ရှေ့နေငှားခွင့် မရှိ။ အများပြည်သူ့မျက်ကွယ် ထောင်တွင်းမှာပဲ အထက်အမိန့် ချိတ်ပိတ်စာအိတ်ကို ဖွင့် ဖောက်ပြီး ဖတ်ပြလိုက်တာပါပဲ။ ထုံးစံအတိုင်း တစ်ဦးချင်းစီကိုတော့ အပြစ်ရှိလား၊ မရှိဘူး လား မေးတာပေါ့လေ။ ဘယ်လိုဖြေဖြေ ဘာမှ မထူးခြားပါဘူး။ အုပ်စုချင်း စိတ်ဝမ်းကွဲအောင် အရပ်ဘက်တရားရုံးမှာ ဖြောင့်ချက်ပေးခိုင်း တာတော့ ရှိတယ်။ ချော့မော့ပြီး လွှတ်မယ်၊ ပြစ်ဒဏ်လျှော့မယ်ဆိုတဲ့ မက်လုံးတွေနဲ့ပေါ့။ ဖြောင့်ချက်ပေးလည်း ထောင်ချတာပါပဲ။
ခေတ်နှစ်ခေတ်ရဲ့ စစ်ကြောရေးကတော့ တော်တော်လေး ကွဲပြားပါတယ်။ ၇၆ ကာလ က စစ်အာဏာရှင် တန်ခိုးထွားနေချိန်၊ ၈၉ ကျတော့ စစ်အာဏာရှင် ဖရိုဖရဲဖြစ်နေချိန်၊ မဆလခေတ် စစ်ကြောရေးက စည်းစနစ်ကျ တယ်။ လူတစ်ယောက်ကိုစစ်ရင် စစ်ထောက် လှမ်းရေး သုံးရစ်၊ သတင်းတပ်ဖွဲ့က တစ်ပွင့်နဲ့ နှစ်ယောက်တွဲ စစ်တယ်။ အမာနဲ့ အပျော့၊ အကြမ်းနဲ့ အနုပေါ့၊ တရားခံ အမှုတွဲတွေကို လူခွဲပြီး စစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ခွင့်မပေးဘူး။ တကွဲစီထားပြီး အခန်းခွဲ စစ်တယ်။ လုပ်ရပ်တစ်ခုတည်းမှာပဲ ထွက်ဆို ချက် မှားနေရင် တရားခံတွေကို ပြန်စုပေး တယ်။ တစ်ခန်းတည်း အတူနေစေပြီး ထွက် ဆိုချက်ကို ညီစေတယ်။ ချုပ်ပြောရရင် ပေါ် အောင် စစ်နိုင်တယ်ပေါ့ဗျာ။ လက်ရေးလက် သား စစ်ဖို့လိုရင်လည်း စီအိုင်ဒီက လက်ရေး ပါရဂူ ကိုယ်တိုင်လာပြီး စစ်ဆေးတယ်။
နဝတခေတ်ရောက်တော့ စစ်ကြော ရေးကာလမှာ အက်စ်ဘီ (သတင်းတပ်ဖွဲ့)ကို မသုံးတော့ဘူး။ စစ်ထောက်လှမ်းရေးက ချည်း စစ်တယ်။ ရိုက်ပြီး၊ နှိပ်စက်ညှဉ်းပန်းပြီး ဝန်ခံခိုင်းတဲ့ အလုပ်ပဲ တတ်တာ။ ပေါ်အောင် မစစ်နိုင်ဘူး။ အဲဒါကြောင့် ၁၉၈၉ ဗကပ ယူဂျီကိစ္စ မုံရွာက စပေါက်တာ။ မန္တလေး ရောက်တော့ အစဖျောက်နိုင်ခဲ့တယ်။ နောက် နှစ်လလောက်နေမှ ရန်ကုန်ကပေါက်မှခံလိုက် ရတာ။ ဆဲလ်တစ်ခုတည်းက လူသုံးယောက် မိထားတာ။ တစ်ယောက်က တိမ်းရှောင်နေ တာ သူတို့ အသိ။ အဲဒါကို သူတို့ပေါ်အောင် မဖော်နိုင်ခဲ့ကြဘူး။ ဒါကြောင့်လည်း ကျွန် တော်တို့ ဖမ်းပြီး တစ်နှစ်ကျော်ကြာမှ ဘိုညို (စာရေးဆရာ ညီပုလေး) ကို မိတာပေါ့။

Speaker ။ ။ ခေတ်နှစ်ခေတ်ရဲ့ ထောင် အတွေ့အကြုံတွေက ဘယ်လောက်ထိ ကွာ ခြားမှုရှိသလဲ။

MML ။ ။ ထောင်တွင်းအတွေ့အကြုံက မဆလခေတ်မှာ ရက်စက်တယ်။ ကျွန်တော်တို့ ကို ထောင်ထဲ တိုက်ပိတ်ထားတယ်။ မနက် မိလ္လာချတစ်ခါ၊ ရေချိုးတစ်ခါ၊ ညနေမိလ္လာချ တစ်ခါပဲ တံခါးဖွင့်ပေးတယ်။ ထမင်းဝေတာ တောင် သံတိုင်ကြားက ဝေတာ။ ဗိုလ်နေဝင်း တက်လာခါစက အကျဉ်းသားတွေကို အေ၊ ဘီ၊ စီ ဆိုပြီး အတန်းခွဲထားသေးတယ်။ အစိုး ရ အဖွဲ့ဝင်များနဲ့ နိုင်ငံကျော်သူဌေးကြီးများက အေကလပ်၊ နိုင်ငံရေးသမား၊ စာရေးဆရာနဲ့ တက်ြ<ွကလှုပ်ရှားသူများက ဘီကလပ်၊ ရာဇ ဝတ်အကျဉ်းသားတွေကတော့ စီကလပ်ပေါ့။ အခွင့်အရေးချင်း မတူကြဘူး။ ကျွန်တော်တို့ ခေတ်ရောက်တော့ ထောင်နံပါတ်နောက်မှာ မျဉ်းစောင်း အက်စ်၊ သဘောကတော့ အထူး အကျဉ်းသားပေါ့ဗျာ။
ထောင်ကျခါစက ထောင်အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းရောင် ကျူထရံကွက် (ချည်ကျူ)ပေးတယ်။ နောက်တော့ အစိမ်းရောင်ပြောင် ပုဆိုးပဲပေးတယ်။ ပုဆိုးစိမ်းက တစ်ရေလောက် လျှော်လိုက်ရင် အရောင်ကျွတ်ပြီး ပုဆိုးဖြူ ဖြစ်သွားရော။ ဗိုလ်စိန်လွင် ပြည်ထဲရေးဝန် ကြီးဖြစ်လာတော့ ဆိုရှယ်လစ်စနစ်က တစ် တိုင်းပြည်လုံး မအောင်မြင်ချင်နေ ထောင်ထဲ မှာတော့ အောင်မြင်ရမယ်ကွဆိုပြီး နိုင်ငံရေး သမား၊ ကျောင်းသားတွေ အခွင့်အရေး မပေး နိုင်ဘူး။ ရာဇဝတ်သားနဲ့ တန်းတူတစ်ပြေးညီပဲ ဆိုပြီး ပုံစံထိုင်ခိုင်း၊ အလုပ်လုပ်ခိုင်းတွေ ဖြစ် ကုန်တယ်။
အဲဒီကာလ (၁၉၇၆)က အင်းစိန်ထောင် ထဲမှာ ကျွန်တော်သိသလောက် ကိုကိုးကျွန်း ပြန် သုံးယောက်ရှိတယ်။ ကိုမြအေး (ခမုံ)၊ ကိုထွန်းအောင်ကျော် (လိပ်ကလေး)၊ ကိုမြ အောင် (မြေနီကုန်း ညဈေး)။ သူတို့တွေက ၅၃ ရက်ကြာ အစာငတ်ခံ တိုက်ပွဲဆင်ပြီး အောင်ပွဲဝင်လာတဲ့သူတွေ။ သူတို့ဆီက ရတဲ့ အောင်ပွဲသတင်းရယ်၊ ရန်သူ့ရဲ့ ဖိနှိပ်မှုရယ် ထိပ်တိုက်တွေ့တော့တာပဲ။ အင်းစိန်ထောင် ထဲက နိုင်ငံရေးအကျဉ်းသားအားလုံး (မိန်း ကလေးတွေ အပါအဝင်) သပိတ်မှောက်ကြ တယ်။ အဓိက က ပုံစံကိုင်တဲ့စနစ် တိုက်ဖျက် ရေး၊ နိုင်ငံရေးအကျဉ်းသားအခွင့်အရေး ရရှိ ရေးပါပဲ။ အစာငတ်ခံ ဆန္ဒပြကြတယ်။
အဲဒီမှာ အာဏာပိုင်တွေက ရေဖြတ် ပစ်လိုက်တယ်။ ထောင်အုပ်ချုပ်ရေးမှာလည်း စစ်ထောက်လှမ်းရေးက ကိုင်တွယ်ထားတာ ကိုး။ ဗမာစကားမှာ ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်လို့ရှိတယ်။ ကျွန်တော် တို့ ရေမသောက်ဘဲ ခုနစ်ရက်လောက် နေနိုင် ခဲ့ကြတယ်။ ကြားရက်တွေမှ ရေပြန် (ကျင် ငယ်ရေ) သောက်တာတော့ ရှိတာပေါ့လေ။ ကျွန်တော်တို့ ရှုံးခဲ့တယ်။ စစ်အာဏာရှင်ရဲ့ ပုံစံစနစ်ကို နိုင်အောင် မတိုက်နိုင်ခဲ့ဘူး။
အဲဒီကာလက ကျွန်တော်တို့ ကျောင်း သားတွေဟာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမား လို့ မသတ်မှတ်ပါဘူး။ တော်လှန်ရေးသမား အဖြစ် ခံယူထားသူတွေပါ။ ထောင်ထဲမှာလည်း ဝန်ထမ်းနဲ့ တခြားအကျဉ်းသားတွေက ကျွန် တော်တို့ကို ကျောင်းသားလို့ပဲ ခေါ်ကြပါတယ်။ အစာငတ်ခံဆန္ဒပြရာက ရေဖြတ်လိုက်လို့ မေ့မြောသွားသူတွေကို ရိုက်နှက်ပြီး အမှောင် တိုက် (၆တိုက်)မှာ တိုက်ပိတ်လိုက်ကြတယ်။ အစာငတ်ခံပြီးစ ကျောင်းသားတွေကို ကျန်း မာရေးနဲ့အညီ အစာပြန်ကျွေးရာမှာ ပထမ ဂလူးကို့စ်အရည်၊ နောက်တော့ ဆန်ပြုတ်လို အစာပျော့။ ပြီးမှ ထမင်းဆိုပြီး အဆင့်ဆင့် မကျွေးကြပါဘူး။ တစ်ခါတည်း လုံးတီးထမင်း ပုံစံဟင်း တန်းကျွေးတာပါ။ အဲဒီကာလက ကုလားပဲဟင်း ကျွေးနိုင်သေးတယ်။ တစ်ပတ် တစ်ရက် တစ်နပ်စာ အသားဟင်းရတယ်။ အသားဟင်း မစားသူ ကြက်ဥနှစ်လုံးရ တယ်။
အင်းစိန်ထောင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှု အပြင်းထန်ဆုံးနေရာက အမှောင်တိုက်ခေါ်တဲ့ (၆) တိုက်ပါ။ မိလ္လာခွက် (ဂန်ဖလား) ရေအိုး ပဲ ပေးထားတာ။ ဖျာကြမ်းတောင် ထားမပေး ဘူး။ သစ်သားတံခါး နှစ်ထပ်မို့ ၇x၆ ပေ လောက်ရှိတဲ့ အခန်းကျဉ်းလေးဟာ မှောင် မည်း လှောင်အိုက်နေပါတော့တယ်။ တိုက် တံခါးပိတ် သုံးပတ်ရေမချိုးရ၊ ထောင်ဝင်စာ မရှိ။ စစ်ထောက်လှမ်းရေး ကျေးဇူးနဲ့ အ မှောင်တိုက်မှာ သုံးကြိမ် (နှစ်လနီးပါး) နေခဲ့ ရဖူးတယ်။ ဖမ်းခါစ စစ်ကြောနေချိန်မှာ တစ်ကြိမ်၊ အယူခံမတင်လို့ဆိုပြီး တစ်ကြိမ်၊ အစာငတ်ခံ တိုက်ပွဲဝင်လို့ဆိုပြီး တစ်ကြိမ်ပေါ့ ဗျာ။
နဝတခေတ်မှာတော့ ကျွန်တော်တို့ အားလုံး ထောင်နံပါတ်နောက်မှာ မျဉ်းစောင်း စီတွေချည်းပဲ။ ခမငာငညေူ ရာဇဝတ်သားပေါ့ ဗျာ။ စစ်အာဏာရှင်တွေက နိုင်ငံရေးအကျဉ်း သားဆိုတာ မရှိဘူး။ တည်ဆဲဥပဒေချိုးဖောက် တဲ့ ရာဇဝတ်သားပဲရှိတယ်လို့ ဆိုထားတာ ကိုးဗျ။ ဒီတစ်ခေါက်မှာတော့ တစ်လျှောက်လုံး တိုက်ပိတ်ခံထားရပေမယ့် တိုက်ခန်းတံခါးကို အချိန်နဲ့ ဖွင့်ပေးထားလို့ နေပျော်ပါတယ်။ အခြေအနေကောင်းတဲ့အခါ တခြားတိုက်တွေ အဆောင်တွေကိုတောင် သွားလည်လို့ရတယ်။ ကျွန်တော်က ဒီတစ်ခေါက်ကျတာ ထောင်နဲ့ တောင် မတူဘူးပြောလို့ ခုမှ စကျဖူးတဲ့ ရဲ ဘော်တွေက မကြည်ဘူး။ ကျပ်ချင်တဲ့ အခါ ကျတော့လည်း တွန်းကျပ်ပေါ့ဗျာ။
ဒီတစ်ခေါက်မှာပဲ ဒေါက်ခြေကျဉ်း ခတ်၊ ကော်ကျွေး၊ တိုက်ပိတ်ခံရတော့တာပဲ။ ရှစ်လေးလုံး ဂယက်ကြောင့် နိုင်ငံတကာက အာရုံစိုက်လာပြီး လူ့အခွင့်ရေးအဖွဲ့တွေ၊ ကြက်ခြေနီတွေ ဝင်လာမှ အသက်ရှူချောင် လာရတာပါ။ ဒါတောင် စစ်အာဏာရှင်များက ထုံးစံအတိုင်း လှည့်စားမြဲ။ လူ့အခွင့်ရေးအဖွဲ့ တွေ လာတော့လည်း ဗူး(ထောင်တံခါးမကြီး အပေါ်ထပ်) ကပဲ ကြည့်ခိုင်းပြီး အကျဉ်းသား တွေနဲ့ တွေ့ခွင့်မပေးပါဘူး။ အကျဉ်းသား တွေ ဘယ်မှာလဲ မေးတော့မှ လုပ်အားပေး သွားနေတယ်လို့ လိမ်ခဲ့ကြတာ။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ လာမယ်လည်းဆိုရော ဆေး ကုသမှု ညံ့ဖျင်းလို့ သေခါနီး ကြည့်မကောင်း၊ ရှုမကောင်း လူနာတွေကို ထောင်ပြင်ပ မြို့ နယ်ဆေးရုံမှာ ခဏပို့ပြီး ဝှက်ထားကြသေး တယ်။
အင်းစိန်ထောင်မှာ (၁၉၇၆-၁၉၈ဝ) က ထောင်ဝါဒဖြန့်စာအုပ် (သခင်သန်းထွန်း ၏ နောက်ဆုံးနေ့များ) နဲ့ သတင်းစာ ဖတ်ခွင့် ရခဲ့တယ်။ မန္တလေးနန်းတွင်းထောင်နဲ့ အိုးဘို ထောင် (၁၉၈၉-၂ဝဝ၅) မှာတော့ ထောင်ထဲ မှာ စာဖတ်ခွင့်မရတော့ပါဘူး။ နောက်ပိုင်း အိုင်စီအာရ်စီ ဝင်လာမှ သတင်းစာဖတ်ခွင့် ရလာတယ်။ အိမ်က တရားစာအုပ်သွင်း ခွင့်ပြုတယ်။ နောက်ပိုင်းမှာတော့ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ သွင်းခွင့်ရလာတယ်။

Speaker ။ ။ အရှေ့မြောက်ဒေသက ဗမာပြည်ကွန်မြူနစ် ဌာနချုပ်နဲ့ ဘယ်လို ဆက်သွယ်မိတာပါလဲ။

MML ။ ။ ပထမအကြိမ် ထောင်က လွတ်တော့ (၁၉၈ဝ) မှာ ဗကပနဲ့ ဆက်သွယ် မိပြီး ယူဂျီလှုပ်ရှားမှု လုပ်ခဲ့တယ်။ တတိယ အကြိမ် ပါတီကွန်ဂရက်ကို အထက်ဗမာပြည် ယူဂျီကိုယ်စားလှယ်အနေနဲ့ လေ့လာသူအဖြစ် တက်ရောက်ဖို့ ပါတီဗဟိုရှိရာ သွားခဲ့တယ်။ အသွားခရီးမှာ ကွတ်ခိုင်ခရိုင်၊ ကိုးကန့်ခရိုင်၊ 'ဝ'မြောက်၊ 'ဝ'တောင် ပန်ဆန်းအထိ ခြေကျင် တစ်လှည့်၊ မြင်းစီးတစ်လှည့်ပေါ့။
ကွန်ဂရက်ကိစ္စ သတင်းပေါက်သွားပြီး ပါတီဗဟိုကို တခြားဒေသက ကိုယ်စားလှယ် တွေ မတက်ရောက်နိုင်အောင် ရန်သူ့စစ်တပ် က ပိတ်ဆို့ထားတဲ့အတွက် ကွန်ဂရက်ကို ရက်ရွှေ့လိုက်ရတယ်။ ကျွန်တော့်မှာလည်း မြေပေါ်မှာ သိပ်အကြာကြီး ပျောက်နေရင် မဖြစ်တဲ့ အချိန်ကန့်သတ်ချက်ကြောင့် ကွန် ဂရက်မတက်ရဘဲ ပြန်ခဲ့ရတယ်။ အပြန်မှာ တော့ တရုတ်ပြည်ထဲကဖြတ်ပြီး ကားနဲ့လှည့် ပြန်ခဲ့တာပါ။

Speaker ။ ။ HGP တစ်ယောက် ဘယ် လိုဖြစ်လာပါသလဲ ဆရာ။

MML ။ ။ ၁၉၈ဝ ထောင်ကလွတ်လာ တော့ မန်းတက္ကသိုလ်မှာ သမိုင်းအဓိကနဲ့ စာပေးစာယူ တက်ဖြစ်ခဲ့တယ်။ အဲဒီမှာ HGP လည်း ဖြေဖြစ်သွားတယ်။ အထက်တန်းရှေ့နေ အဖြစ် အလုပ်သင်ဆင်းရင်း မိုးကုတ်ရုံးချိန်း ကပြန် ကားမှောက်ခဲ့တယ်။ လက်တွေ၊ ခြေ တွေ သေသလိုဖြစ်သွားလို့ အတော်လေးကု လိုက်ရသေးတယ်။ လည်ပင်းရိုး အဆစ်ထဲက အာရုံကြောမကြီး ထိသွားတာကြောင့် နှစ်နှစ် လောက် နားလိုက်ရတယ်။ ၂ဝဝ၅ ထောင်က အထွက်မှာတော့ လိုင်စင်သက်တမ်းလည်း မတိုးဖြစ်တော့ပါဘူး။ ရှေ့နေလည်း မလိုက် ဖြစ်တော့ဘူး။

Speaker ။ ။ ၁၉၈၈ အရေးတော်ပုံမှာ ဘယ်နေရာက ပါဝင်ခဲ့ပါသလဲဆရာ။

MML ။ ။ ရှစ်လေးလုံးမှာ ကျွန်တော်ရှေ့နေ ဖြစ်နေပါပြီ။ မန္တလေး ရှစ်လေးလုံးကြီး ပိုမို အားကောင်းလာတာ ရှေ့နေတွေ ထွက်လာ တာကြောင့်လည်းပါတယ်။ ဒီအရင်က မျက်နှာ ပဝါစည်း ထွက်လာကြတာတော့ ရှိတယ်။ ရှေ့နေတွေက ယူနီဖောင်းတွေနဲ့ မျက်နှာထွက် ပြလိုက်တော့ လူထုက အားတက် တက်ြ<ွက လာတယ်။ မန္တလေး ရှစ်လေးလုံးရဲ့ ပထမဆုံး သပိတ်သတင်းစာ 'ရတနာပုံ'ကို ကျွန်တော် ရယ်၊ ရှေ့နေကိုဇော်မြင့်ရယ်၊ ဥတ္တရလွင်ပြင် ကိုသန်းဌေးရယ်ပေါင်းပြီး စထုတ်ခဲ့ကြတာပါ။ ပြောသာပြောရတယ်။ ကျွန်တော်က သတင်း လောက်သာ စုပေးရတာပါ။ ဝက်စ်ဖောက်၊ စာကူးစက်လှိမ့်၊ အောက်ခြေသိမ်းအားလုံး ကိုသန်းဌေးတစ်ယောက်ပဲ ဒိုင်ခံလုပ်ပေးခဲ့တာ။
နောက်သပိတ်စစ်ကြောင်း အသီးသီးမှာ ကျောင်းသားတွေ တကွဲတပြားဖြစ်နေတာ စု စည်းဖို့ 'ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်)' အလုပ်အဖွဲ့မှူးအဖြစ် အမျိုးသားကျောင်း (အထက-၂) မှာ လှုပ်ရှားဆောင်ရွက်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ် စာပေး စာယူ သမိုင်းနောက်ဆုံးနှစ် ကျောင်းသားပါ။ ကျောင်းသားထု စုစည်းညီညွတ်ရေးကို သပိတ် တပ်ပေါင်းစုဥက္ကဋ္ဌ ဆရာတော် ဦးကဝိန္ဒနဲ့ အတူ လှုပ်ရှားခဲ့ပါတယ်။
အရေးတော်ပုံ ကာလအတွင်းမှာပဲ 'ရန်ကုန် အထွေထွေ သပိတ်ကော်မတီ' သို့ 'မန္တလေးသပိတ်တပ်ပေါင်းစု ဥက္ကဋ္ဌ ဆရာ တော်က 'ဗကသများအဖွဲ့ချုပ် (ရန်ကုန်)'ကို စာရေးသား ဆက်သွယ်နိုင်ခဲ့သလို 'ဗကသ များအဖွဲ့ချုပ် (အထက်ဗမာပြည်)' အလုပ် အဖွဲ့မှူးဖြစ်တဲ့ ကျွန်တော်က ဒေါ်အောင်ဆန်းစု ကြည်ထံကို စာရေးသား ဆက်သွယ်နိုင်ခဲ့ တယ်။
အောက်ဗမာပြည်မှာ သပိတ်ညီလာခံ ဗကသ ညီလာခံလုပ်ကြမယ်။ အထက်ဗမာ ပြည်မှာလည်း လုပ်ကြမယ်။ အထက်နဲ့ အောက် ပေါင်းပြီး ကြားဖြတ်အစိုးရ ဖွဲ့ကြ မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နယ်အသီးသီးကို ထွက်ပြီး ညီလာခံဖိတ်စာတွေ ဖိတ်နေဆဲ စစ်တပ်အာဏာသိမ်းတာ ခံလိုက်ရတယ်။

Speaker ။ ။ အရေးတော်ပုံကာလအပြီး မြေပေါ်ပါတီဖြစ်တဲ့ အမျိုးသားနိုင်ငံရေးတပ် ပေါင်းစုမှာ ပါဝင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ ဆရာ။

MML ။ ။ အရေးတော်ပုံအပြီးမှာ ဆရာတော် ဦးကဝိန္ဒရဲ့ လမ်းညွှန်မှုအရ ရန်ကုန် အထွေထွေသပိတ်ကော်မတီ (GSC) နဲ့ မန္တလေးသပိတ်တပ်ပေါင်းစုတို့ ပေါင်းပြီး မနတ (အမျိုးသား နိုင်ငံရေး တပ်ပေါင်းစု) ကို ထူထောင်ခဲ့ကြတယ်။ နာယကအဖြစ် တော်ဘုရားကလေး၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဦးဝင်းတင်နဲ့ ဒေါ်မြင့်မြင့်ခင်၊ မန္တလေးကုန်စည်ဒိုင်က ဦးဌေးဝင်း၊ ဦးကျော် ဝင်း၊ ဦးအုန်းဖေတို့ ဖြစ်တယ်။
မနတပါတီက ဒေါ်အောင်ဆန်းစုကြည် ကို လူထုခေါင်းဆောင်လို့ စတင်ခေါ်ဝေါ် အသိအမှတ်ပြုခဲ့တယ်။ NLDရဲ့ မောင်နှမ ပါတီအဖြစ် အသိအမှတ်ပြု ခံခဲ့ရတယ်။ ဒေါ်ခင်ကြည်ဈာပနမှာ NLDရန်ပုံငွေဆိုင် တွေအားလုံး ပိတ်ခိုင်းခဲ့တယ်။ အမေ့နာရေး မှီပြီး စီးပွားရှာတယ် အပြောခံရမှာစိုးလို့။ ဒါပေမဲ့ မနတက ထုတ်ဝေတဲ့ 'သံမဏိ ပန်း တစ်ဖူးရဲ့ ဥယျာဉ်မှူးမေမေ' ကဗျာစာစောင် ကို အခမဲ့ထုတ်ဝေတော့ လူတွေကြိတ်ကြိတ် တိုးကုန်တယ်။ မနတ ဆိုင်းဘုတ်ထောင်ပြီး စာစောင်တစ်စောင် တစ်ကျပ်နဲ့ ရောင်းဖို့ တန်းစီဝယ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုပေးခဲ့တယ်။ ဒေါ်ခင်ကြည်နာရေးချစဉ် မှာ ဗကသများအဖွဲ့ချုပ် ကျောင်းသားတွေကို ပြေလည်အောင် ညှိနှိုင်းပေးခဲ့တာလည်း မနတဆိုင်းဘုတ် ထောင်ထားတဲ့ ညကားပေါ် က လူကြီးတွေပါပဲ။ နာရေးတစ်ခုလုံး ဆိုင်း ဘုတ်နဲ့ ချီတက်ပို့ဆောင်တဲ့ ပါတီဆိုလို့ မနတ တစ်ပါတီပဲရှိတယ်။ စစ်အုပ်စု အငြိုးထား စရာတွေပေါ့။
နဝတက နိုင်ငံရေးပါတီတွေ စာရွက် စာတမ်း ပုံနှိပ်ထုတ်ဝေဖြန့်ချိဖို့ မှတ်ပုံတင်ရ မယ်လို့ ထုတ်ပြန်တယ်။ အဲဒါကို မနတက မှတ်ပုံမတင်ဘဲ ကြေညာချက်တစ်စောင်ထုတ် ကာ အောက်ခြေမှတ်စုအဖြစ် နိုင်ငံရေးပါတီ တစ်ရပ်က ရွေးကောက်ပွဲမဲဆွယ်ရေး စာရွက် စာတမ်းထုတ်ဝေရင် ပုံနှိပ်ဥပဒေ ကင်းလွတ် ခွင့်ပြုတယ်ဆိုတဲ့စာကို ပုဒ်မနဲ့တကွ ရိုက်ဝေ လိုက်တယ်။
ရွေးကောက်ပွဲဥပဒေ နဝတက ထုတ် ပြန်တယ်။ ဥပဒေမှာ ရွေးကောက်ပွဲအနိုင်ရ ပါတီကို လွှတ်တော်ခေါ်ပေးမယ်လို့ ပါတော့ ကျွန်တော်တို့ မနတက တိုင်းပြုပြည်ပြု လွှတ် တော်လား၊ ပုံမှန်လွှတ်တော်လားလို့ မေးခွန်း ထုတ်ခဲ့တယ်။ (တိုင်းပြုပြည်ပြု လွှတ်တော်က အခြေခံဥပဒေရေးဆွဲရေး သက်သက်အတွက် ခေါ်တာဖြစ်ပြီး ပုံမှန်လွှတ်တော်က အာဏာ သုံးရပ်ခွဲဝေတဲ့ လွှတ်တော်ပါ။) နောက်တစ်ခါ ဗကပရဲ့ လွတ်မြောက်နယ်မြေထဲက မြို့နယ် သုံးခုကို ရွေးကောက်ပွဲစာရင်းထဲ ထည့်ထား တာ မနတက ကန့်ကွက်ခဲ့တယ်။
မနတရဲ့ လှုပ်ရှားတက်ကြွမှု၊ စစ် အာဏာရှင်ရဲ့ ကောက်ကျစ်မှုတွေကို ဖွင့်ချ မှုတွေကြောင့် မနတက ဗကပရဲ့ မြေပေါ်ပါတီ လို့ စွပ်စွဲ၊ မတရားသင်းအဖြစ် ကြေညာ၊ မနတ ဗဟိုကော်မတီဝင်အားလုံး ထောင်ထဲ ထည့်လိုက်တော့တာပါပဲ။ သခင်ကိုယ်တော် မှိုင်း ပင်နီတိုက်ပုံနဲ့ သျှောင်တစောင်းထုံးပြီး ကွမ်းအစ်တစ်လုံးနဲ့ ထိုင်နေတဲ့ပုံကို ရေးဆွဲတဲ့ ပန်းချီ ကိုချိုကြီး (နန်းရှေ့) က မနတ ဗဟို ကော်မတီဝင်တစ်ယောက်ဖြစ်ပြီး ထောင်ထဲ မှာပဲ ကျဆုံးခဲ့ရတယ်။

Speaker ။ ။ ၂ဝဝ၇ ရွှေဝါရောင်တော် လှန်ရေးမှာ နိုင်ငံရေးသမားအဖြစ် ဘယ်လို ပါခဲ့သေးလဲ။

MML ။ ။ ဒုတိယအကြိမ် ထောင်က လွတ်တော့ အက်စ်ဘီ (သတင်းတပ်ဖွဲ့)က တစ်ရက်တစ်ခေါက် ပုံမှန်လာတယ်။ 'ဓလေ့ ထုံးစံအရ ထောင်ကထွက်တော့ ပဉ္ဇင်းဝတ် ဖြစ်တယ်။ ကျွန်တော့်ဇနီးရဲ့ မိခင်မွေးနေ့ (ဗမာသက္ကရာဇ်)မှာ ကုသိုလ်လုပ်ရင်း သိမ်ဝင်တာ။ အဲဒီနေ့ကဖြစ်ချင်တော့ ဒေါ်စုမွေး နေ့နဲ့ တိုက်ဆိုင်နေလို့ အတော်ရှင်းလိုက်ရ သေးတယ်။ အဲဒီကာလက ကြံ့ခိုင်ရေးက လူ မှုရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ မဟုတ် သေးဘူး။ ဒါပေမဲ့ သတင်းပေးအလုပ်ကို ဗြောင်လုပ်နေတာ။ စစ်ထောက်လှမ်းရေး ပြိုကွဲအပြီး စရဖ ဖွဲ့ခါစ ကြံ့ခိုင်ရေးအသင်းက ထောက်လှမ်းရေးအလုပ်လုပ်ပြီး အထက်ထိ ရောက်အောင် တင်ခဲ့ကြသတဲ့။ သူတို့ပို့သမျှ သတင်းအမှားတွေကို အက်စ်ဘီနဲ့ စရဖက လိုက်ဖြေရှင်းနေရတဲ့ ခေတ်။
ကျွန်တော်က ဝက်လက်မှာ ပဉ္စင်း တစ်ပတ်၊ အင်းဝမှာ တစ်ပတ်၊ အစ်မအရင်း မယ်သီလရှင်ကြီးရှိရာ ဝေဘူမှာ တစ်ပတ် သီတင်းသုံးခဲ့တယ်။ ပဉ္စင်းလည်းထွက်ရော အရင်က တစ်ရက်တစ်ခေါက်ပဲလာတဲ့ အက်စ် ဘီက တစ်ရက်နှစ်ခေါက် လာတော့တာပဲ။ လှုပ်လို့ကို မရတော့ဘူး။ ရွှေဝါရောင်တော်လှန်ရေး ကျွန်တော် မပါဖြစ်ခဲ့ပါဘူး။

Speaker ။ ။ လက်ရှိ နိုင်ငံရေး အခြေ အနေကို ဆရာ့ဖြတ်သန်းမှုအရ ဘယ်လိုသုံး သပ်မိသလဲဗျ။

MML ။ ။ ၂ဝဝ၈ အခြေခံဥပဒေ တည်ရှိနေသမျှ လူမျိုးရေး၊ ဘာသာရေး ပဋိ ပက္ခတွေက ရှိနေနိုင်တယ်။ စစ်ပြေးဒုက္ခသည် တွေလည်း ရှိနေနိုင်တာပဲ။ စီးပွားရေးနိမ့်ကျ၊ ရာဇဝတ်မှု ထူပြောတာတွေလည်း ရှိနေနိုင် တာပါပဲ။ အဓိကကတော့ ဖက်ဆစ်တော်လှန် ရေးမှာ ဖဆပလ ညီညွတ်ခဲ့သလို ပြည်သူ အားလုံး တညီတညွတ်တည်း စုစည်းပြီး လူထုအားနဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ဖျက် သိမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စံမီ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးပါပဲ။ လတ် တလော ပြသနာတွေပေါ်တိုင်း အဓိက ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်ဆိုတဲ့ အခြေခံမူ မပျောက်ဖို့ လိုပါတယ်။

Speaker ။ ။ နိုင်ငံရေးသမားကောင်းရဲ့ စံကို ဆရာဘယ်လိုသတ်မှတ်ပါသလဲ။

MML ။ ။ (၁) ပြည်သူနဲ့ တစ်သားတည်းကျဖို့လိုတယ်။
(၂) ပြည်သူ့အကျိုးဆောင်ဖို့ လိုတယ်။
(၃) ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်ဖို့ လိုတယ်။

Speaker ။ ။ အခုလို အချိန်ပေး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ။

သန်းနိုင်ဦး

The Speaker သတင်းဂျာနယ်
အတွဲ(၂)၊ အမှတ်(၅)
ဒီဇင်ဘာ ၂၁

No comments:

Post a Comment