Latest News

Tuesday, May 15, 2018

စလစ်ဈေးနဲ့ ကားဈေးအပြိုင် လှုပ်ခတ်လာ

စလစ်ဈေးနဲ့ ကားဈေးအပြိုင် လှုပ်ခတ်လာ


မေလဆန်းမှစတင်ပြီး  ကားဈေးကွက်အရောင်းသွက်နေခြင်းကြောင့်  မေလဒုတိယပတ်အတွင်းတွင်  ကားဈေးနှုန်းများနှင့် စလစ်ဈေးနှုန်းများ အနည်းငယ်မြင့်တက်စပြုလာပြီဖြစ်သည်ကို မြင်တွေ့ရသည်။ ကာလအတန်ကြာငြိမ်သက်နေခဲ့သည့် ကား လောကအတွင်း ယခုအနေအထားသည် ကားလောကသားများအတွက် ကံကောင်းစပြုသည့် နေ့ရက်များပင်ဖြစ်သော်လည်း ရန်ကုန်လိုင်စင်နှင့်နယ်လိုင်စင်  မည်သို့မည်ပုံ မူဝါဒပြောင်းလဲဦးမည်ဆိုသည်ကိုလည်း  သတိထားစောင့်ကြည့်နေကြသည့်  အချိန် ကာလ ဖြစ်သည်။
''ကားသဘောက အရောင်းအဝယ်က ဆယ်ရက် နှစ်ပတ်ဆက်တိုက်ဆိုသလို အားကောင်းလာပြီဆိုတာနဲ့ ရောင်းလိုသူက ဈေးကို နည်းနည်းချင်း တက်တော့တာပဲ၊ လက်ရှိမှာတော့ အများကြီးတက်မသွားသေးပါဘူး၊ တစ်ရက်ကို တစ်သိန်းကနေ ငါးသိန်း လောက်အထိ တိုးပြီးခေါ်ကြည့်ကြတယ်၊ အဆင်ပြေသွားသူလည်းရှိတယ်၊ခေါ်ဈေးရှိပြီး ပေါက်ဈေးမဖြစ်တဲ့ကားတွေလည်း ရှိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်ထဲမှာ ကားစုံလာတယ်၊ လူလည်းစုံလာတယ်ဆိုတော့ တော်တော်လေး စိုပြည်လာတဲ့ သဘောတော့ ရှိပါတယ်၊ ကားဈေးကွက်ကတော့ အများကြီးတက်ဖို့မရှိပါဘူး၊ ဝယ်လက်များရင်များသလို ငါးသိန်းလောက်ကွာမှာပေါ့၊ အရောင်း အဝယ်ပုံမှန်ဖြစ်လာတာကိုပဲ ကျေးဇူးတင်နေကြတယ်''ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။
ကားအရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်တည်း စလစ်ဈေးနှုန်းများသည်လည်း အနည်းငယ်လှုပ်ခတ်လာ သည်ကို မြင်တွေ့ရသည်။ မေလဆန်းက ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု သက်တမ်း နှစ် ၂ဝ စလစ်တစ်စောင်၏ ဈေးနှုန်းသည် ငွေကျပ်သိန်း ၁၂ဝ အောက်သာရှိသော်လည်း ယနေ့တွင် ငွေကျပ် ၁၂၈ သိန်းအထိ ခေါ်ဈေးရှိပြီး ကြိုက်ရောင်းကြိုက်ဝယ်အရောင်း အဝယ်ဖြစ်နေကြသည်ကို မြင်တွေ့ရသည်။ စလစ်အပ်ကားများ အပ်နှံမှုနည်းပါးလာသော်လည်း ဈေးနှုန်းများမှာ ယခုကဲ့သို့ မြင့်တက်နေရခြင်းအပေါ် ကားပွဲစား ကိုဇင်က ''စလစ်က အများကြီးကျစရာမရှိဘူးလေ၊ ဘယ်မောင်းကားတွေက အခုသာမသွင်းတာ အချိန်တန်ရင် မသွင်းမဖြစ် သွင်းကြရမှာပဲ၊ ငွေပေါတဲ့သူက စလစ်တွေကိုင်ထားတာမျိုးရှိတာပေါ့၊ ရန်ကုန်လိုင်စင်လိုချင်သူတွေက အများသားလေ၊ သူတို့အတွက် စလစ်က မရှိမဖြစ်လိုအပ်နေတယ်၊ နောက် တစ်ခုက စလစ်အပ်ကားတွေလည်း ဈေးကွက်မှာ မရှိ သလောက်နည်းသွားပြီလေ၊ ယာဉ်အိုယာဉ်ဟောင်းအပ်ဖို့ဆိုတာ တော်တော်လေး နည်းလာပြီ၊ စီးလို့ရနေတဲ့ ကားတွေဖြစ်နေပြီလေ၊ ဒါကြောင့် စလစ်ဈေးက တင်းခံနေတယ်''ဟု ရှင်းပြသည်။
ကွန်ဆိုင်းမန့်စနစ်ဖြင့် တင်သွင်းထားသည့် စတိနံပါတ်ကားများ အရောင်းအဝယ်အနည်းငယ်ရှိနေသော်လည်း ထင်သလောက် မဟုတ်သေးကြောင်း၊ အများစုသည် တစ်ပတ်ရစ်ကားများကိုသာ ပိုမိုစိတ်ဝင်စားနေကြကြောင်းနှင့် ကားအရောင်းစင်တာများ မေ ၁၄ ရက်မှစတင်၍ အလုပ်ဖြစ်ကြကြောင်း သိရသည်။ အကြောင်းမှာ နယ်ဝယ်လက်အချို့ ကားအရောင်းပြခန်းမှ မော်တော် ကားများကို လာရောက်ကြည့်ရှုမှု များပြားခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ''နယ်ဝယ်လက်က ဒီလိုပဲ သင်္ကြန်ပြီးနဲ့ အစိုးရကျောင်း တွေ မဖွင့်ခင်စပ်ကြားမှာ အဝယ်များတတ်တယ်၊ ဒီနှစ်က နောက်တောင်ကျနေပါပြီ၊ ဇိမ်ခံကားတွေထက် အကြမ်းခံကားတွေ၊ အင်ဂျင်ပါဝါအားကောင်းတာတွေ၊ အင်ဂျင်ပါဝါ ၁၈ဝဝစီစီနဲ့အထက်တွေ အမေးများတယ်၊ အဝယ်ကတော့ အများကြီးမလိုက်သေး ပါဘူး''ဟု တောင်ဥက္ကလာပမြို့နယ်ရှိ ကားအရောင်းစင်တာတစ်ခုမှ တာဝန်ခံက ပြောသည်။
ကားဈေးကွက်အတွင်းတွင်တော့ အမေးအများဆုံးနှင့် ယခုသီတင်းပတ်အတွင်းအရောင်းအဝယ်အဖြစ်ခဲ့ဆုံး မော်တော်ကား အမျိုးအစားမှာ ဟွန်ဒါဖစ်၊ ပရိုဘောက်စ်နှင့် ဝှစ်ရှ်တို့ဖြစ်ကြပြီး ရန်ကုန်လိုင်စင်အပြင် နယ်လိုင်စင်မော်တော်ကားများပါ အရောင်း အဝယ်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ''နယ်ကဝယ်လက်ကလည်း ရန်ကုန်လိုင်စင်ကိုပိုပြီး စိတ်ဝင်စားကြတာပါ၊ ဒါပေမယ့် အခုရက်ပိုင်းမှာတော့ ဈေးလျော့တဲ့ နယ်လိုင်စင်တွေလည်း အရောင်းအဝယ်တော်တော်လေးလိုက်လို့ ဈေးနှုန်းတွေတောင် ငွေကျပ် ငါးသိန်းကနေ ၁၅သိန်းအကြား မြင့်တက်သွားတယ်၊ ဝယ်လက်ရှိသလောက် အရောင်းအဝယ်ဖြစ်နိုင်ဖို့ ဈေးကတော့ အခုလို ပြောင်းလဲရမှာပဲ၊ အများစုက ရန်ကုန်သမားတွေဆိုရင် ဟွန်ဒါဖစ်ကြိုက်ကြပြီး နယ်ကတော့ ပရိုဘောက်စ်နဲ့ ဝှစ်ရှ်ကို တော်တော်လေး အမေးများနေတယ်''ဟု ကိုကျော်ဇေယျာဝင်းက ပြောကြားသည်။        ။

မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment