Latest News

Sunday, May 13, 2018

ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းနှစ်ကျောင်းသို့အဝါရောင် ကျောင်းကြိုပို့ယာဉ်များ စတင်ပြေးဆွဲမည်ဟု သိရ

ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းနှစ်ကျောင်းသို့အဝါရောင် ကျောင်းကြိုပို့ယာဉ်များ စတင်ပြေးဆွဲမည်ဟု သိရ


ရန်ကုန်   မေ  ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းသား ကျောင်းသူများအား သယ်ယူပို့ဆောင်ပေးမည့်  ကျောင်းကြို၊ ပို့ (School Bus) ယာဉ်များအား ကမာရွတ်မြို့နယ်နှင့် ရန်ကင်းမြို့နယ် များအတွင်းရှိ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း များရှိ ကျောင်းသား ကျောင်းသူများအား ဦးစားပေးအနေဖြင့်  စတင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း  သိရသည်။

''ကျောင်းသားများတဲ့ကျောင်းကို အဓိကရည်ရွယ်တာပေါ့။ TTC ကျောင်းနှစ်ကျောင်းကိုစပြီးဆွဲမယ်။ တကယ်လို့ အခြားကျောင်းတွေကို လည်း မေးထားပါတယ်။ လိုအပ်တယ်ဆိုရင် နောက်စီစဉ်ပေးမှာပါ။ ဒီနေ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  အားလုံးကိုတွေ့ပြီး ပြောတဲ့အခါမှာ TTC က အဓိကလိုနေတာပါ။ အဲဒါကိုTTCကမာရွတ်နဲ့ TTCရန်ကင်းကို    ဦးစားပေးပါတယ်''  ဟု ရန်ကုန်တိုင်းဒေသကြီး  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

ကျောင်းကားသမားများ၏   တောင်းဆိုမှုအရ  ဘယ်မောင်း၊ ညာမောင်းစနစ် ခွဲခြားသတ်မှတ်မှုကိုယခုနှစ်အတွက် သတ်မှတ်ဦးမည် မဟုတ်ဘဲ တစ်နှစ်အတွင်း ဂျပန်ကားများကို မောင်းနှင်ခွင့်ပြုပေးမည်ဖြစ်   ကြောင်း၊ ကျောင်းကားများအနေဖြင့် လုပ်ငန်းလိုင်စင်၊ အလုံးစုံအာမခံ ထားရှိမှုများ ပြုလုပ်ထားရမည်ဖြစ်ကြောင်း သိရသည်။ ရန်ကင်းနှင့် ကမာရွတ်မြို့နယ်များရှိ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်း (TTC)    နှစ်ကျောင်းမှ  ကျောင်းကားအစီးရေ ၁ဝဝ နီးပါး YRTA သို့ တောင်းဆိုထားပြီး အခြားကျောင်း များမှာမူ တင်ပြခြင်းမရှိသေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းသား ကျောင်းသူများကို သယ်ယူပို့ဆောင်ပေးမည့် ကျောင်းကြို၊ ပို့  (School Bus) ယာဉ်များအား မောင်းနှင် ရန် ယာဉ်မောင်းများနှင့် ယာဉ်ကြီးကြပ် (အမျိုးသမီး) များကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ စတင်ခေါ်ယူနေပြီ ဖြစ်သည်။ ပညာအရည်အချင်းအနေဖြင့် အနည်းဆုံး ၇ တန်းအောင်မြင်သူဖြစ်ရမည်ဖြစ်ကာ မော်တော်ယာဉ် မောင်းနှင်မည့်သူများအနေဖြင့် အသက် (၃ဝ နှစ်မှ ၅၅ နှစ်) အထိ ဖြစ်ကာ ယာဉ်ကြီးကြပ်သူအနေဖြင့် အသက် (၂ဝ နှစ်မှ ၃၅) နှစ်အတွင်း ဖြစ်ရမည် ဟူသောအချက်ခုနစ်ချက်ပါ လျှောက်လွှာများကို မေလ ၂ဝ ရက်နေ့နောက်ဆုံးထားပြီးYRTAရုံးချုပ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉  ပညာသင်နှစ်အတွင်း  တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား ကျောင်းသူများအား သယ်ယူပို့ဆောင်ပေးမည့် ကျောင်းကြို၊ ပို့ယာဉ်များ အသုံးပြုရာ တွင် ယာဉ်အန္တရာယ်လုံခြုံစိတ်ချစေရေးအတွက် စည်းကမ်းချက် ၁၂ ချက် ပါဝင်သော ကျောင်းကြို၊ ပို့ယာဉ်အမျိုးအစားသတ်မှတ်ချက်ကိုလည်း ယခုနှစ်ဇန်နဝါရီလအတွင်း၌YRTA က ထုတ်ပြန်ထားသည်။YRTAလက်အောက်တွင်ကျောင်းကြို၊ ပို့ယာဉ် အဖြစ်ပြေးဆွဲရန် အဝါရောင် (School Bus) ယာဉ်အစီးရေ ၂ဝဝ ခန့် ဝယ်ယူထား ကြောင်း သိရသည်။

သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment