Latest News

Sunday, May 13, 2018

လပွတ္တာနှင့် ပုသိမ်ခရိုင်ရှိ လယ်မြေများအား ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပေးရန် တာတမံများ ပြန်လည်တည်ဆောက်

လပွတ္တာနှင့် ပုသိမ်ခရိုင်ရှိ လယ်မြေများအား ရေငန်ဝင်ရောက်မှုမှ
ကာကွယ်ပေးရန် တာတမံများ ပြန်လည်တည်ဆောက်


နေပြည်တော်   မေ  ၁၃

နာဂစ်မုန်တိုင်းသင့်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာနှင့် ပုသိမ်ခရိုင်ရှိ  စပါးစိုက်လယ်မြေများအား ရေငန်ဝင်ရောက် နစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်ရန်အတွက် တာတမံများ ပုံစံကျအခိုင်အမာပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိရာ ဇင်ရွဲတာနှင့် ဘီတွဒ်ကျွန်း အပိုင်း(၁)တို့တွင်တာတမံတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး တော့မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး ၉ မှ သိရသည်။

ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှဦးစီးအရာရှိ ဦးတင်မိုးကျော်က''ဇင်ရွဲ ကျွန်းက လပွတ္တာမြို့တောင်ဘက်မှာ ရှိပါတယ်၊ အဓိက တာပုံစံပြုပြင်ဆောင်ရွက်ခြင်းအပြင် တာတိုးချဲ့ဆောင်ရွက်ခြင်းကိုပါ ဆောင်ရွက်ပါတယ်၊ နာဂစ်မတိုင်မီက  ရှိခဲ့တဲ့တာက ခြောက်မိုင် လောက်ပဲရှိတယ်၊ နာဂစ်ဖြစ်ပြီးတဲ့နောက်မှာ တည်ဆောက် ရေး(၁)က တာအမြင့် (၈ ဒသမ ၅) ပေအမြင့် မြှင့်ပြီးဆောင် ရွက်ခဲ့ပါတယ်၊ တည်ဆောက်ခဲ့ပြီးတော့ ဒေသခံတောင်သူတွေ ရယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကျွန်းဟာ တာအပြည့်ပတ်မှ ပိုအကျိုးဖြစ်ထွန်းမယ်ဆိုပြီးတင်ပြတဲ့ အတွက် ကျွန်းကိုတာအပြည့်ပတ်ဖို့  မြေတိုင်းတာခြင်း လုပ်ငန်းတွေကို တွက်ချက်ပြီး ဒီကျွန်းပေါ်မှာ ကျွန်တော်တို့က မူလတာ ခြောက် မိုင်၊ တိုးချဲ့တာက ၁ဝ မိုင်ခွဲ၊ ၁၆ မိုင်ခွဲကို တာပုံစံကျပြုပြင်ခြင်း ရော၊ တာအသစ်တည်ဆောက်ခြင်းတွေပါ အကုန်လုံးဆောင် ရွက်ရပါတယ်''ဟု ပြောသည်။

အဆိုပါ တာအသစ်တိုးချဲ့ခြင်းစီမံကိန်းကို ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ် ပြီး ၂ဝဝ၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်တာများအား ပြန်လည်ပြုပြင်ရန်  အထူးစီမံကိန်း များ အကောင်အထည်ဖော်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည် ဆောက်ရေး ၁ မှ စတင်ဆောင်ရွက်ခဲ့ပြီး၂ဝ၁၁ ခုနှစ်တွင် တည်ဆောက်ရေး ၉ မှ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ဇင်ရွဲကျွန်းပေါ်၌ ဇင်ရွဲရေတံခါး  (၆x ၆) ပေ လေးပေါက်ရေတံခါးတစ်ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈တွင်  ကိုးဘိုရေတံခါး တည်ဆောက်ပြီးစီးခဲ့ပါတယ်၊ ဒီကျွန်းပေါ်မှာ ရေတံခါးနှစ်ခုနဲ့ တာအလျား ၁၆ ဒသမ ၅ မိုင်ကနေပြီးတော့ ရေငန်ကာကွယ် ဧက ၄ဝဝဝ ကို ကာကွယ် ပေးမှာဖြစ်ပါတယ်'' ဟု တည်ဆောက်ရေး ၉ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နာဂစ်မုန်တိုင်းသင့်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ ရေငန်တားတာများ ပုံစံကျပြန်လည်ပြုပြင်ရေးအတွက်JICAမှ  စက်ယ္တရား ၄၁ စီး ကူညီထောက်ပံ့ပေးခဲ့ပြီး ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ရရှိရန်ပုံငွေဖြင့် ဇင်ရွဲရေငန်တား တာကို ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းပြည့်  ပြီးစီးပြီဖြစ်ပြီး ဘီတွဒ်ကျွန်း (၁)တာမှာလည်း တာမြှင့်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၈၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

''ဒီတာတွေပြီးသွားတဲ့အတွက် ဇင်ရွဲကျွန်းပေါ်မှာရှိတဲ့ စပါး စိုက်ဧက ၄ဝဝဝ ဟာ အခုဆို ရေငန်ဝင်ရောက်မှုကနေ ကာကွယ် နိုင်မယ်၊ မိုးတွင်းမှာရွာတဲ့ မိုးရေတွေကို ညောင်ပင်သာချောင်းနဲ့ လက်ရှိကျွန်တော်တို့တူးထားတဲ့ မြောင်းတွေထဲကနေ နွေမှာ နွေစပါးမဟုတ်ရင်တောင်မှ ဒုတိယသီးနှံတစ်ခုခုကို စိုက်ပျိုးနိုင် ဖို့ရည်ရွယ်ပါတယ်'' ဟု ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး(၉)မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး  လပွတ္တာနှင့်  ပုသိမ်ခရိုင်အတွင်း ကျွန်းပတ်တာနှင့် ရေငန်တားတာများ အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်းများပြီးစီးပါက စပါးစိုက်လယ်မြေဧက ၉၇၆၈ဝ ကို ရေငန်ဝင်ရောက်နစ်မြုပ်မှုမှ  ကာကွယ်ပေးနိုင် မည်ဖြစ်ပြီး မိုးနှောင်းကာလတွင်လည်း ချောင်း၊ မြောင်းများ အတွင်း ရေချိုသိုလှောင်ထားနိုင်မည်ဖြစ်သဖြင့် နွေစပါးအတွက် ပါ ရေလုံလောက်စွာ ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။  

မင်းသစ်
ပြန်​/ဆက်

No comments:

Post a Comment