Latest News

Saturday, April 7, 2018

မော်လမြိုင် သင်္ကြန်ထမင်း

မော်လမြိုင် သင်္ကြန်ထမင်း


မော်လမြိုင်သင်္ကြန်ဟာ သင်္ကြန်ထမင်းပါမှ ပြည့်စုံတယ်လို့ ဆိုကြပါတယ်။ ရေပက်ခံထွက်လာကြသူတွေရော၊ မဏ္ဍပ်တွေထိုးပြီး ရေပက်တဲ့သူတွေပါ မဏ္ဍပ်တွေမှာ စတုဒိသာကျွေးတဲ့ သင်္ကြန်ထမင်းကို တပျော်တပါးစားကြတာပါ။ နွေနေပူပူမှာ ဝမ်းအေးစေတဲ့ သင်္ကြန်ထမင်းဟာ အခါရာသီနဲ့ လိုက်ဖက်လှ ပါတယ်။ သင်္ကြန်ပွဲတော်ရဲ့ပုံရိပ်ဟာ ပိတောက်ပန်း၊ မုန့်လုံးရေပေါ်နဲ့ သင်္ကြန်ထမင်းတို့ တွဲဖက်နေပါမှ ပြီးပြည့်စုံတယ်လို့ ဆိုရပါမယ်။

သင်္ကြန်ထမင်းဆိုတာ ဖယောင်းသင်းထားတဲ့ ထမင်းရေစိမ်ကို ငါးခြောက်ထောင်း၊ သရက်သီးချဉ်၊ ငရုတ်သီးခြောက်အကြွပ်ကြော်တို့နဲ့ တွဲစားရတာပါ။ သင်္ကြန်ထမင်းက မွန်ရိုးရာအစားအစာဖြစ်တာမို့ မော်လမြိုင်သင်္ကြန်မှာ ရပ်ကွက်တိုင်း၊ အိမ်တိုင်းလိုလို သင်္ကြန်ထမင်းကျွေးလေ့၊ လုပ်စားလေ့ရှိကြပါတယ်။

သင်္ကြန်ထမင်းလုပ်တော့မယ်ဆိုရင် မဖြစ်မနေလုပ်ရမှာက ဖယောင်းသင်းထားတဲ့ ထမင်းရေစိမ်ပါ။ ဆန်ကောင်းကောင်းကို ခပ်ထွေးထွေးရေငှဲ့ချက်ပြီး ရေသုံးထပ်လောက်ဆေးကာ တောင်းတစ်လုံးနဲ့ထည့်ထားပါမယ်။ ဖယောင်းသင်းဖို့အတွက်ကိုတော့ မီးရဲနေအောင်ဖုတ်ထားတဲ့ စဥ့်အိုးကွဲစ လေး၊ ငါးခုအပေါ် ပျား ဖယောင်းနဲ့ နံ့သာဖြူအမှုန့်ဖြူးပြီး အပူပေးပါ။ (ရိုးရိုးဖယောင်းတိုင်ကိုလည်း သုံးနိုင်ပါသည်။) အငွေ့ထွက် လာလျှင် အပေါ်မှအိုးသန့်သန့်အလွတ်တစ်လုံးမှောက်ချပါ။ အငွေ့လှိုင်လှိုင်ရလျှင် အိုးကိုလှန်ကာ အဖုံးပိတ် ပြီး ရေလောင်းထည့်ပါ။ အိုးထဲသို့ ထမင်းရောလိုက်ပါက ဖယောင်းနဲ့သင်းထားသော သင်္ကြန်ထမင်းရပါပြီ။

သင်္ကြန်ထမင်းနဲ့တွဲစားရတဲ့ ဟင်းအတွဲအဖက်က ငါးခြောက်ထောင်း၊ သရက်ချဉ်နဲ့ ငရုတ်သီးခြောက် အကြွပ်ကြော်တို့ပါ။ ငါးကွမ်းရှပ်လို အသားပေါတဲ့ ငါးခြောက်ကို နူးနေအောင်ပြုတ်၊ အရိုးဖယ်၊ အသားနွှင်ပြီး မညက်တညက်ထောင်းရပါမယ်။ ဆီပူထဲ နနွင်းထည့်ပြီး ကြက်သွန်ဖြူ၊ နီ ဆီကျက်ချက်ကာ ကြက်သွန်ကြော် များကို ဖယ်ထားပါ။ ပြီးက အသင့်ထောင်းထားတဲ့ ငါးခြောက်များထည့်ကြော်၊ ရွှေရောင်သမ်းလာပါက အိုးမှချကာ ကြက်သွန်ကြော်များဖြူးပြီး အသင့်ပြင်ထားနိုင်ပါပြီ။

သရက်ချဉ်လုပ်ဖို့ရာအတွက်ကိုတော့ သရက်သီးအစိမ်းကို အခွံခွာပြီး ဓားနဲ့ပေါက်ကာ သရက်သီး ပေါက်ခြမ်းများကို ကြော်ရပါမယ်။ မျှင်ငါးပိကို ဆီသတ်ပြီး သရက်သီးပေါက်ခြမ်းများကိုထည့်ကာ ပုစွန်ခြောက်နဲ့ ရောကြော်ပါမယ်။ အပေါ့အငန်မြည်းပြီး ချခါနီးမှာ လေးစိတ်စိတ်ထားတဲ့ ကြက်သွန်နီစိတ်များ နွှာထည့်ပါ။ ငရုတ်သီးခြောက်အရှည်တောင့်များကို ကြွပ်ကြွပ်ကလေးကြော်ပြီးလျှင်တော့ အခါရာသီနဲ့ လိုက်ဖက်ညီတဲ့ မွန်ရိုးရာသင်္ကြန်ထမင်းစားဖို့ရာ အသင့်ဖြစ်ပါပြီ။                      

စံလွင် (ငါးဦးစီး)​ကြေးမှုံ

No comments:

Post a Comment