Latest News

Saturday, April 7, 2018

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်အထူးရထားတွဲဆိုင်းများပြေးဆွဲမည်

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း
သင်္ကြန်အထူးရထားတွဲဆိုင်းများပြေးဆွဲမည်


မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း
ရထားစီးခရီးသည်များ ခရီးသွားလာမှု အဆင်
ပြေစေရန်အတွက်  ရန်ကုန်-မန္တလေးလမ်းပိုင်း
တွင်  ပုံမှန်ပြေးဆွဲလျက်ရှိသော ရထားတွဲဆိုင်း များအပြင် သင်္ကြန်အထူးရထားတွဲဆိုင်းများ အား ဧပြီ ၁ဝ ရက်မှ စတင်ကာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သင်္ကြန်ရက်များအတွင်း ရထားတွဲဆိုင်းများ
ပြေးဆွဲပေးမည့်ရက်များမှာ ဧပြီ ၁ဝ ရက်မှ ၁၃
ရက်အထိနှင့် ဧပြီ ၁၇ ရက်မှ ၁၈ ရက်ထိဖြစ်
ပြီး ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီတွင် စတင်
ထွက်ခွာမည့်အထူးရထားမှာ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ဆိုက်ရောက်
မည်ဖြစ်ပြီး မန္တလေးဘူတာမှ  ညနေ ၆ နာရီ
၁၅ မိနစ်တွင် ထွက်ခွာမည့် ရထားမှာ ရန်ကုန်
ဘူတာကြီးသို့ နောက်နေ့နံနက် ၈ နာရီ ၂ဝ
မီနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ပြေးဆွဲ ပေးမည့်ရက်များမှာ ဧပြီ ၁ဝ ရက်၊ ၁၂ ရက်၊
၁၃ ရက်၊ ၁၇ ရက်နှင့်  ၁၈ ရက်တို့ဖြစ်ပြီး ဧပြီ
၁၁ ရက်ပြေးဆွဲမည့် ရထားတွဲဆိုင်းမှာ  မန္တလေးဘူတာမှ နေပြည်တော်ဘူတာအထိ သာ ပြေးဆွဲမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး အစုန်၊ အဆန်သင်္ကြန် အထူးရထားများအား တိုးကြောင်ကလေး၊ ပဲခူး၊
တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်
ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ရထား
လက်မှတ်ခနှုန်းထားများမှာ ခရီးစဉ် အစအဆုံး ရိုးရိုးတန်း ကျပ် ၄၆၅ဝ၊ အထက်တန်း ကျပ် ၉၃ဝဝ
နှင့် အထက်တန်းအိပ်စင် ကျပ် ၁၂၇၅ဝ ဖြင့်
ယခင်ကောက်ခံသည့်     နှုန်းထားအတိုင်း
ကောက်ခံသွားမည်ဖြစ်သည်။

လက်မှတ်ရောင်းချမှုအား အထက်တန်း
သုံးရက်ကြိုတင်နှင့် ရိုးရိုးတန်း တစ်ရက်ကြိုတင်
ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီး၌ အမှတ် (၅) အဆန်   အမြန်ရထား ရိုးရိုးတန်း
လက်မှတ်ကိုလည်း သုံးရက် ကြိုတင်ရောင်းချ ပေးမည်ဖြစ်ကာ ဧပြီ  ၁၉ ရက်နှင့် ၂ဝ ရက်တို့
တွင် စက်ခေါင်း နှင့်တွဲများကို အဆင်သင့်ထားရှိ ပြီး လိုအပ်ပါက အထူးရထားတွဲဆိုင်းများအား ထပ်မံ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ဝန်ထမ်းအထူးရထားကိုလည်း ဧပြီ ၁၂ ရက် တွင် နေပြည်တော်-ရန်ကုန်ခရီးစဉ်နှင့် ဧပြီ ၁၇
ရက်တွင် ရန်ကုန်-နေပြည်တော်-မန္တလေး ခရီး
စဉ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီ ၁၂ ရက်တွင်
နေပြည်တော်ဘူတာမှ ည ၈ နာရီတွင် ထွက်ခွာ
ပေးမည်ဖြစ်ကာ ရန်ကုန်ဘူတာကြီးသို့ နောက်
နေ့နံနက် ၄ နာရီ ၅ဝ မိနစ်တွင် ဆိုက် ရောက်မည်ဖြစ်သည်။ ဧပြီ ၁၇ ရက်အတွက်
ရန်ကုန်ဘူတာကြီးမှ ည ၈နာရီခွဲတွင် စတင်
ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နောက် နေ့
နံနက် ၅ နာရီ ၁၇ မိနစ်နှင့် မန္တလေးဘူတာသို့
နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်
မည်ဖြစ်သည်။

RBEရထားတွဲဆိုင်းများအား ဧပြီ ၁၄ ရက်၊
၁၅ ရက်နှင့် ၁၆ ရက်တို့တွင်လည်းကောင်း၊
ခရီးတိုပြေးဆွဲနေသည့် ရထားတွဲဆိုင်းများကို လည်း  ဧပြီ ၁၃ ရက်၊ ၁၄ ရက်၊  ၁၅ ရက်နှင့်
၁၆ ရက်တို့တွင်လည်းကောင်း ယာယီခေတ္တ
ရပ်နားထားမည်ဖြစ်ပြီး   အမှတ်(၅/၆) ရန်ကုန်
-မန္တလေး၊ အမှတ်(၇/၈) ရန်ကုန်-နေပြည်တော်၊
အမှတ်(၃၅/၃၆)ရန်ကုန်-မော်လမြိုင်၊ အမှတ်
(၇၁/၇၂) ရန်ကုန်-ပြည်၊ အမှတ်(၆၁/၆၂) ရန်ကုန်-ပုဂံနှင့် အမှတ်(၃၇/၃၈) (၅၇/၅၈) မန္တလေး-မြစ်ကြီးနား အမြန်ရထားတွဲဆိုင်း များအား သင်္ကြန်ပွဲတော်ကာလအတွင်းဖြစ်
သည့် ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ ယာယီ
ရပ်နားထားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပတ်
ရထားများကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်
အထိ စုစုပေါင်း ၈၁ စီးဖြင့်သာ ပြေးဆွဲပေးမည် ဖြစ်ပြီး ကျန်ရထားများဖြစ်သည့် (က၊ ခ၊ ဂ၊ ဆ၊
ည၊ တ၊ ထ၊ ဒ၊ ပ၊ ဘ၊ ယ၊ လ၊ ဟ၊ အ၊ ကက၊
ခခ) ဆက်ရထားတွဲဆိုင်းများကိုလည်း ယာယီ
ရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား မှ သိရသည်။

ပွင့်သစ္စာ(​ကြေးမှုံ)

No comments:

Post a Comment