ဆိုင်ကယ်ဘေးတွဲ၊ နောက်တွဲများ အရေးယူရန်စီစဉ်လျက်ရှိ
ဖျာပုံ ဧပြီ ၂ဝ
မြန်မာပြည်တစ်ဝန်း မြို့ပြများတွင်သာမက ကျေးလက်များတွင် ဆိုင်ကယ် ၏ ဘေးနှင့်အနောက်ဘက်တို့တွင်တွဲလျက် လူတင်ရန်၊ ကုန်တင်ရန်၊ ထီနှင့်မုန့်များ လှည့်လည်ရောင်းချရန်အပြင် ရေသယ်ယူရန်တို့ အတွက် အသုံးပြုနေကြသည့် ဆိုင်ကယ်ဘေးတွဲနှင့်နောက်တွဲများကို မြင်တွေ့နေရသည်။ တစ်နယ်နှင့်တစ်နယ် တည်ဆောက်ထားမှု မတူညီကြသဖြင့် အန္တရာယ်များကြောင်း၊ အချို့ဆိုင်ကယ်က လိုင်စင် ရှိပြီး အချို့ဆိုင်ကယ်ကလိုင်စင်မရှိ၍ ယာဉ်တိုက်မှုဖြစ်ပေါ်လာပါက တာဝန်ရှိသူများ တစ်ပြေးညီအရေးယူဆောင်ရွက်ရန် အခက်အခဲများ ဖြစ်ပေါ်ကြောင်း သိရသည်။ ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်၏ ဘေးနှင့် အနောက်ဘက်တို့တွင် တွဲလျက်တပ်ဆင်ထားသည့် ယာဉ်များနှင့် ပတ်သက်၍ ဖျာပုံခရိုင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေပုဒ်မ ၂၄ အရ ယာဉ်တည်ဆောက်မှုညွှန်ကြားချက်နှင့် မညီညွတ်သည့်ယာဉ်များဟူ၍ ပုဒ်မပြဋ္ဌာန်းထားပြီး ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ ပုဒ်မ ၆၅ အရ ဒဏ်ငွေသုံးသောင်းကျပ်အထိ သတ်မှတ်ထားကြောင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးပြီး တင်ပြလာပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လိုအပ်သည်များ စစ်ဆေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။
ဖျာပုံခရိုင် ယာဉ်ထိန်းတာဝန်ခံ အမှတ်(၈ဝ)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲအုပ်ဇာနည်ထွန်းက ''ဆိုင်ကယ်ဘေးတွဲ၊ နောက်တွဲယာဉ်တွေနဲ့ပတ်သက်ပြီး ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေနဲ့မညီညွတ်ရင် အရေးယူဆောင်ရွက်သွားဖို့ စီစဉ် လျက်ရှိပါတယ်''ဟု ပြောသည်။
အချို့မြို့များတွင် ဆိုင်ကယ်ဘေးတွဲနှင့် နောက်တွဲများ ဖမ်းဆီး၍ ဒဏ်ငွေ နှစ်သောင်း ပေးဆောင်စေပြီး ဘေးတွဲ၊ နောက်တွဲများ ကို ဖြုတ်ယူသိမ်းဆည်း၍ လိုင်စင်ရှိသည့် ဆိုင်ကယ်များ ပြန်လည် ပေးအပ်ပြီး လိုင်စင်မရှိပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
အောင်ဝင်း(ဖျာပုံ)
No comments:
Post a Comment