Latest News

Saturday, April 21, 2018

မြို့နယ် သုံးမြို့နယ်၌ ပိုမိုလုံခြုံစိတ်ချရသော ရေဘေးကာကွယ်မှုဧရိယာ မကြာမီရရှိလာတော့မည်

မြို့နယ် သုံးမြို့နယ်၌   ပိုမိုလုံခြုံစိတ်ချရသော
ရေဘေးကာကွယ်မှုဧရိယာ   မကြာမီရရှိလာတော့မည်

ပုသိမ်-မုံရွာလမ်းမကြီး ငါးသိုင်းချောင်းမြို့အဝင် ငဝန် မြစ်ကူးတံတားပေါ်မှ မြို့အတွင်းပိုင်းရှိ ငဝန်မြစ်အရှေ့ ဘက်ကမ်းရေကာတာရိုးပေါ်သို့ လှမ်း၍ကြည့်မိလျှင် စက်ယန္တရားများ၊ မြေမှုန် ဖုန်စများ၊ တာ တံတိုင်းအုတ်ရိုး သစ်အချို့နှင့် ရေကာတာပြုပြင်မွမ်းမံတည်ဆောက် ရေးလုပ်ငန်းခွင်လှုပ်ရှားမှုများကို တွေ့မြင်ရမည်ဖြစ် သည်။ လွန်ခဲ့သောနှစ်နှစ်တာကာလ မိုးရာသီငဝန်မြစ် ရေကြီးမြင့်စဉ်အခါက ဤနေရာဒေသတွင် ရေကာတာ ကြံ့ခိုင်မှုကောင်းမွန်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ များ၊ ဝိုင်းဝန်းကူညီသူများ၊ ဒေသခံပြည်သူများစုပေါင်း အားဖြင့် နေ့ညမပြတ်ရေကာတာရေယိုစိမ့်ပေါက်များကို ရှာဖွေ၊ ဖာထေး၊ စောင့်ကြည့်ပြုပြင်ခဲ့ကြရပေသည်။ ယခုလက်ရှိအချိန်တွင် နှစ်စဉ် မိုးရာသီကာလ ငဝန်မြစ် ရေလျှံတက်မှုအား ကာကွယ်တားဆီးခဲ့သော ငါးသိုင်းချောင်းမြို့တွင်းနှင့်ပတ်ဝန်းကျင်ရှိမြေသားတာတမံတို့အား ပိုမိုတောင့်တင်းခိုင်မာလုံခြုံစိတ်ချရသောအခြေအနေရရှိစေရန် တာတမံအကြီးစား ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိနေပြီဖြစ်သည်။

ငဝန်ရေကာတာ၏သမိုင်းအစ

၁၈၅၂ - ၁၈၅၃ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ အပြီး အောက်မြန်မာပြည်အား အင်္ဂလိပ်တို့သိမ်းယူခဲ့ကြ သည်။ ထိုအချိန်ကာလအထိ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွင်း တာတမံများမရှိသေးဘဲ လယ်သမားများ က စပါးစိုက်ပျိုးရေးအတွက် စုပေါင်းကာရံတည်ဆောက် ခဲ့သော လယ်သမားတာအချို့သာ ရှိခဲ့ပေသည်။ ၁၈၆၂ ခုနှစ်  အရောက်တွင် အောက်မြန်မာပြည်ဗြိတိသျှ အစိုးရက    ဗိုလ်မှူးကြီးရှော့ခ်(Colonel Short)ဆိုသူအား တာတမံများတည်ဆောက်ရန် ဖြစ်နိုင်ခြေရှိ၊ မရှိ စူးစမ်းလေ့လာစေခိုင်းသည်မှစ၍ တာတမံသမိုင်း စတင်ခဲ့လေသည်။

၁၈၆၄ ခုနှစ်တွင် ဟင်္သာတမြို့အနီးတွင် အလျား တစ်မိုင်ရှိသော တာတမံတစ်ခုကိုစတင်စမ်းသပ်တည်ဆောက်ခဲ့ပြီး ၁၈၆၄-၁၈၆၈ ခုနှစ်အတွင်းတွင် အလျား ခြောက်မိုင်ရှိသောကြံခင်းတာနှင့် အလျား ၄၄ ဒသမ ၅ မိုင်ရှိသောမြန်အောင်တာများကို တည်ဆောက်ခဲ့ သည်။ ၁၈၇၁-၁၈၇၆ ခုနှစ်အတွင်း ဟင်္သာတမြို့ အထက်ဘက် ပေါက်တောကျေးရွာမှစတင်၍ ငဝန်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက် အလျား ၇၅ မိုင် ၄ ဖာလုံ ရှိသော ဧရာဝတီဟင်္သာတတစ်ဖက်ကမ်းတာကို တည်ဆောက်ခဲ့သည်။  ထိုသို့ဟင်္သာတလွင်ပြင်အား မြင်းခွာသဏ္ဌာန် ငဝန်တာနှင့် ဧရာဝတီဟင်္သာတ တစ်ဖက်ကမ်းတာတို့ကို တည်ဆောက်ခဲ့ခြင်းအားဖြင့် လယ်မြေဧကပေါင်း ရှစ်သိန်းကျော်ကို ရေလွှမ်းမိုးမှုမှ ကာကွယ်ပေးလျက်ရှိပါသည်။ ထိုရေကာတာတို့အနက်မှ ငဝန်ရေကာတာသည် ဧကနှစ်သိန်းကျော်ကာကွယ်ပါ သည်။

ရေကာတာများပြုပြင်ထိန်းသိမ်းခြင်း

ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာ အနီး ဧရာဝတီမြစ်ကြီးမှခွဲထွက်လာသော ငဝန်မြစ်သည် ဟင်္သာတမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ငါးသိုင်းချောင်း မြို့၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်များကိုဖြတ်သန်းပြီး ပင်လယ်အတွင်းသို့ စီးဝင်သည်။      ဧရာဝတီမြစ်ရေကြီးမှုဖြစ်စဉ်များ ဖြစ်ပေါ်လာသည်နှင့်အမျှ ငဝန်မြစ်ရေသည်လည်း တစ်ရှိန်ထိုးမြင့်တက်လာပြီး မြစ်၏အရှေ့ဘက်ကမ်း တစ်လျှောက်တွင် တည်ဆောက်ထားသော ငဝန်မြစ်ရေ ကာတာအား အန္တရာယ်ပေးခဲ့သည့်အချိန်များ ရှိခဲ့သည်။

ရေကာတာများကျိုးပေါက်ပါက လူ၊ တိရစ္ဆာန်များ သေကျေပျက်စီးနိုင်ပြီး သီးနှံစိုက်ခင်းများ၊ လူနေအိမ်ခြေ တိုက်တာအဆောက်အအုံများ၊ လမ်းတံတားများရေနစ် မြုပ်ပျက်စီးဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် ကြိုတင် ကာကွယ်သည့်အနေဖြင့် ရေကာတာများအား ဆည် မြောင်းနှင့်   ရေအသုံးချမှု   စီမံခန့်ခွဲရေးဦးစီးဌာနက လုပ်သားများ၊ စက်ယန္တရားများဖြင့် နှစ်စဉ်ပြုပြင်ထိန်း သိမ်း ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိအချိန်ကာလတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ရေဘေးအန္တရာယ် လုံခြုံစိတ်ချရမှုရရှိစေရေး အတွက် အထူးဂရုပြု အလေးထားဆောင်ရွက်ပေးလျက် ရှိရာ တာတမံများဖြင့်မြစ်ရေကြီးမှု ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်သကဲ့သို့ ရေကြီးနစ်မြုပ်မှုလျှော့ချရေး လုပ်ငန်းများဖြစ်သော ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါသည်။ တာတမံများဖြင့် မြစ်ရေကြီးမှု ကာကွယ်ရေးလုပ်ငန်းမှာ ပို၍အရေးကြီးသောလုပ်ငန်း တစ်ခုဖြစ်သောကြောင့် ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငဝန်မြစ်ရေကာတာ သည် ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်နှစ်ခု၌ ငဝန်မြစ်ရိုး အရှေ့ဘက်ကမ်းတစ်လျှောက် လိပ်ချောင်းကျေးရွာအနီး မှခွဲထွက်ပြီး တာမိုင်အမှတ်(၂/ဝ)မှစ၍ ဟင်္သာတ၊ လေးမျက်နှာနှင့် ရေကြည်မြို့နယ်တို့ကိုဖြတ်သန်း၍ သာပေါင်းမြို့နယ်အဆုံး တာမိုင်အမှတ်(၇၅/၇)အထိ အလျား ၇၃ မိုင် ၇ ဖာလုံ ရှည်လျားသည်။  ရေကြည် မြို့နယ်အတွင်း၌ ငဝန်ရေကာတာသည် ဘုတ်ချောင်း ကျေးရွာ တာမိုင်(၃၉/ဝ)မှ မြေရဲကွင်းကျေးရွာ တာမိုင် (၆၁/ဝ)အထိ အလျား ၂၂ မိုင် ရှည်လျားပြီး ရေဘေး ကာကွယ်မှုဧရိယာအတွင်း၌ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်း   မြို့နယ်သုံးခု စုစုပေါင်းဧရိယာဧက ၂ဝဝ၂၇၄ ဧက ဖြစ်ပါသည်။

၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်များတွင် ငဝန်မြစ်ရေ သည် နှစ်နှစ်ဆက်တိုက် ထူးခြားစွာမြင့်တက်ခဲ့ခြင်း၊ မြေသားတာတမံအမျိုးအစားဖြစ်ပြီး နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိခြင်း၊ မြစ်ရေအချိန်ကြာမြင့်စွာ တိုက်စားမှုဒဏ်၊ လူ၊ ကျွဲ၊ နွားတိရစ္ဆာန်များကြောင့် တာထိပ်နိမ့်ကျခြင်း၊     မြစ်ဘက်ခြမ်းတာစောင်းများ ကြံ့ခိုင်မှုယိုယွင်းလာခြင်း၊ သတ်မှတ်တာထိမ်အမြင့်များ မပြည့်မီခြင်းအပြင် နှစ်စဉ်မိုးရာသီမြစ်ရေကြီးမြင့်ချိန် ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ နေ့/ညအဆက်မပြတ်ရေကာတာကြံ့ခံမှု စစ်ဆေးပြုပြင်ရခြင်း၊ ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊  ကယ်ဆယ်ရေးစခန်းများ   အရေးပေါ် ဆောင်ရွက်ဖွင့်လှစ်ပေးရခြင်းနှင့် ရေဘေးအန္တရာယ် စိုးရိမ်ကြောင့်ကြရမှုများ နှစ်စဉ်ကြုံတွေ့ခံစားခဲ့ကြရခြင်း တို့ကြောင့်  တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များမှ သက်ဆိုင်ရာလွှတ်တော် အသီးသီး၌  ငဝန်ရေကာတာ   ပြုပြင်မွမ်းမံမှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် အဆိုပြုတင်ပြချက်၊ သက်ဆိုင်ရာ ဆည်၊ ရေပညာရှင်များ၏ ကွင်းဆင်းတိုင်းတာတွက်ချက် မှုများနှင့်အတူ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ရေကြည် မြို့နယ်အတွင်း ငါးသိုင်းချောင်းမြို့တွင်းငဝန်ရေကာ တာနှင့် မြို့ပတ်ဝန်းကျင်
ငဝန်ရေကာတာ  စုစုပေါင်းမိုင် အရှည်အလျား ၁၆ မိုင်ကို ပြင်ဆင်ဆောင်ရွက်ခွင့် ရရှိ ခဲ့သည်။

ပိုမိုလုံခြုံစိတ်ချရသောအခြေအနေသို့

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလပထမပတ်နှင့် နောက်ဆုံး ပတ်များအတွင်း ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန   ရုံးခန်းမ၌  ရေကြည်မြို့နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်     ဒေါက်တာစံရွှေဝင်း၊ သက်ဆိုင်ရာမြို့နယ်ဆည်/ရေဦးစီးဌာနတာဝန်ရှိသူ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငါးသိုင်းချောင်းမြို့ အတွင်းငဝန်ရေကာတာအနီးရှိ ဒေသခံပြည်သူများ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေး၍ ငါးသိုင်းချောင်းမြို့ အတွင်း ငဝန်ရေကာတာပြုပြင်ရန်အတွက် လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ရပါသည်။

၂ဝ၁၈   ခုနှစ်   နှစ်ဦးပိုင်းမှစတင်၍  ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ငဝန်ရေကာတာပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ငါးသိုင်းချောင်းမြို့အပြင်ပိုင်းရေကာတာ တာမိုင် (၃၉/ဝ မှ ၄၆/၆)နှင့်(၄၈/ဝ မှ ၅၅/ဝ)အတွင်း စုစု ပေါင်းတာမိုင်အရှည် ၁၅ မိုင်ခွဲတွင် မြေသားတာခြေကန် တာမြှင့်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ၈၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါသည်။

ငါးသိုင်းချောင်းမြို့အတွင်း      ငဝန်ရေကာတာ တာမိုင်(၄၆/၆ မှ ၄၇/၃+၅ဝဝ)ပေ စုစုပေါင်းတာ အရှည်ပေ ၅၁၅ဝ တွင် ရေကာတာအနီးရှိ ဒေသခံ ပြည်သူများ၏ အိမ်ခြေများနှင့်အများပိုင်အဆောက် အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေအနည်းဆုံး နှင့် ရေကာတာကြံ့ခိုင်မှုအခြေအနေ အကောင်းဆုံးရရှိ စေရန် သက်ဆိုင်ရာ ဆည်/ရေ(ဒီဇိုင်းဌာန)ပညာရှင် များမှ သုံးကြိမ်တိုင်တိုင် စိစစ်တွက်ချက်ဒီဇိုင်းထုတ်လုပ်၍ ကုန်းဘက်ခြမ်းတာခြေတွင် ကွန်ကရစ်မြေထိန်းနံရံ၊ မြစ်ဘက်ခြမ်းတာခြေတွင် အုတ်စီမြေထိန်းနံရံတာပေါင် မြေသားဖြည့်ခြင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် မြို့တွင်းရေကာတာ ပြုပြင်ခြင်း လုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

အဆိုပါရေကာတာပြုပြင်မွမ်းမံမှုလုပ်ငန်းအားလုံး ၂ဝ၁၈ ခုနှစ် မိုးရာသီမတိုင်မီ ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်ပြီး သက်ဆိုင်ရာဆည်/ရေဦးစီးဌာန၏အနီးကပ် ကြီးကြပ်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ အင်တိုက်အား တိုက်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြည်မြို့နယ် ငဝန်ရေကာတာ၏ ရေဘေးကာကွယ်မှုဧရိယာဧကအတွင်းရှိ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း မြို့နယ်သုံးခုရှိ စုစုပေါင်းဧရိယာ ဧက ၂ဝဝ၂၇၄ ဧက၌ ပိုမိုလုံခြုံစိတ်ချရသောရေဘေး ကာကွယ်မှုဧရိယာကို မကြာမီရရှိလာတော့မည်ဖြစ် ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခဲ့ကြသောအဖွဲ့အစည်းများနှင့်ဒေသခံပြည်သူလူထုအားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်းနှင့်  ရေကာတာရေရှည်တည်တံ့ခိုင် မြဲကောင်းမွန်နေစေရေးနှင့် ရေကြီးရေလျှံမှု ကြိုတင်ကာ ကွယ်ရေးအတွက် အခြားလိုအပ်သော ရေထုတ်မြောင်း များ တူးဖော်ခြင်း၊ ချောင်းကောမြောင်းကောများတူးဖော် ခြင်းအစရှိသည့် လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမော်က ပြောကြားခဲ့သည်။

ငဝန်ရေကာတာဖြတ်သန်းတည်ရှိရာ ငဝန်မြစ်အရှေ့ ဘက်ကမ်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ပတ်ဝန်း ကျင်၌ ရေကာတာ၏ရေဘေးကာကွယ်မှုဧရိယာအတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၁ စု၊ ရေကာတာရေဘေး ကာကွယ်မှုဧရိယာပြင်ပ ရပ်/ကျေး ၂၇ အုပ်စု စုစု ပေါင်း  ၃၈ အုပ်စု ရေကာတည်ရှိပြီး ရေဘေးကာကွယ်မှု ဧရိယာအတွင်း    ပိုမိုလုံခြုံစိတ်ချရသော   အခြေအနေ နှစ်စဉ်ရရှိလာစေရန် တာတမံဥပဒေများအားလေးစား လိုက်နာဆောင်ရွက်မှု၊ ရေကာတာသန့်ရှင်းရေးနှင့် ရေရှည်ကောင်းမွန်ခိုင်မာရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့အစဉ်မပြတ် ချိတ်ဆက်ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက် ခြင်းများဖြင့်  ပိုမိုလုံခြုံစိတ်ချရသော ရေဘေးကာကွယ်မှု အကျိုးကျေးဇူးများ ရေရှည်ခံစားကြရမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။  ။

စိုးမင်းဦး(ပြန်/ဆက်)
ကိုးကား -  ရေကြည်မြို့နယ်ဆည်မြောင်းနှင့်
ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန

No comments:

Post a Comment