Latest News

Tuesday, April 24, 2018

ရင်းနှီးမြှုပ်နှံမှုတွေ စည်ဝေမယ့် အနာဂတ်ရန်ကုန်.......

ရင်းနှီးမြှုပ်နှံမှုတွေ စည်ဝေမယ့် အနာဂတ်ရန်ကုန်.......

 ရန်ကုန်   မြို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားတဲ့အနေနဲ့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂ဝ၁၈ ကို လာမယ့် မေ ၉ ရက်မှာ ကျင်းပဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဒီလို စီစဉ်တာဟာ    ရန်ကုန်မြို့အပါအဝင်    ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ     ဖွံ့ဖြိုးတိုးတက်မှု၊    အလုပ်အကိုင်    အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်မှုနဲ့ တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ကို သုံးစွဲခြင်း ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရရှိအောင် ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်တယ်လို့ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်   ဦးဖြိုးမင်းသိန်းက   ပြီးခဲ့တဲ့  ဧပြီ   ၂ဝ   ရက်က ပြောကြားထားပါသည်။

ရန်ကုန်မြို့သစ်     စီမံကိန်းအပါအဝင်     ရန်ကုန်ပင်လယ် ဆိပ်ကမ်း၊     စက်မှုဇုန်သစ်တွေ၊     အရန်မြို့သစ်တည်ဆောက်မှု စီမံကိန်းတွေ၊ မိုးပျံကားလမ်းစီမံကိန်းတွေ - လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ရှိနေသလို အခြားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ အများအပြားရှိနေတာမို့ ရန်ကုန်မြို့ရဲ့ လက်ရှိပုံရိပ် ဟာ မကြာမီကာလမှာ ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ဟာ လူနေထိုင်မှု နှစ်စဉ်တိုးတက်များပြားလာ တာမို့ လာမယ့် ဆယ်စုနှစ်ကာလကျော်အတွင်းမှာ လူဦးရေ ၁ဝ သန်းခန့်ရှိလာနိုင်တဲ့     မဂ္ဂါစီးတီးအသွင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့သစ် စီမံကိန်းတွေ၊     စီးပွားရေးလုပ်ငန်းတွေ၊     အလုပ်အကိုင် အခွင့်အလမ်းတွေ၊ အိမ်ရာစီမံကိန်းတွေကို အခုကတည်းက စတင်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာလည်း ရန်ကုန်တိုင်း ဒေသကြီးဟာ ပြည်တွင်း  ပြည်ပရင်းနှီးမြှုပ်နှံသူတွေ အများဆုံး လာရောက်လုပ်ကိုင်တဲ့ နေရာတစ်ခုဖြစ်သလို ပြည်ပစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ မျက်စိကျစရာ၊ စိတ်ဝင်စားစရာ နေရာဒေသ တစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး ကို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့ နယ်မြေကြီးတစ်ခု အဖြစ် ရောက်ရှိအောင် ကြိုးစားဆောင်ရွက်ဖို့လည်း ရှိနေပါ တယ်။
ဒီလိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ရန်ကုန်ရင်းနှီး မြှုပ်နှံမှုဖိုရမ်  ၂ဝ၁၈ ကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ မေ ၉ ရက်မှာ ကျင်းပတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေအဖို့  အခွင့်အလမ်း တွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ နည်းလမ်းတွေ၊ ဥပဒေတွေအပြင် အခွန်ကိစ္စတွေ၊    ဖြေလျှော့မှုတွေ  အားလုံးသိရှိနားလည်အောင် ချပြသွားမယ်လို့လည်း      ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ်က ပြောကြားနေပါတယ်။
မကြာမီအချိန်ကာလမှာ     အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတဲ့  ရန်ကုန်မြို့သစ်စီမံ ကိန်းကလည်း     ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး လုပ်ငန်းကဏ္ဍအလိုက်    ပြည်ပကုမ္ပဏီတွေကလည်း    ရင်းနှီးမြှုပ်နှံဖို့    စိတ်ဝင်စားမှု    မြင့်တက်နေပါတယ်။ ရန်ကုန်မြို့တစ်ဖက်ကမ်းမှာ ဆောင်ရွက်မယ့်  မြို့သစ်တည်ဆောက်ရေးစီမံကိန်းမှာ အစိုးရက ငွေကြေးကုန်ကျ   စိုက်ထုတ်အသုံးပြုမှာ   မဟုတ်ဘဲ   မြေနဲ့   ရင်းနှီးမြှုပ်နှံမှု ငွေကြေးဖလှယ်မယ့် ပုံစံမျိုး ဆောင်ရွက်သွား မယ်လို့လည်း ဆိုပါတယ်။ အဲဒီမြို့သစ်လို အကောင်အထည်ဖော် တဲ့အခါ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့    တောင်ကိုရီးယားနိုင်ငံတွေအပြင်    အာဆီယံ နိုင်ငံမှ   စီးပွားရေးလုပ်ငန်းရှင်တွေက   ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေတယ်လို့   သိရ ပါတယ်။

ရန်ကုန်သီလဝါ   အထူး စီးပွားရေးဇုန်ဘက်ကို ကြည့် မယ်ဆိုရင်  လက်ရှိအချိန်အထိ ဂျပန်နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၅ ခု ကျော်အထိ ရင်းနှီးမြှုပ်နှံ ဝင်ရောက် လုပ်ကိုင်နေပါတယ်။ သီလဝါ စက်မှုဇုန်မှာ  တော့  လောလောဆယ်မှာ  နိုင်ငံပေါင်း   ၁၇  နိုင်ငံ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတာဖြစ်ပြီး အခုချိန်မှာ စက်ရုံ ၈၉ ရုံ ခွင့်ပြုမိန့်ကျထားသလို စက်ရုံပေါင်း ၃၉ ရုံကတော့ လုပ်ငန်းတွေ လည်ပတ်နေပြီဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ သီလဝါ အထူးစီးပွားရေးဇုန်မှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မတ်လကုန်အထိ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄ဝဝ ခန့်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်တစ်ခုလုံး အကောင်အထည် ဖော်ပြီးရင်တော့ နိုင်ငံတကာမှ ကုမ္ပဏီ ၁၅ဝ ခန့်ရှိလာမှာဖြစ်သလို ရင်းနှီးမြှုပ်နှံမှုကလည်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၁ ဒသမ ၇ ဘီလီယံကျော်အထိ ရှိလာမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ စီးပွားရေး လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ကြည့်မယ်ဆိုရင် လည်း၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ကာလအကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၂၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏအမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၆ ဘီလီယံကျော်နဲ့  ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ပမာဏ အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၇၁၇ ဘီလီယံအထိ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကိုကြည့်ရင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အများဆုံးရှိနေတာဖြစ်သလို အလုပ်အကိုင်အခွင့် အလမ်းများပြားတဲ့ ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်မှုတွေ ပိုမို များပြားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ လောလောဆယ်အနေအထား ကိုကြည့်ရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေထိုင်တဲ့ လူဦးရေရဲ့ ၄၂ ဒသမ ၃ ရာခိုင်နှုန်းဟာ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှ ရွှေ့ပြောင်းအခြေချလာသူဖြစ်သလို ၂၆ ရာခိုင် နှုန်းကတော့ အလုပ်အကိုင်ပြောင်းရွှေ့လာကြတယ်လို့လည်း ဆိုထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ အများဆုံး ဝင်ရောက်တာဖြစ်တာမို့ အဲဒီရင်းနှီးမြှုပ်နှံမှုတွေက ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ များပြား နေပြီး လာရောက်လုပ်ကိုင်တဲ့ ဦးရေများပြားနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်လုပ်သားတွေမဟုတ်တဲ့အတွက် လူငယ်တွေ အဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရန်ကုန်မြို့ဟာ တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာသလို ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံလာရောက် ကြိုးစားဦးမှာဖြစ်တာကြောင့်    ရန်ကုန်မြို့ရဲ့   အနာဂတ်ဟာ တိုးတက်စည်ဝေလာဦးမှာ    သေချာနေပါတယ်။    ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေ ဆုံပြီး ပြည်ပအဓိကဝင်ပေါက် ဖြစ်တဲ့       ရန်ကုန်မြို့ဟာ     ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့အတူ လင်းလက် ဝေဖြာမယ့် အနာဂတ်ကို မျှော်မှန်းကြည့်ရတော့မှာ ဖြစ်ပါတယ်။        

ဝေယံဦး ၊ ဓာတ်ပုံ-ကေဇင်(မြန်​မာ့အလင်း)

No comments:

Post a Comment