ရာနှုန်းပြည့် အာမခံမှုပေးကြောင်း တာဝန်ရှိသူမှ ပြောကြား
ကျိုက်ထို ဧပြီ ၂၄
မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျိုက်ထီးရိုးစေတီ တော်ကြီး၏ ကေဘယ်လ်ကားပြေးဆွဲမှုမှာ သုံးလကျော် အတွင်း လိုက်ပါစီးနင်းသည့် ဘုရားဖူးခရီးသည် သုံးသိန်းဝန်းကျင်အထိရှိပြီး တာဝန်ယူပြေးဆွဲပေးသောSky Asia ကုမ္ပဏီအနေဖြင့် ခရီးသွားများအား ရာနှုန်းပြည့် အာမခံမှုပေးကြောင်း အဆိုပါ ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်သန်းက ပြောကြား သည်။
ယနေ့ မွန်းလွဲပိုင်းတွင် ကျိုက်ထိုမြို့ ရသေ့တောင် စခန်း၌ Cable Car Main Station တွင် ကျိုက်ထီးရိုး ကေဘယ်လ်ကား ပြေးဆွဲနေမှုအပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် စွပ်စွဲချက်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် မီဒီယာများအား အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြန်လည်ရှင်းလင်း
ကျိုက်ထီးရိုးစေတီတော်ပေါ်တွင် သွယ်တန်းထား သော ကေဘယ်လ်ကားများတွင် အသက်အာမခံမရှိခြင်း ကြောင့် လုံခြုံစိတ်ချမှု မရှိခြင်း၊ တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ ငွေကျပ်သိန်းပေါင်း ၇ဝဝဝဝ ကျော် ပေးရန် ကျန်ရှိနေခြင်းကြောင့် တရားစွဲဆိုနေခြင်း စသည့် သတင်းများကို လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာ အချို့မှ ဖော်ပြခဲ့ခြင်းအပေါ် သက်ဆိုင်ရာကုမ္ပဏီက ပြန်လည်ရှင်းလင်းခြင်း ဖြစ်သည်။
ဥပဒေနှင့်အညီ ဆောင်ရွက်မည်
၎င်းတို့အနေဖြင့် တရားစွဲဆိုထားခြင်းအပေါ် တုံ့ပြန်သွားမည်မဟုတ်ဘဲ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ပိုင်းဆိုင်ရာ သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း ဥပဒေနှင့်အညီ ပြန်လည်ရှင်းလင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Sky Asia ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်သန်းက ''နိုင်ငံခြားအင်ဂျင်နီယာတွေနဲ့ အားလုံး စမ်းသပ်ဆောင်ရွက်ပြီးမှ တည်ဆောက်ထားတာဖြစ်လို့ ၁ဝဝ ရာခိုင်နှုန်း စိတ်ချရပါတယ်၊ ပြည်သူတွေအနေနဲ့ ယုံကြည် စိတ်ချစွာနဲ့ လိုက်ပါစီးနင်းပြီး ဆံတော်ရှင်ဘုရားကြီးကို ဖူးမြော် နိုင်ပါတယ်၊ ဒီလုပ်ငန်းလုပ်ရတဲ့ ရည်ရွယ်ချက်က အရင် တောင်တက်ကားတွေကို တောင်ပေါ်ထိ ပေးမမောင်းခဲ့ဘူး၊ ရသေ့တောင်မှာပဲ ရပ်ရပါတယ်၊ ရသေ့တောင်ကနေ ဘုရားပေါ်ကို လမ်းလျှောက်ပြီးတက်ရတယ်၊ အဲဒီအခက်အခဲကို ကင်းဝေး သွားအောင် သက်သောင့်သက်သာနဲ့ ဘုရားဖူးနိုင်အောင် Cable Car Project ကို အခုလို စီစဉ်ခဲ့တာ ဖြစ်တယ်''” ဟု ပြောကြားသည်။
လက်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်၌ ပြေးဆွဲနေသော ကေဘယ်လ်ကားစီးနင်းခမှာ အသွားတစ်ဦးလျှင် ငွေကျပ် ၄ဝဝဝ $ဖြစ်ပြီး အသွားအပြန်စီးနင်းပါက ငွေကျပ် ၆ဝဝဝ $ဖြစ်ကြောင်း သိရသည်။ တစ်နေ့လျှင် ခရီးသည် ၃ဝဝဝ ကျော် လာရောက် စီးနင်းလျက်ရှိပြီး စတင်ဖွင့်လှစ်ခဲ့သည့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ယခုအထိ ခရီးသည် သုံးသိန်းခွဲခန့် လာရောက်စီးနင်းပြီး ဖြစ်ကြောင်း သိရသည်။
''ကျိုက်ထီးရိုးဆံတော်ကို လာရောက်ဖူးတာ ဒါနဲ့ဆို သုံးခေါက်ရှိပါပြီ၊ ပထမဆုံးအကြိမ် ကေဘယ်လ်ကား စီးတာပါ၊ ပျော်ဖို့လည်းကောင်းတယ်၊ ရင်လည်းတုန်ပါတယ်၊ ပိုကောင်း တာက မြန်မြန်ဆန်ဆန်ရောက်တယ်၊ သက်ကြီးရွယ်အိုတွေ အတွက် ပိုအဆင်ပြေပါတယ်'' ဟု ပန်းတနော်မြို့နယ်မှ လာရောက်ဖူးမြော်သူ မကေသီအောင်က ပြောသည်။
ယခုအခါ ကေဘယ်လ်ကားပြေးဆွဲမှုကို အစီးရေ ၄၃ စီးဖြင့် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲပေးလျက်ရှိပြီး နေ့စဉ်ဘုရားဖူးခရီးသည် ၃ဝဝဝ ကျော် လိုက်ပါစီးနင်းလျက် ရှိကြောင်း သိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)ဓာတ်ပုံ- မင်းထက်
No comments:
Post a Comment