Latest News

Tuesday, April 24, 2018

ရန်ကုန်မြို့အတွက်စီးပွားရေးအရအရေးပါလျက်ရှိသော လှိုင်မြစ်ကူးတံတားကြီး လေးစင်း

ရန်ကုန်မြို့အတွက်စီးပွားရေးအရအရေးပါလျက်ရှိသော လှိုင်မြစ်ကူးတံတားကြီး လေးစင်း


နိုင်ငံတစ်နိုင်ငံ၏   စက်မှုကဏ္ဍနှင့်   စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်  နယ်စပ်ဒေသများ  ကုန်စည်စီးဆင်းမှုနှင့် ကျေးလက်မှ မြို့ပြသို့ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန် အဓိကလိုအပ်ချက်မှာ  လမ်းပန်းဆက်သွယ်ရေးကဏ္ဍပင်  ဖြစ်သည်။  
 
လမ်းပန်းဆက်သွယ်ရေး  မြန်ဆန်ကောင်းမွန်ခြင်းသည်   ထိုနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေပြီး မြို့ပြနှင့် ကျေးလက်နေ ပြည်သူတို့၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက်မှုကို ဖော်ဆောင်ရာ၌ များစွာအထောက်အပံ့ဖြစ်စေသောကြောင့်ဖြစ်သည်။
ယနေ့မြန်မာပြည်၏     စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် ပင်လယ်နှင့်ထိစပ်နေသော မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့်    ဧရာဝတီတိုင်းဒေသကြီးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန် စေရန်   လှိုင်မြစ်ကူးတံတားကြီးလေးစင်းကို   နိုင်ငံတော်မှ တည်ဆောက်ခဲ့ရာ   ယနေ့တိုင် မြစ်ကူးတံတားကြီးများ၏ အကျိုးကျေးဇူးကို ပြည်သူအပေါင်း ရရှိခံစားနေကြလျက်ရှိသည်။မြစ်ကူးတံတားလေးစင်းတွင် ကြိုးတံတားတစ်ခုအပါအဝင် ဖြစ်ပြီး ဘုရင့်နောင်အမှတ် (၁) တံတားကို ဦးစွာမြစ်ကူးတံတား အဖြစ်    စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။   ထိုယခင်က လှိုင်သာယာမှ   အင်းစိန်နှင့်   မရမ်းကုန်းသို့   ဇက်ရေယာဉ်၊ စက်သမ္ဗန်တို့ဖြင့်သာ  ကူးလူးသွားလာခဲ့ရပြီး   ပန်းဆိုးတန်း ဆိပ်ကမ်းကို   ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ   နှစ်ထပ် သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အချိန်အခါမရွေး ရန်ကုန်ဘက်ကမ်းကို သွားလာရန်ခက်ခဲသောကြောင့် ဧရာဝတီ တိုင်းမှ ကုန်စည်များပို့ဆောင်ရာတွင် အခက်အခဲများစွာရှိခဲ့၍ထိုဒေသမှပြည်သူတို့နှင့် လှိုင်မြစ်ကမ်းနံဘေးရှိ လှိုင်သာယာ မြို့သစ်မှ ပြည်သူများ သွားလာရေးခက်ခဲသောအချိန်ကာလ တစ်ခုအဖြစ် ကြုံတွေ့ခဲ့ကြရသည်။ ထို့ကြောင့် ဆန်စပါးနှင့် ရေထွက်ကုန်ပစ္စည်း အဓိကထွက်သော ဧရာဝတီတိုင်းဒေသကြီး အတွက် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် လှိုင်မြစ်ကူးတံတားကြီး တစ်စင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကြံ့ခိုင်မှုအားနည်းစပြုနေပြီဖြစ်သော       ဘုရင့်နောင်အမှတ် (၁)တံတားပေါ်မှ   ယာဉ်များ   ဖြတ်သန်းသွားလာနေဆဲဖြစ်၍ ပြည်သူကို     အကျိုးပြုနေဆဲပင်ဖြစ်သည်။   တံတားအချို့၏ ကမ္ပည်းမော်ကွန်းများ မရှိတော့သည့်အတွက် တံတားမှတ်တမ်း များထားရှိခြင်းဖြင့်          သမိုင်းအထောက်အထားအဖြစ် အများပြည်သူ သိရှိစေမည်ဖြစ်သည်။


ဘုရင့်နောင်အမှတ်(၁)တံတား
လှိုင်မြစ်ကူးတံတားကြီးတစ်စင်းဖြစ်သော ဘုရင့်နောင် အမှတ် (၁) တံတားကို      ၁၉၉ဝ   ပြည့်နှစ်ဝန်းကျင်တွင် တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရပြီး တည်ဆောက်ခဲ့သော ကမ္ပည်းမော်ကွန်းကျောက်တိုင် မရှိတော့ပြီဖြစ်သည်။ လှိုင်သာ ယာမြို့သစ်တည်ပြီးနောက်  ဦးစွာတည်ဆောက်ခဲ့သော မြစ်ကူး တံတားကြီးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးကို များစွာအကျိုးပြုနေသော တံတားကြီးတစ်စင်းလည်း ဖြစ်သည်။ ထိုတံတားကို  လှိုင်သာယာမြို့အထွက် တစ်လမ်းမောင်း လမ်းအဖြစ်  အသုံးပြုလျက်ရှိပြီး ယာဉ်ဖြတ်သန်းလျှင် တံတားမှာ အနည်းငယ်လှုပ်ယမ်းနေပြီဖြစ်သည်။   လှိုင်သာယာအထွက် တံတားအတက်ချဉ်းကပ်လမ်းနှင့် တံတားထိစပ်သောနေရာမှာ နိမ့်ကျနေသောကြောင့် ယာဉ်များအရှိန်ဖြင့်တက်ရမည့်နေရာတွင်    ဖြည်းညင်းစွာ  သတိဖြင့်   ယာဉ်များဖြတ်သန်းနေရ၍ နံနက်ပိုင်းအချိန်တွင်               တံတားပေါ်ယာဉ်ကြောပိတ်ဆို့ တတ်ပြီး     ဘုရင့်နောင်လမ်းဆုံမီးပွိုင့်ထိ  ယာဉ်ကြောပိတ်နေ တတ်လျက်ရှိသည်။ မြစ်ကူးတံတားများ သတ်မှတ်ကာလထက် ပို၍အသုံးပြုနိုင်ရန်     တံတားကြံ့ခိုင်ရေးကို     အလေးထား ဆောင်ရွက်ခြင်းဖြင့်   အများပြည်သူသွားလာရေး အ္တရာယ် ကင်းရှင်းစေမည်ဖြစ်ပြီး မဖြစ်ပွားမီ ကြိုတင်ပြုပြင်မွမ်းမံခြင်းသည် နိုင်ငံတော်အတွက် လျှပ်တစ်ပြက်သုံးစွဲရသော ကုန်ကျငွေကို ထိန်းသိမ်းရာရောက်စေ၍     ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ      စီမံ ဆောင်ရွက်မှု   လျာထားချက်ကိုလည်း  လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်         ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။ ဘုရင့်နောင်ဘက်ခြမ်းတံတားအဆင်း တံတားနှင့်ချဉ်းကပ်လမ်း ထိစပ်နေသောနေရာတွင် အောက်ခံကျောက်သားပေါ်နေသော ကတ္တရာလမ်းပေါက်နေသည့် အပေါက်တစ်ခုရှိပြီး မြစ်ကူးတံတား ကြီးလေးစင်းတွင် ဘုရင့်နောင်အမှတ်(၁)တံတား၏ အတက်၊ အဆင်း   ကတ္တရာလမ်းသည်   ယာဉ်များသွားလာရာ အကောင်း ဆုံးလမ်းအဖြစ်     ယနေ့တိုင်     အများပြည်သူဖြတ်သန်း သွားလာနေကြလျက် တံတားပေါ် ယာဉ်တိုက်မှုအနည်းဆုံး ဖြစ်ပွားသော    တံတားလည်းဖြစ်သည်။   ရဲတပ်ရင်း ၁၅ မှ လှိုင်သာယာဘက်ခြမ်းတွင် တံတားလုံခြုံရေးကင်းတဲတစ်ခု စောင့်ကြပ်လျက်ရှိသည်။    တံတားသက်တမ်းတစ်လျှောက် ခိုင်ခံ့စေရန် စောင့်ကြပ်စစ်ဆေးမှုများ ဆောင်ရွက်ရန်လိုအပ်နေ သောတံတားတစ်စင်းလည်း ဖြစ်သည်။

အောင်ဇေယျကြိုးတံတား
အောင်ဇေယျကြိုးတံတားကို ဘုရင့်နောင်အမှတ်(၁)တံတားတည်ဆောက်ပြီးနောက်ပိုင်း    ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုတံတားသည်လည်း ကွန်တိန်နာနှင့် ယာဉ်မျိုးစုံ နေ့စဉ်ဖြတ် သန်းသွားလာနေကြလျက်ရှိသည်။ တည်ဆောက်ပြီးမကြာမီ တံတားအတက်၊  အဆင်း  လူလျှောက်လမ်းများ  ကွဲအက် ပျက်စီးခဲ့သော တံတားဖြစ်ပြီး နှစ်များစွာကြာမှ အနည်းငယ် ပြုပြင်ခဲ့၍ ယနေ့တိုင်ပျက်စီးကွဲအက်နေသော အရာများကို တံတားအတက်၊ အဆင်း လူလျှောက်လမ်းအကာ ကွန်ကရစ် နံရံတွင်         တွေ့မြင်ရမည်ဖြစ်သည်။  တံတားလေးစင်းတွင် ယာဉ်အများဆုံးဖြတ်သန်းသော တံတားနှစ်စင်းတွင် တစ်စင်း အပါအဝင်ဖြစ်သည်။ တံတားအရှည်မှာ ၃၇၈၆ ဒသမ ၂၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၅၂ ဒသမ ၅ ပေနှင့် လူသွားလမ်း အကျယ်ကို ခြောက်ပေစီထားရှိသည်။ တံတားအောက်ရေလမ်း ကင်းလွတ်နယ်မြေအား အကျယ် ၉၂၂ ပေထားရှိပြီး မြစ်ရေ အတက်ဆုံးအချိန်တွင် အမြင့် ၄၅ ပေ ထားရှိသောကြောင့် သင်္ဘောများ        ဖြတ်သန်းသွားလာနေကြလျက်ရှိသည်။တံတားအမျိုးအစားမှာ   အပေါ်ထည်ကို   လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားနှင့် သံအားဖြည့်ကွန်ကရစ်တံတား အဖြစ်လည်းကောင်း၊ အောက်ထည်ကို ဘိုးပိုင်အာစီရ်ဒီဘိုးပိုင် နှင့် သံအားဖြည့်ကွန်ကရစ်ပိုင်တိုင်အုတ်မြစ်ဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ယာဉ်တစ်စီးချင်းခွင့်ပြုတန်မှာ တန် ၆ဝ ဖြစ်သည်။ တံတားဖြတ်သန်းခကောက်ခံရေးဂိတ်များရှိစဉ်ကတန်ပိုဖြတ်သန်းသောယာဉ်များနှင့် တံတားအတက်၊ အဆင်း မတ်သောကြောင့် မကြာခဏ ယာဉ်ကြီးများ  နောက်ပြန်လိမ့်မှု ဖြစ်ပွားသော တံတားတစ်စင်းဖြစ်ခဲ့ပြီး စက်ဘီးများတွန်းတက်ရ သောတံတားဖြစ်သည်။ တံတားနှစ်ဖက်၏ အတက်၊ အဆင်း နေရာတို့တွင် ကတ္တရာလမ်းများ ဖယောင်းစက်များကဲ့သို့တင်ကျန် နေ၍ ယာဉ်များ သွားလာရေးခက်မဲမှုကြုံရသော တံတားသုံးစင်း တွင် တစ်စင်းအပါအဝင်ဖြစ်သည်။ လှိုင်သာယာဘက်ခြမ်းတံတား အတက်တွင် တံတားလုံခြုံရေးရဲတပ်ရင်းအမှတ်(၁၅)အဖွဲ့မှ တံတားလေးစင်းကို     လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။တစ်ဦးလျှင် လေးနာရီဖြင့် ၂၄ နာရီတာဝန်ချထားသည်ဟုသိရပြီး နံနက် ၆ နာရီမှ ည ၁ဝ နာရီအထိ တာဝန်ထမ်းဆောင်သည်ကို အများဆုံးတွေ့ရတတ်သည်။  အောင်ဇေယျကြိုးတံတား၏ အတက်၊ အဆင်း လူလျှောက်လမ်းမှာ လှိုင်သာယာဘက်ခြမ်းတွင် အများဆုံးပျက်စီးနေသည်ကိုတွေ့ရပြီး     ယာဉ်ဖြတ်သန်းမှု များခြင်းထက်  တံတားအဆင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် တံတားပေါ်တွင်  နံနက်ပိုင်းနှင့်  ညနေပိုင်းတို့၌ ယာဉ်ကြော ပိတ်တတ်သည်မှာ     ယနေ့ထိဖြစ်သည်။   ကြိုးတံတား၏ သတ်မှတ်သက်တမ်းနှင့် ခံနိုင်ဝန်ကိုထိခိုက်စေနိုင်ပြီး အထူးသဖြင့် တံတားနှင့်အနီးတွင် ကွန်ကရစ်ဖျော်သောလုပ်ငန်းကြီးတစ်ခု လည်ပတ်လုပ်ဆောင်နေသည်မှာ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီး ထိုစက်များ၏တုန်ခါမှု၊ တံတားပေါ်ယာဉ်များ ရပ်တန့်စောင့်ဆိုင်း နေရမှုတို့ကြောင့်   ကြိုးတံတားတိုင်ခြေများ   ယိုင်နဲ့ခြင်း၊ တံတား တိုင်မြေသားများ  ကွဲအက်နိုင်ခြင်းတို့ကြောင့်   အောင်ဇေယျ ကြိုးတံတားကြီးအနီးတွင်         မည်သည့်စက်မှုလုပ်ငန်းမှ လုပ်ဆောင်ခွင့်မပြုခြင်း၊    သင်္ဘောကျင်းလုပ်ငန်းနှင့်   သဲ၊ ကျောက်လုပ်ငန်းများ ကင်းဝေးစေခြင်းဖြင့်  ဖြစ်ပေါ်လာနိုင်သော အ္တရာယ်ကို ကြိုတင်ကာကွယ်ရာ ရောက်စေမည်ဖြစ်သည်။ စီးပွားရေးကိုသာကြည့်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက တံတားအတွက် မထင်မှတ်သောအ္တရာယ်များ ကြုံတွေ့ရပါလျှင် ထိုစီးပွားရေးလုပ်သူများ အေးဆေးစွာဖြင့် ထွက်ခွာသွားကြမည် သာဖြစ်သည်။     ကျန်ရစ်ခဲ့သူတို့မှာ   မြန်မာပြည်သူတို့နှင့် ပြန်လည်တည်ဆောက်ရေးအတွက်    လုံးပန်းရတော့မည့် နိုင်ငံတော်သာဖြစ်သည်။  ထိုအောင်ဇေယျကြိုးတံတားအနီး သဲ၊ ကျောက်လုပ်ငန်း၊ ရေယာဉ်များ လွန်းတင်ခြင်းလုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းသည် မြစ်ကူး တံတားများ ¤င်းသက်တမ်းအတိုင်းခံနိုင်ရန် ခြိမ်းခြောက်နေ မည်မှာ အမှန်ပင်ဖြစ်သည်။ ကြိုတင်ကာကွယ်ရန် အချိန်ရရှိ နေခြင်းသည်    ရန်ကုန်တိုင်းဒေသကြီးနှင့်    ဧရာဝတီတိုင်း ဒေသကြီးအတွက်   အခွင့်အရေးတစ်ခု  ရရှိနေဆဲဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရန်       လိုအပ်နေသောတံတားများတွင် အောင်ဇေယျကြိုးတံတားလည်း ပါဝင်ပါသည်။
ရွှေပြည်သာတံတား
ရွှေပြည်သာတံတားကို ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တည်ဆောက်၍ ၂ဝဝဝ ပြည့်နှစ် အောက်တိုဘာ ၃ဝ ရက် တွင်ပြီးစီးခဲ့ကာ   ၂ဝဝ၁   ခုနှစ်        ဇန်နဝါရီ ၂  ရက်နေ့တွင် ဖွ င့်လှစ်ခဲ့သော တံတားကြီးဖြစ်သည်။ လှိုင်သာယာရွှေလင်ပန်း စက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်အတွက် အထူးအရေးပါသော တံတားဖြစ်သည့်အပြင် လှိုင်သာယာအနောက်ပိုင်းတက္ကသိုလ် နှင့် အမှတ်(၄)လမ်း မင်္ဂလာဒုံစက်မှုဇုန်တို့အတွက် အရေးပါသော တံတားတစ်စင်းဖြစ်သည်။ ထိုတံတားကို ယခုနှစ်ဆန်းပိုင်းမှစ၍ လှိုင်သာယာဘက်ခြမ်းရှိ   တံတားအတက်ပျက်စီးနေသော လူသွားလမ်းကို ပြုပြင်ခဲ့ပြီး အနည်းငယ်သာကျန်ရှိ၍ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် ထပ်ပိုးကွန်ကရစ်လမ်းကို ဧပြီ ၂၂ ရက် နေ့တွင် ခင်းကျင်းလျက်ရှိသည်။ ပြည်သူ့အစိုးရလက်ထက်တွင် ဤတံတားကြီးလေးစင်းရှိ    တံတားအချို့၏   အများပြည်သူ သွားလာသောနေရာများနှင့် ပျက်စီးနေသောကားလမ်းများကို အချိန်မီပြုပြင်သောကြောင့် စိတ်အေးချမ်းသာစွာ သွားလာနိုင် သည်ကို အများပြည်သူ သတိပြုမိကြပြီဖြစ်သည်။ ထိုတံတားတွင် ကွန်တိန်နာယာဉ်နှင့်       ယာဉ်မျိုးစုံဖြတ်သန်းသောကြောင့် ယာဉ်အ သွားအလာများပြီး ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။  တံတားနှစ်ဖက်အတက်၊  အဆင်းတွင် ကတ္တရာများတွန့်ခေါက်မှုကြောင့် အနိမ့်အမြင့်များ ဖြစ်ပေါ် နေသည့်အတွက် နေ့ပိုင်းထက် ညပိုင်းတွင် ယာဉ်မတော်တဆ မှုများ ဖြစ်ပွားလေ့ရှိပြီး ကားဘီးဝင်ရိုးများကျိုးခြင်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ဆိုင်ကယ်နှင့် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ရွှေပြည်သာဘက်ခြမ်းတွင် တံတားပေါ်၌ အမှတ်(၁၅)လုံခြုံရေးရဲတပ်ရင်းမှ တံတားလုံခြုံရေးဆောင်ရွက် လျက်ရှိသည်။ လှိုင်မြစ်ကူးတံတားကြီးလေးစင်းတွင် ထိုရွှေပြည် သာတံတားတစ်စင်းသာ CCTV တပ်ဆင်ထားပြီး ထို CCTV  မှာလည်း ပျက်နေသည်မှာ တစ်နှစ်ကျော်ပြီဟု လုံခြုံရေး ဆောင်ရွက်နေသော တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ရွှေပြည်သာတံတားတွင်လည်း ပြုပြင်ထိန်းသိမ်းဆောင်ရွက် ရမည့်အရာများ ရှိနေပါသည်။
ဘုရင့်နောင်အမှတ်(၂)တံတား
လှိုင်မြစ်ကူးတံတားကြီးလေးစင်တွင် ဘုရင့်နောင်အမှတ် (၂)တံတားကို   ၂ဝ၁၃ ခုနှစ်    ဇန်နဝါရီ    ၆ ရက်နေ့တွင် စတင်ဆောင်လုပ်ခဲ့ပြီး  ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၉  ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော   တံတားတစ်စင်းဖြစ်သည်။  ထိုတံတားသည် ရန်ကုန်မြို့တွင်းနှင့်      အခြားမြို့နယ်များ၊   သမိုင်းလမ်းဆုံနှင့် ပြည်လမ်း၊ အင်းစိန်လမ်းမှဝင်ရောက်၍ ဧရာဝတီတိုင်းဒေသကြီး သို့ ဖြတ်သန်းသွားလာကြမည့်ယာဉ်များအတွက် အရေးပါသော တံတားတစ်စင်းဖြစ်သည့်အပြင် မြစ်ကူးတံတားကြီးလေးစင်းတွင် လှပခံ့ညားစွာဖြင့်    ရန်ကုန်မြို့ပြ၏အလှနှင့်   ဟန်ချက်ညီစွာ တည်ရှိနေသော  တံတားကြီးတစ်စင်းအဖြစ်   ရပ်တည်လျက် ရှိနေသည်။ လှိုင်သာယာမြို့ထွက် ယာဉ်များအတွက် ထိုတံတား ပေါ်မှ တစ်လမ်းသွားဆောင်ရွက်ထားပြီး မြို့အဝင်ယာဉ်များ အတွက် သုံးလမ်းသွားစီမံထားကာ စည်းကမ်းတကျ ယာဉ်များ သွားလာနိုင်ရန်   ဘလောက်တုံးများ၊   သံပန်းအကာများဖြင့် ယာဉ်အ္တရာယ်ကင်းရှင်းရေးကို        ဆောင်ရွက်ထားသော တံတားကြီး ဖြစ်သည်။ သို့သော် အမှတ်(၂)ဘုရင့်နောင်တံတား ပေါ်တွင် တစ်လမ်းမောင်းကာရံထားသော သံပန်းအကာများ ယာဉ်တိုက်မှုကြောင့် လစဉ်ပျက်စီးလျက်ရှိပြီး ဘလောက်တုံး များကို ညပိုင်းဖယ်ရှား၍ ယာဉ်များကွေ့ခြင်း၊ ဘလောက်တုံး များကို ဖယ်ရှားခြင်း၊ တံတားအတက်၊ အဆင်း ဘလောက်တုံး များပျက်စီးနေခြင်း၊ လမ်းလယ်ကျွန်းအကာနှင့် သံပန်းအကာ များ        ယာဉ်မကြာခဏတိုက်မှုဖြစ်ခြင်း၊     အမှတ်(၂)တံတား ယာဉ်ကြောလမ်းမှ     ဘလောက်တုံးများကို    ဖယ်ရှားကာ အမှတ်(၁)    တံတားအဆင်း    ယာဉ်ကြောလမ်းအတွင်းသို့ မောင်းနှင်ကြခြင်းကြောင့်  နံနက်ပိုင်း၊  ညနေပိုင်း  တံတားပေါ် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်လျက်ရှိရာ     တံတားကြံ့ခိုင်မှုကို ထိခိုက်စေမည်မှာ    အမှန်ပင်ဖြစ်သည်။   ထိုတံတားပေါ်တွင် ယာဉ်များပျက်ခြင်းထက်      ယာဉ်တိုက်မှု     ဖြစ်ပေါ်ခြင်းသည် စည်းကမ်းမဲ့မောင်းနှင်ခြင်းနှင့် ယာဉ်သွားလမ်းအမှတ်အသားများမရှိခြင်းကြောင့်ဖြစ်သည်။  သင်္ကြန်ကာလ တစ်လမ်းသွားမောင်းနှင်သောလမ်းတွင် သံပန်းအကာများကို တိုးတိုက်ပျက် စီးခဲ့သောကြောင့်   ဧပြီ ၂၂ ရက်အထိ  ပျက်စီးနေသော သံပန်းအကာ ၁၅ ခုကို အစားထိုးပြင်ဆင်နိုင်ခြင်းမရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
တံတားများလုံခြုံရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရန်
တံတားများရေရှည်တည်တံ့ခိုင်ခံ့ပြီး အ္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် ထိုတံတားကြီးလေးစင်းပေါ်တွင် CCTV ကင်မရာများတပ်ဆင်ကာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ဖြစ်စေ၊ ယာဉ်ထိန်းတပ်ဖွဲ့ဖြစ်စေ၊  အဆိုပါတံတားပေါ်ရှိ    လုံခြုံရေး တာဝန်ဆောင်ရွက်နေသော ရဲတပ်ရင်းမှဖြစ်စေ ၂၄ နာရီမပြတ် တာဝန်နှင့်အတူ ဆောင်ရွက်နိုင်ပါက တံတားကြီးလေးစင်း၏လုံခြုံရေးသာမက အဆိုပါတံတားများပေါ်မှ နေ့စဉ်ဖြတ်သန်း သွားလာသောယာဉ်နှင့်     ပြည်သူများ   ဘေးကင်းလုံခြုံမှုကို ရရှိစေမည်ဖြစ်သည်။ တံတားတစ်စင်းတည်ဆောက်ရာတွင် နိုင်ငံတော်မှ ငွေကြေးကုန်ကျသည့်အပြင် ဖြတ်သန်းသွားလာ ကြမည့်ပြည်သူများ   အချိန်နှင့်ငွေကြေး  ပို၍ကုန်ကျစေပြီး ကုန်စည်စီးဆင်းမှုသာမက  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိုပါ ထိခိုက်စေသောကြောင့် မြစ်ကူးတံတားများကြံ့ခိုင်ရန် အစဉ် စောင့်ကြည့်ရန် လိုအပ်လာပြီဖြစ်သည်။ ကြိုတင်ကာကွယ်ရေး သည်  ထိရောက်သောပြင်ဆင်မှုတစ်ရပ် ဖြစ်သောကြောင့် မဖြစ်ပွားမီ ကြိုတင်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကြီးမားသောပေးဆပ်မှုတို့ကို တားဆီးနိုင်၍ဖြစ်သည်။ ယခု အချိန်တွင်   ရန်ကုန်မြို့အဝင်   မြစ်ကူးတံတားများ   ရေရှည် တည်တံ့ရေးကို အလေးထားဆောင်ရွက်ရန် အထူးလိုအပ်နေပြီ ဖြစ်ပါကြောင်းနှင့် ရန်ကုန်မြို့၏ စီးပွားဗျူဟာအရ အရေးပါလျက် ရှိသော  လှိုင်မြစ်ကူးတံတားကြီးလေးစင်း  ရေရှည်တည်တံ့ကာ ယာဉ်အ္တရာယ်ကင်းရှင်းလျက် အများပြည်သူစိတ်အေးချမ်း သာစွာဖြင့်      ဖြတ်သန်းသွားလာနိုင်ခြင်းဖြင့်      နိုင်ငံတော်မှ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် ရာ၌ ပြည်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်နိုင်ပါစေကြောင်း တင်ပြလိုက်ရပါသည်။      

သော်တာနမ့်စန်၊ဓာတ်ပုံ-ငြိမ်းချမ်း(မြန်​မာ့အလင်း)

No comments:

Post a Comment