Latest News

Thursday, April 19, 2018

မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သော သဘာဝဘေး အန္တရာယ်များကို သတိပြုစေလို

မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သော သဘာဝဘေး အန္တရာယ်များကို သတိပြုစေလို

မကြာသေးမီရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအနှံ့အပြားတွင် နေ့အပူချိန်များမြင့်တက်လာပြီး မိုးတိမ်တောင်များဖြစ်ပေါ်လာခြင်း၊ မိုးသက်လေပြင်းတိုက် ခြင်း၊ မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်ခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ရှိခဲ့သည်။ မိုးကြိုကာလစောခဲ့သဖြင့် ပြည်သူများ အံ့သြခဲ့ရသည်။ မည်သို့ပင်ဆိုစေ ကာမူ မိုးရွာခြင်းသည် အေးချမ်းမှုနိမိတ်ပင်မဟုတ်
ပါလား။

ဥတုသုံးလီ

မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်လျက်ရှိသော ပြည်သူ
များသည် နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးမျိုးကို နှစ်စဉ်
ကြုံတွေ့နေရသည်။ ထိုရာသီဥတုသုံးမျိုးကို ကျော်ဖြတ်
ရာတွင် နွေရာသီကာလသည် လူတိုင်းအတွက် ခက်ခဲ
ကြမ်းတမ်းသော နေ့ရက်များပင်ဖြစ်သည်။ နွေရာသီတွင်
အပူချိန်မြင့်တက်မှုဒဏ်ခံရခြင်း၊ သောက်သုံးရေရှား
ပါးခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊မုန်တိုင်းတိုက်
ခတ်ခြင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့ရခြင်း စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံနှင့် ကြုံတွေ့ရလေ့ရှိသည်။

ပျက်စီးဆုံးရှုံးမှုများ

မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အတွင်း
မြန်မာနိုင်ငံတစ်ဝန်း၌မိုးသက်လေပြင်းများ တိုက်ခတ်ပြီး
မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်ခဲ့သည်။ မိုးသက်လေပြင်း တိုက်ခတ်ခြင်းနှင့်မိုးသီး ကြွေခြင်းတို့ကြောင့် သစ်ပင်များလဲခြင်း၊ လျှပ်စစ်
ဓာတ်အားပြတ်တောက်ခြင်း၊ လူနေအိမ်နှင့် စာသင်
ကျောင်းများ ပျက်စီးဆုံးရှုံးခြင်းတို့အပြင် လူနှင့် တိရစ္ဆာန်
များလည်း သေကျေထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

အထူးသဖြင့် နေပြည်တော်၌ မတ်လ ၃၁ ရက် ညနေ
၅ နာရီမှ ၆ နာရီခန့်အထိ လေပြင်းများတိုက်ခတ်ပြီး
မိုးရွာသွန်းမှုကြောင့် ပုဗ္ဗသီရိမြို့နယ်ရှိ သမိုင်းဝင် နေရောင်ပြအင်း ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ၏ ထီးတော်အစိတ်အပိုင်းအချို့ မြေခခဲ့ရသည်။
အဆောက်အအုံနှင့် ဓာတ်တိုင်အချို့ လဲပြိုပျက်စီးခဲ့ သည်။ မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ မိုးသီးများ ကြွေကျ
ခြင်းတို့ကြောင့်ဓာတ်အားလိုင်းများပေါ်သို့ သစ်ကိုင်းများ
ကျိုးကျသဖြင့် ၈ နာရီခန့်တွင် လျှပ်စစ်မီးပြတ်တောက် သွားသည်။ ဝန်ထမ်းအိမ်ရာအချို့လည်း အမိုးများ လန်ပြီး ပျက်စီးခဲ့သည်။ သပြေကုန်းဈေးနှင့် မြို့မဈေး
တို့ရှိ ညဈေးတန်းများလည်းပျက်စီးခဲ့ရသည်။

ဧပြီ ၃ ရက် မွန်းလွဲပိုင်းမှစ၍ ညနေပိုင်းအထိ
ရန်ကုန်မြို့နှင့်မြို့နယ်အချို့တွင် မိုးသက်လေပြင်းတိုက်
ပြီး မိုးများရွာသွန်းခဲ့သည်။ သစ်ပင်သစ်ကိုင်းများ ဓာတ်
အားလိုင်းများပေါ်သို့ ကျိုးကျခဲ့သည်။ ရန်ကုန်မြို့တွင်း
ရှိလမ်းများတွင် ရေကြီးရေလျှံဖြစ်ပြီး ယာဉ်ကြောပိတ်
ဆို့ခဲ့ရသည်။ ခြုံလိုက်လျှင် နေပြည်တော်၌ နေအိမ် ၆ဝ
ခန့်ပျက်စီးခဲ့ပြီး မကွေးမြို့၌ နေအိမ် ၁၅ဝ ခန့် ပျက်စီးခဲ့
သည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ဖြစ်နိုင်ခြေ

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ''မိုး
တိမ်တောင်များကြောင့် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊
မိုးသီးကြွေခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်း တိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ ရေဆင်နှာ
မောင်းတိုက်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ ပင်လယ်
မီးစုန်းတောက်ခြင်း'' ဆိုသည့် ရာသီဥတု ၁ဝ မျိုး ဖြစ်ပေါ်
တတ်သည်ဟု သတိပေးထားသည်ကို သတင်းစာများ တွင် ဖတ်လိုက်ရသည်။

နောက်ဆက်တွဲဘေးအန္တရာယ်များ

မိုးကြိုကာလတွင် မိုးတိမ်တောင်များကြောင့် မိုးကြိုး
ပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာ
ကွက် မိုးကြီးခြင်းတို့ဖြစ်တတ်သည်ဟုဆိုသည်။ ထိုသို့
ဖြစ်လျှင် ထိခိုက်ပျက်စီး၊ သေကျေ၊ ဒဏ်ရာရရှိမှုများ ရှိ
တတ်သည်။ မိုးကြိုးပစ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ
သေကျေ ထိခိုက်ခြင်း၊ မိုးကြီးခြင်းကြောင့် ရေကြီးရေလျှံ
မှုဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခြင်းကြောင့် ခရီးသည် တင် သင်္ဘောများနှင့် ငါးဖမ်းလှေများ တိမ်းမှောက်
ခြင်း၊ လူများပျောက်ဆုံးခြင်း၊ မိုးရွာသွန်းမှုကြောင့်
တောင်ပေါ်ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပွားတတ်
ပေသည်။

သဘာဝသတိပေး

စာရေးသူတို့ငယ်စဉ်က မိဘများသည် မိုးဦးလေဦး
ကာလအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လေ့ရှိ
သည်။ နေအိမ်အမိုးအကာများ ခိုင်ခံ့အောင်ပြင်ဆင်
ခြင်း၊ ရေနှင့် အစားအသောက်များ စုဆောင်းခြင်း၊
အထောက်အကူပြုပစ္စည်းများ ပြင်ဆင်ခြင်းတို့ကို စနစ်
တကျပြုလုပ်ထားလေ့ရှိသည်။ ဆိုရလျှင် တိရစ္ဆာန် များ၊ အထူးသဖြင့် ငှက်များ၏ နေထိုင်မှုပုံစံကိုကြည့်၍
လေပြင်းတိုက်ခတ်နိုင်သည်၊ မိုးကြီးနိုင်သည်ကို ကြိုတင်
သိနိုင်သည်။ သာဓကအနေဖြင့် ကျီးကန်းများသည် အသိုက်ကို သစ်ပင်ခွဆုံတွင် လုပ်ထားမည်၊ ထူထူထဲထဲ အသိုက်ဆောက်ထားမည်ဆိုလျှင် ထိုနှစ်တွင် လေပြင်း
မုန်တိုင်းကျတတ်ပြီး မိုးလည်းကြီးတတ်သည်။

ငှက်များသည် သစ်ပင်ကိုင်းဖျားတွင် အသိုက်လုပ် ထားမည်ဆိုလျှင် လေပြင်းအန္တရာယ်ကိုစိုးရိမ်စရာမလို
ပေ။ ပုရွက်ဆိတ်များသည် အုပ်စုလိုက်အမြင့်ပိုင်းကိုရွှေ့နေမည်ဆိုလျှင်၊ အစာများကိုသယ်နေမည်ဆိုလျှင်
မကြာမီမိုးကြီး၊ရေကြီးတော့မည်ဖြစ်သည်။ ရေထည့်
ထားသော စဥ့်အိုးများအောက်မှ ဖားများအော်နေပြီဆို
လျှင်၊ ပုစဉ်းရင်ကွဲများ အဆက်မပြတ်အော်နေပြီဆို
လျှင်၊ ပျံလွှားများခပ်နိမ့်နိမ့်ပျံနေပြီဆိုလျှင်၊ ပုစဉ်းများ
မြေကြီးနှင့် ကပ်လျက်ပျံနေပြီဆိုလျှင် တစ်ရက်နှစ်ရက်
အတွင်းမိုးရွာတော့မည်ဖြစ်သည်။ တိရစ္ဆာန်များ အိပ်
တန်း စောစောဝင်နေပြီဆိုလျှင် လေပြင်းတိုက်ခတ်တော့ မည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ခြင်း

မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သော သဘာဝဘေး
အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်
ထားသင့်သည်။ အထူးသဖြင့် ကျေးလက်နေတောင်သူ ဦးကြီးများသည် ကောက်ပဲသီးနှံများနှင့် မြက်ခြောက် များ၊ကောက်ရိုးများကိုအမိုးအကာအောက်သို့လုံခြုံစွာ
ရွှေ့ပြောင်းထားသင့်သည်။ လူနှင့် တိရစ္ဆာန်များအတွက် သောက်သုံးရေစုဆောင်းထားသင့်သည်။ ထို့အပြင်
စားနပ်ရိက္ခာလုံလောက်အောင်လည်း ကြိုတင်စုဆောင်း
ထားသင့်ပေသည်။

မိုးသက်မုန်တိုင်းကျရောက်လျှင် မီးပျက်တတ်သည် မှာသဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ဓာတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင်၊ မီးသွေးစသည့် အထောက်အကူပစ္စည်း
များကိုကြိုတင်ပြင်ဆင်ထားသင့်သည်။ ထိခိုက်ဒဏ်ရာ
ရရှိလျှင် အရေးပေါ်ပြုစုကုသနိုင်ရန်အတွက် အိမ်တွင်း
သုံး ဆေးဝါးများ၊ ပတ်တီးများကိုလည်း အသင့်ပြင် ထားသင့်ပေသည်။ အချင်းချင်းရိုင်းပင်းကူညီခြင်းတို့
အပြင် သက်ဆိုင်ရာသဘာဝဘေးအန္တရာယ်ကယ်ဆယ် ရေးဌာနများသို့ အချိန်မီသတင်းပို့တတ်သည့် အလေ့
အထကိုလည်း မွေးမြူထားသင့်သည်။

ဆောင်ရန်၊ ရှောင်ရန်

လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းနေလျှင် ကလေးများ
သည် မိုးရေထွက်ချိုးတတ်ကြသည်။ လူကြီးများသည် ကလေးများကို ထိုသို့ မိုးရေမချိုးခိုင်းသင့်ပေ။ လေပြင်း
တိုက်ခတ်မှုကြောင့် ဓာတ်ကြိုးများသည် ပြတ်တောက်
ပြီးမြေကြီးပေါ်သို့ ကျနေတတ်သည်။ မိုးရေချိုးနေ
သောကလေးသည် လျှပ်စစ်ဝင်နေသော ဓာတ်ကြိုးစနှင့်
ထိမိမည်ဆိုလျှင် ဓာတ်လိုက်ခံရမည်ဖြစ်သည်။ ဗို့အား
ပြင်းလျှင်သေဆုံးမည်ဖြစ်သည်။

စာရေးသူငယ်စဉ်က ကလေးတစ်ယောက်သည် မိုးရွာ
နေစဉ်ရေထွက်ချိုးရာမှ ပြတ်ကျနေသော ဓာတ်ကြိုးစကို
ထိမိသဖြင့်ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုကို
ကြုံတွေ့ဖူးခဲ့သည်။ ဓာတ်လိုက်ခံရသည့် ထိုကလေးကို
ဝင်ဆွဲသည့် ဖခင်ဖြစ်သူလည်း ဓာတ်လိုက်သေဆုံးခဲ့ရ
သည်။ ဖခင်နှင့်သား နှစ်ဦးစလုံးသည် တစ်နေရာ တည်းတွင်သေဆုံးခဲ့ရသည်။ မိခင်ဖြစ်သူသည် သောက
ဝေခဲ့ရသည်။

မိဘများသည် ကလေးများကိုအလိုမလိုက်သင့်ပေ။ မိုးရေချိုးချင်လျှင် ရေပုံးဖြင့်ခံ၍ချိုးလျှင်ရသည်။ တတ်
နိုင်ပါက မိုးသက်လေပြင်းတိုက်နေလျှင် အပြင်သို့ မထွက်တာအကောင်းဆုံးဖြစ်သည်။ လွင်တီးခေါင် ကွင်းပြင်များသို့ထွက်မည်ဆိုလျှင် သစ်ပင်ကြီးများ
အောက်သို့ ဝင်မည်ဆိုလျှင် မိုးကြိုးပစ်ခံရတတ်သည်။
ထိုသို့ မိုးရွာသွန်းပြီးချိန်တွင် ညဘက်၌ဓာတ်မီးမပါဘဲ
အမှောင်ထဲ သွားမည်ဆိုလျှင်၊ မြွေနှင့်ကင်းတို့၏ အန္တရာယ်ကို ကြောက်ရသည်။ တွင်းအောင်းသတ္တဝါ များဖြစ်သည့် မြွေနှင့်ကင်းတို့သည်မိုးရွာပြီးစအချိန်တွင်
အပြင်သို့ ထွက်တတ်ကြသည်။ ထို့အပြင် မိုးသက်
လေပြင်းတိုက်နေလျှင် လျှပ်စစ်မီးခလုတ်များ၊ တီဗွီများ၊
ရေခဲသေတ္တာများကိုလည်း ပိတ်ထားသင့်သည်။ နေအိမ်
တွင်းသို့ဝင်သည့် ဘရိတ်ကာများကို ချထားသင့်ပေ သည်။

ခြုံ၍တင်ပြရလျှင် မိုးကြိုကာလတွင် မိုးတိမ်တောင်
များကြောင့်မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေ
ခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊
လေဆင်နှာမောင်း တိုက်ခြင်း၊ ရေဆင်နှာမောင်း
တိုက်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်း
တောက်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ထိုသို့ ဖြစ်ပေါ်လျှင်
နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များကိုလည်း
ကြုံတွေ့ရတတ်သည်။ အကျိုးဆက်အနေဖြင့် လူနေ
အဆောက်အအုံများပျက်စီးခြင်း၊ လူနှင့် တိရစ္ဆာန်များ
သေကျေထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်နိုင်သည်။
ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေး
အန္တရာယ်အတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်ထားသင့်ပေသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသားအားလုံး
အနေဖြင့် မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သော သဘာဝ
ဘေးအန္တရာယ်များကို သတိရှိရှိဖြင့် ကျော်လွှားသွားနိုင်
ကြပါစေ။

မောင်သောင်းဝင်း (တမန်ဟောင်း)မြန်​မာ့အလင်း

No comments:

Post a Comment