Latest News

Thursday, March 22, 2018

ခေါ်ကြည့်ပါလား ပိုခေါ်လို့ကောင်းတယ် ချောလည်းချောတယ် သမ္မတကြီးနေတိုး

ခေါ်ကြည့်ပါလား ပိုခေါ်လို့ကောင်းတယ် ချောလည်းချောတယ် သမ္မတကြီးနေတိုး

ဒီမနက် facebook ဖွင့်လိုက်တာနဲ့တွေ့ရတဲ့ သတင်းက
ရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ။
ငဒို့မှာ သမ္မတကြီး မရှိတော့ဘူးတဲ့။
သမ္မတရုံးကများ April foolလုပ်တာလားဆိုပြီး ပြက္ခဒိန်တောင် မရဲတရဲကြည့်မိသေးတယ်။
TV မှာတော့ မိန့်ခွန်းမပြောဘူးတဲ့။
ဒါပေါ့ ဘယ်ပြောမလဲ။
ငိုမိမှာ ကြောက်မှာပေါ့။
နှုတ်မဆက်နဲ့ ငိုချင်တယ်တွေ ဖြစ်ကုန်မယ်လေ။

၇ ရက်အတွင်းတော့ နောက်တစ်ယောက်ပြန်ရမယ်ဆိုပေမဲ့ လောလောဆယ်တော့ သမ္မတမရှိတဲ့ နိုင်ငံကြီးက ဘယ်လိုမှနေပျော်စရာမကောင်းတော့ဘူး။

အားငယ်တယ်။ ဝမ်းနည်းတယ်။ မျှော်လင့်ချက်မဲ့တယ်။
အရှင်နှစ်ပါး ပါတော်မူတုန်းကလိုပဲ။
အဲ့ခေတ်တော့မမီလိုက်ဘူးပေါ့။
ကိုယ်ချင်းစာမိတာပြောပါတယ်။
"သူ့ကျွန်မခံဘီ" ဆိုပြီး အကယ်ဒမီပေးပွဲမှာ ထပြီးကြုံးအော်တဲ့ ဦးညွန့်ဝင်းကို မီရင် ရပြီလေ။
ထားပါတော့။

ပြောင်ပြောင်မြောက်မြောက်အုပ်ချုပ်ခဲ့တဲ့ ပထမသမ္မတကြီး လစ်သွားတုန်းကလည်း တစ်ခါခံစားခဲ့ရတယ်။
ခုအရှေ့က မားမားမတ်မတ်ဦးဆောင်နေတဲ့ ဒီသမ္မတကြီးကလည်း ရုတ်တရက် အသည်းခွဲသွားတာ ရည်းစားဟောင်းတွေလိုပဲ။

စိတ်ထဲဟာတာတာနဲ့ နင်းလိုက်တဲ့ ကမ္ဘာမြေကြီးတောင်ပျော့စိစိဖြစ်နေသလိုပဲ။
လမ်းပေါ်ထွက် ဈေးသွားတော့လည်း နေကဒီနေ့ပိုပူနေသလိုလို။
ဪ သမ္မတမရှိတဲ့တို့နိုင်ငံအတွက် နေမင်းကြီးတောင်
ကူပြီး ပူဆွေးပေးနေတာပဲလို့တွေးလိုက်တော့ နည်းနည်းအဖော်ရသွားတယ်။
ကျေးဇူးတင်တဲ့အကြည့်နဲ့ နေမင်းကြီးကို မော့ကြည့်လိုက်တော့မှ ထီးကို မဖွင့်ဘဲ ဆောင်းထားမိတာတွေ့တယ်။
ရှက်ရှက်နဲ့ ခလုတ်နှိပ်ဖွင့်ရတယ်။
အေးပေါ့လေ ငဒို့နိုင်ငံအတွက် ငဒို့ပဲ ပူရမှာပေါ့။
ဘယ်သူကလာပူပေးမှာလဲ။
သူ့ကျွန်မခံပြီထဲက ဦးကျော်သူစတိုင်နဲ့ သက်ပြင်းချပြီး ဆက်လျှောက်သွားလိုက်တယ်။

လမ်းပေါ်မှာလည်း လူတွေကြည့်ရတာ ဝမ်းနည်းနေကြသလိုပဲ။
ငါးဆိုင်က လူကြီးဆို ခေါင်းတောင် ငိုက်စိုက်ကျနေတယ်။
စကားတောင် ဟဟ မပြောနိုင်ရှာဘူး။
ဩော် ငါ့ထက်တောင် ပိုခံစားနေရပါလားဆိုပြီး အနားကပ်ပြောလိုက်တယ်။
"အရမ်းဝမ်းမနည်းပါနဲ့ ဦးလေးရာ တစ်ပါတ်အတွင်း နောက်တစ်ယောက်ပြန်ရမှာပါ"
သူအားတက်သွားတယ်ထင်တယ်။
ဖြေးဖြေးချင်းမော့ကြည့်တယ်။ ရီဝေဝေမျက်လုံးတွေနဲ့ ပြန်ရယ်ပြတယ်။
"ဟီဟီ"တဲ့။
 ဘေးမှာငါးခုတ်နေတဲ့ သူ့မိန်းမကတော့ ဒေါသတကြီးလှည့်ကြည့်တယ်။

"ဟဲ့ သေနာကောင် ဘာဟီဟီလဲ
စောင်အလုပ်ကျ လက်ကြောမတင်း မနက်မိုးလင်းတာနဲ့ အရက်ဆိုင်ပြေးတယ်။
နင့်အရက်ဖိုးတောင် ငါပေးနေရတာ နင်က ဘယ်ကစောက်ဆံနဲ့ နောက်မယားထပ်ရမှာလဲ ဟမ်။
စောင်အရင်းကခဏခဏပြုတ်ရတဲ့အထဲ။
လာဘ်တိတ်တယ် ဆိုင်ရှေ့လာမှိုင်မနေနဲ့ စောင်ကျက်သတုံးကောင် ရော့ ဒီ စောင်အရက်ဖိုးမရမချင်းသွားမှာမဟုတ်ဘူး"

ကိုယ့်ကိုတော့ ဖောက်သည်ဆိုတော့ တည့်တည့်ကြည့်ပြီးမဆဲလိုက်ဘူး။
သေပြီးသားငါးကိုပဲ အငြိုးတကြီး ထပ်သေအောင် ဒုန်းဒုန်းဒုန်းနဲ့ ခုတ်ပြနေတော့ ကိုယ်လည်း သွားဖြဲလေးနဲ့ ပိုက်ဆံမြန်မြန်ရှင်းပြီး
 ထွက်လာလိုက်တယ်။

ရှင်းပြမနေတော့ဘူး။ ဘယ်သူတက်တက် ကိုယ်လုပ်မှကိုယ်စားရတာပဲ ပြန်ပြောမဲ့လူတွေ။
အလကားလူတွေ။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆိုင်တယ်ဆိုတာ နားမလည်ကြဘူး။
သူတို့လို ဆင်းရဲသားတွေများနေလို့ တိုင်းပြည်ကြီးဆင်းရဲတယ် အပြောခံရတာ။
ဆင်းရဲသားတွေအားလုံးကို ပင်လယ်ထဲမျှောပစ်ရမယ်။
အဲ့ဒါမှ လူချမ်းသာတွေပဲကျန်ခဲ့ပြီး တိုင်းပြည်ချမ်းသာသွားမှာ။

ဘာဖြစ်ဖြစ် သမ္မတကြီးမရှိတဲ့ရက်တွေမှာ လုံခြုံရေးသတိအပြည့်ရှိမှဖြစ်မယ်။
သူကြီးမရှိတော့ ရွာဆူတယ် အမြည်းမရှိတော့ အာပူတယ်ဆိုတဲ့စကားကို ရှိတ်စပီးယားပြောခဲ့တာ အလကားမဟုတ်ဘူး။
ပြည်သူအားလုံးသတိရှိမှဖြစ်မယ်။
ပြည်တွင်းရန် ပြည်ပရန် အားလုံးသတိထားမှ။
ရှေ့နားမှာ ကုလားဖြူအဘိုးကြီးနဲ့ အဘွားကြီးစုံတွဲ ဈေးသည်တွေကို ဓာတ်ပုံလိုက်ရိုက်နေတယ်။
Spy တွေဖြစ်နိုင်တယ်။
ကာနယ်စလေဒင့်အမျိုးထဲကတောင် ဖြစ်နိုင်တယ်။

ပြည်တွင်းမှာလည်း ထကြွသောင်းကျန်းမဲ့လူတွေက အများသား။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ် အံကိုကြိတ်ရင်းတွေးနေတုန်းမှာပဲ
"သူပုန်နှစ်ရာဟေ့" ဆိုတဲ့ အော်သံကြီးဘေးကထွက်လာတယ်။
စောင်ကျိုးနည်း သမ္မတကြီး မရှိတာ နာရီပိုင်းပဲရှိသေးတယ် သူပုန်တော့ထကြပဟေ့။
၂၀၀ဆိုတာ နည်းတဲ့လူတွေမှ မဟုတ်တာ။

 သေချာတယ် ကပူနစ် အနီကြောင်တွေပဲဖြစ်ရမယ်ဆိုပြီး လက်သီးကိုပိုတင်းအောင်ဆုပ်
"ဘယ်မှာတုန်း ဘယ်မှာတုန်း" ဆိုပြီး အလန့်တကြားမေးတော့ အော်လိုက်တဲ့ အဘွားကြီးလည်း ကြောက်ကြောက်နဲ့ လက်ညှိုးလေး အောက်ကိုထိုးပြတယ်။
ဟုတ်တယ်။ အနီမှ တကယ့်အနီ။ နေပူပူအောက်မှာ ရဲနေတာပဲ။
ခရမ်းချဉ်သီးတွေ။

" ယူလေ သား သပုံ နှစ်ရာ တုံးပုံ ငါးရာပဲပေး"တဲ့။
အံကိုတင်းတင်းကြိတ်ပြီး ငါးရာဖိုးဝယ်လာလိုက်တယ်။

အိမ်ပြန်ရောက်တော့ သမ္မတကြီးမရှိတော့တဲ့အကြောင်း
ကျယ်ကျယ်မပြောရဲဘူး။ သမီးကြားသွားမှာစိုးလို့။

နို့မကြိုက်တဲ့သမီးကို နွားနို့တိုက်ရင် သမ္မတကြီးတွေပုံပြပြပြီးတိုက်ရတာလေ။
"သမီးရေ အရင်သမ္မတကြီးကမှာသွားတယ်။ သမီးကိုနွားနို့တိုက်ရမယ်တဲ့။
ဒီမှာတွေ့လား။
အဲ့ဒါမှ ခုသမ္မတကြီးလို အရပ်အရှည်ကြီးဖြစ်မှာ သောက် သောက်" ပြောရတယ်။

ဒီတော့ အိမ်မှာတော့ သမ္မတကြီးက မရှိမဖြစ်ပဲ။
မြန်မြန်သမ္မတနောက်တစ်ယောက်ရမှဖြစ်မယ်။
အရပ်လည်းရှည်မှဖြစ်မယ်။

မျက်စိထဲတော့ လောလောဆယ်မြင်တာ hot လည်း hot အရပ်လည်းရှည် နိုင်ငံတကာကိုထိုးဖောက်နိုင်မှာ ဇာဏ်ခီပဲ။
ခက်တာက သူ့ကို လှိုင်သာယာနဲ့ ရွာကလူတွေက မသိဘူးတဲ့။
ဝိုင်းဆန္ဒပြမှာလည်း ကြောက်ရတယ် (အုန်းခွီရေတာ ဝိုင်းကိုမဆိုလိုပါ)။
ဆိုတော့ အသားပိုဖြူတဲ့ နေတိုးဆို မဆိုးဘူး။
သမီးရေ ဒီသမ္မတကြီးလို အသားဖြူချင်ရင်နွားနို့များများသောက်လို့ ပြောလို့ရပြီ။
ပြည်ပရန် ပြည်တွင်းရန်လည်း ဘာမှကြောက်စရာ မလိုတော့ဘူး။
နေတိုးမှာ စစ်တပ်လည်းရှိတယ်တဲ့။
သတင်းစာတွေထဲအမြဲတွေ့တာ နေတိုးတပ်တွေက အမြဲစစ်ရေးလေ့ကျင့်နေတာဆိုတော့ ကာချုပ်လည်း အားကိုးရမယ်။
ဒါဆို ရင်ကြားတွေလည်း ဇစ်ဆွဲပိတ်သလို စိသွားမှာပဲ။

ခေါ်ကြည့်ပါလား။ ပိုခေါ်လို့ကောင်းတယ်။
ချောလည်းချောတယ်။
သမ္မတကြီးနေတိုး။

PWL
21.3.18
Phyowai Lynn

No comments:

Post a Comment