Latest News

Friday, March 2, 2018

အားလပ်ရက်ရှည်တွင် ပြည်တွင်း၊ ပြည်ပသို့ ခရီးသွားလာမှု များပြား

အားလပ်ရက်ရှည်တွင် ပြည်တွင်း၊ ပြည်ပသို့ ခရီးသွားလာမှု များပြား

ရန်ကုန် မတ် ၁

ယနေ့သည်   တပေါင်းလပြည့်နေ့  ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့ရှိ  တန်ခိုးကြီးဘုရားများ၌   ဘုရားဖူးလာ ပြည်သူများဖြင့်  စည်ကားလျက်ရှိသည်။  အထူးသဖြင့်  ရွှေတိဂုံစေတီတော်မြတ်ကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်မြတ်ကြီး၊      စွယ်တော်မြတ်စေတီတော်နှင့် ဗိုလ်တထောင်စေတီတော်မြတ်ကြီးတို့တွင်    ဘုရားဖူး ဧည့်သည်များဖြင့် ပြည့်နှက်လျက်ရှိနေသည်။

ထိုကဲ့သို့  တန်ခိုးကြီးဘုရားများတွင်  ဘုရားဖူးလာ ပြည်သူများဖြင့်       လှုပ်ရှားအသက်ဝင်နေသကဲ့သို့ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ဒဂုံဧရာအဝေးပြေး ကားဝင်း၊ ပါရမီ ရွှေမန်းသူ အဝေးပြေးကားဝင်းနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင်လည်း   ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများဖြင့် သက်ဝင်လှုပ်ရှားလျက် ရှိသည်။

ခရီးသွားပြည်သူများ   များပြားလျက်ရှိခြင်းသည် တပေါင်းလပြည့်နေ့၊ တောင်သူလယ်သမားနေ့နှင့် စနေ၊  တနင်္ဂနွေ ရုံးပိတ်ရက်များ ဆက်သွားခြင်းကြောင့် လေးရက် ကြာ အားလပ်ရက်ရှည်ရရှိခဲ့ပြီး ပြည်တွင်းဒေသအသီးသီး သို့ အပန်းဖြေအားလပ်ရက် ခရီးထွက်ခြင်း၊ မိသားစုရှိရာ  နယ်မြို့များဆီသို့  အလည်အပတ် ပြန်နိုင်ခြင်းများဖြင့် မြို့ပြနှင့် ရပ်ဝေးနေ ပြည်သူများသည် အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချမည်ဖြစ်သည်။

''ဒီရက်တွေမှာ ခရီးစဉ်အားလုံး ကားတွေအပြည့်ပဲ၊ ပိတ်ရက်မရောက်ခင် နှစ်ရက်၊ သုံးရက် အလိုကတည်းက  ခရီးစဉ်တွေ   အားလုံးပြည့်သွားတာ၊   ခရီးစဉ်ကတော့ မြန်မာနိုင်ငံအောက်ပိုင်း  ကော့သောင်း၊  အထက်ပိုင်း မြစ်ကြီးနားကနေ မြန်မာနိုင်ငံအလယ်ပိုင်း အနှံ့ပါပဲ''ဟု  မန္တလာမင်း အောင်မင်္ဂလာအဝေးပြေးကားဝင်း တာဝန်ခံ ဦးဇော်နိုင်ဝင်းက ပြောသည်။

ခရီးသွားလာခြင်းနှင့်စပ်လျဉ်းပြီး မြို့နေပြည်သူများ အနေဖြင့် ပြည်တွင်းဒေသအသီးသီးသို့ ခရီးထွက်ကြရာ တွင် ပြည်တွင်းခရီးသွားအေဂျင်စီများနှင့်  သွားရောက် ကြသည်မှာ  နည်းပါးလာပြီး  ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်ကြသည်မှာ များပြားကြောင်း သိရသည်။

''အရင်တုန်းက  စနေ၊  တနင်္ဂနွေဆို  ပြည်တွင်း ခရီးစဉ်တွေ တော်တော်များတယ်။ နောက်ပိုင်း လူတွေDevelop ဖြစ်လာတယ်။ အွန်လိုင်းကလည်း ကျယ်ပြန့် လာတော့ တိုးရဲ့စီစဉ်မှုတွေနဲ့ သွားတာအတော်နည်းလာ တယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားတာများလာကြတယ်။ ဒါပေမဲ့ ပြည်ပကျတော့ ကိုယ်ပိုင်အစီအစဉ်နဲ့ သွားတာ  ရှားနေသေးတော့     ခရီးသွားလုပ်ငန်းတွေအနေနဲ့ ပြည်တွင်းထက် ပြည်ပကို စီစဉ်ပေးရတာများတယ်''ဟုSunny Travel & Tour        မန်နေဂျင်းဒါရိုက်တာ ဦးထွန်းဝင်းဇော်က ပြောသည်။

ယခင်က  ပြည်ပနိုင်ငံများသို့  အလည်အပတ်ခရီး သွားလာခြင်းမှာ   ဗီဇာရရှိမှု   အခက်အခဲများကြောင့် နည်းပါးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အာဆီယံ နိုင်ငံများသို့ ဗီဇာကင်းလွတ်ခွင့်ရရှိခဲ့ခြင်းကြောင့် ခရီးသွား ဧည့်သည်များအတွက်   ပြည်တွင်းခရီးစဉ်များနည်းတူ ယခုကဲ့သို့ ပိတ်ရက်ရှည်ရရှိချိန်တွင် ပြည်ပ ခရီးစဉ်များ သည်လည်း   ရွေးချယ်စရာတစ်ခု   ဖြစ်လာခဲ့ကြောင်း သိရသည်။

''ဖေဖော်ဝါရီလကုန်နဲ့ မတ်လကြားမှာ ပိတ်ရက် ဆက်တိုက်ဖြစ်သွားတော့ အစ်မတို့အနေနဲ့ ပြည်တွင်းထက် ပြည်ပခရီးစဉ်တွေ ပိုရောင်းရတယ်။ အထူးသဖြင့် ဗီဇာ မလိုတဲ့ နိုင်ငံတွေပေါ့။  အဲဒီအထဲမှာမှ  ဗီယက်နမ်က အရောင်းရဆုံးပဲ။ လည်ပတ်သွားလာရတာ၊ ဈေးဝယ်တာ၊  လေကြောင်းတိုက်ရိုက်ရောက်နိုင်တာ ဝန်ဆောင်မှုတွေ  အဆင်ပြေတဲ့အပြင်  ဈေးနှုန်းကလည်း  ပြည်တွင်းခရီး တစ်ခေါက်သွားသလောက်ပဲရှိတော့ ပြည်တွင်း ခရီးသွား တွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာတာပေါ့''ဟုTango Travel & Tour မန်နေဂျင်းဒါရိုက်တာ မခေါင် က ပြောသည်။

အဆိုပါ အားလပ်ရက်ရှည်များကြောင့် ပြည်သူများ အနေဖြင့် ပြည်တွင်းဘုရားဖူးခရီးများ သွားရောက်နိုင်ခြင်း၊ အပန်းဖြေခရီးရက်ရှည်ထွက်နိုင်ခြင်း၊ မိသားစု ဆွေမျိုးများ ဆီသို့ အလည်အပတ်သွားနိုင်ခြင်းအပြင် နီးစပ်ရာ ပြည်ပ နိုင်ငံများဆီသို့   သွားရောက်လေ့လာနိုင်သည်ဖြစ်ရာ ပြည်သူများအတွက် များစွာအကျိုးရှိမည့် အားလပ်ရက်ရှည် များ ဖြစ်လာမည်ဖြစ်သည်။

သတင်း-ခင်ဇာလီ၊ အေးမင်းသူ
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment