Latest News

Tuesday, March 20, 2018

အခွန်ဥပဒေသစ်နှင့် မကြာမီပြောင်းလဲမည်ဟု မျှော်လင့်ရသည့် ရန်ကုန်ကားဈေးကွက်

အခွန်ဥပဒေသစ်နှင့် မကြာမီပြောင်းလဲမည်ဟု
မျှော်လင့်ရသည့် ရန်ကုန်ကားဈေးကွက်

ဧပြီ ၁ ရက်တွင် စတင်ပြောင်းလဲကျင့်သုံးတော့မည့် အခွန်ဥပဒေ သစ်ကို စောင့်ကြည့်ရင်း ကားလောကသားများ ရင်ခုန်နေကြရပြီး ကားဈေးနှုန်းများမှာလည်း အမြင့်ဈေးဖြင့်သာ ငြိမ်သက်နေဆဲ ဖြစ်ကြောင်း ရန်ကုန်ကားဈေးကွက်အတွင်းမှ သိရှိရသည်။

ယခုဘဏ္ဍာရေးနှစ်မကုန်မီ စာရင်းအင်းအချက်အလက် များအရ ပြည်တွင်းထုတ်ကားများနှင့် ပြည်ပမှ မှာယူတင်သွင်း ခဲ့သည့် ကားများကို ကောက်ခံခဲ့သည့် ဝင်ငွေခွန်ကောက်ခံသည့် ပုံစံပြောင်းလဲမည်ဟု ထွက်ပေါ်လာသည့်သတင်းစကားများအရ ကားဈေးနှုန်းများ ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်း ကြသူများလည်းရှိသည်။ ယခုရက်ပိုင်း သင်္ကြန်ကာလနီးလာ သော်လည်း ကားအရောင်းအဝယ်မှာမူ ယခင် သီတင်းပတ် အတိုင်း အေးစက်ဆဲပင်ရှိနေသည်ကိုလည်း မြင်တွေ့ရသည်။

''ကားဈေးနှုန်းတွေက အခွန်ဥပဒေ အသစ်နဲ့ ရန်ကုန်လိုင်စင်ကိစ္စ အပြောင်းအလဲ ကြောင့် စောင့်ကြည့်ကြသူတွေ များပါတယ်၊ အရင်က  သင်္ကြန်မရောက်ခင်    အခုကာလ ဆိုရင် အရောင်းအဝယ် အားကောင်းတယ်၊ နယ်ဝယ်လက်လည်း  အများကြီးလာတယ်၊ ရန်ကုန်ဝယ်လက်လည်း  များတယ်၊ အထူး သဖြင့် အကြမ်းခံတဲ့ကားတွေ  သင်္ကြန်လည်ကြ ဖို့ ဝယ်တာရှိတယ်၊ ဒီနှစ်တော့ အရောင်းအဝယ် က နည်းနည်းရှိပေမယ့် အရင်နှစ်ကလောက် အားမကောင်းဘူး''ဟု    ကားဝယ်ရောင်း ကိုသက်ဦးမောင်က ပြောသည်။
ထို့ပြင် အခွန်ဥပဒေစောင့်ကြည့်ရသည့် အတွင်း   ရန်ကုန်လိုင်စင်များ    ပြောင်းလဲ ကျင့်သုံးမည့်       အခြေအနေများကြောင့် စောင့်ကြည့်နေကြသူများ များပြားနေကြောင်း၊   ယခင်သီတင်း ပတ်နှင့်  နှိုင်းယှဉ်ပါက အရောင်းအဝယ်အနည်းငယ် တက်လာနေ ကြောင်း ကားလောကအတွင်းမှ သိရှိရသည်။

ကားပွဲစားတန်းများအပြင် ကားအရောင်းပြခန်းများတွင် လည်း အရောင်းအဝယ်မှာ ပုံမှန်သာရှိနေပြီး တစ်ပတ်အတွင်း တစ်စီးစ၊ နှစ်စီးစသာ ရောင်းချနေကြရကြောင်း၊ အရောင်းအဝယ် ဖြစ်ရန်မှာ လာမည့် ဧပြီလ ၁ ရက်နေ့ အပြောင်းအလဲပေါ်တွင်မူတည်နေကြောင်း သိရသည်။

''ယခုနှစ်မှာ ဝင်ငွေခွန်က ငွေကျပ်သိန်း ၃ဝဝ အောက်ကား တွေကို ၁၅ ရာခိုင်နှုန်း၊ ငွေကျပ်သိန်း ၃ဝဝ အထက်ကားတွေကို ၂ဝ ရာခိုင်နှုန်း၊  ငွေကျပ်  သိန်း   ၁ဝဝဝ  အထက်ကားတွေကို ၃ဝ ရာခိုင်နှုန်း ကောက်နေတာပါ၊ လာမယ့်နှစ်မှာတော့ ဘယ်လို လာမယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး၊ ကြားနေရတဲ့ သတင်းတွေအရကတော့ သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းကြား ကို  မခွဲခြားဘဲ ကောက်ခံသွားမယ်လို့တော့ သိထားပါတယ်၊ ဒါကအမှန်ဆိုရင်တော့ ကားဈေးက ကျိန်းသေပေါက်ကို ကျဆင်း သွားဖို့ ရှိနေပါတယ်၊ လက်ရှိမှာတော့ အားလုံးက စောင့်ကြည့် နေကြဆဲပါ''ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုကျော် ဇေယျာဝင်းက ဆိုသည်။
ထို့ပြင် ရန်ကုန်လိုင်စင် လိုအပ်သူတွေအတွက် ရန်ကုန် လိုင်စင်ကိုလည်း သတ်မှတ်နှုန်းထားတစ်ခုဖြင့် ထုတ်ပေးမည် ဟူသည့် အသံများလည်း ထွက်ပေါ်လျက်ရှိရာ ကားဝယ်လိုသူ အများစုမှာ လက်ရှိတွင် မဝယ်သေးဘဲ ဈေးမေးမြန်း၍ အပြောင်း အလဲကိုသာ စောင့်ဆိုင်းနေကြချိန်ဟု ဆိုရမည်ဖြစ်သည်။

စလစ်ဈေးနှုန်းများမှာလည်း အရောင်းအဝယ်မရှိသလောက် ဖြစ်နေပြီး ငွေကျပ်သိန်း ၁၁ဝ နှင့်အထက်တွင် ရှိနေကြောင်း၊ အရောင်းပြခန်းအချို့တွင် အရစ်ကျစနစ်ဖြင့် ရောင်းချသည့် မော်တော်ကားများကိုလည်း   လက်ရှိတွင်   ဝယ်ယူသူမရှိ သလောက် နည်းပါးနေပြီး လာရောက်၍ ဈေးစုံစမ်းကြသူများသာ များပြားနေကြောင်း သိရှိရသည်။

''ရန်ကုန်လိုင်စင်နဲ့ပတ်သက်ပြီး ကားတင်သွင်းခွင့်မူကြမ်း ထွက်ပြီးထားပေမယ့် အခုချိန်ထိ အတည်မပြုနိုင်သေးတဲ့အတွက် အရောင်းအဝယ်က ဆက်လက်ပြီး အေးစက်နေဦးမှာပါပဲ၊ အခု အချိန်မှာ အခွန်များများနဲ့ ဝယ်ထားရတဲ့ ကားပိုင်ရှင်တွေကလည်း မျက်ခုံးလှုပ်လှုပ်နဲ့ပဲ ကျဈေးမရောက်မချင်း တင်းခံနေကြမယ်လို့ ထင်ပါတယ်။ ဒါတင် မကသေးပါဘူး၊ ဝင်ငွေခွန်ကို လျှော့ပေးမယ် ဆိုတဲ့အတွက်လည်း တက်ဈေးနဲ့ဝယ်ထားကြသူတွေ နစ်နာဆုံးရှုံး မှုတွေကို ကုစားဖို့ အစီအစဉ်လည်း အစိုးရက လုပ်ပေးသင့် တယ်လို့ ထင်ပါတယ်၊ ဝယ်ယူမယ့် သူတွေကတော့ ဒီကာလက ဝယ်ဖို့ မသင့်တော်သေးတဲ့ သီတင်းပတ်ပဲဖြစ်ပြီး ဧပြီလ ပိတ်ရက် တွေ ကျော်တဲ့အထိ စောင့်ကြည့်နေသင့် တယ်လို့ အကြံပေးချင် ပါတယ်''ဟု ကားလောက ကျွမ်းကျင်သူတစ်ဦးက ထောက်ပြ ထားသည်။    

မင်းသော်

No comments:

Post a Comment