Latest News

Monday, March 19, 2018

ဆယ်စုနှစ်အတွင်း ရေထွက်ကုန်ပြည်ပတင်ပို့မှု ဝင်ငွေနှင့် ကုန်ချိန်အများဆုံးနှစ်အဖြစ်သတ်မှတ်နိုင်

ဆယ်စုနှစ်အတွင်း ရေထွက်ကုန်ပြည်ပတင်ပို့မှု ဝင်ငွေနှင့် ကုန်ချိန်အများဆုံးနှစ်အဖြစ်သတ်မှတ်နိုင်

ဖျာပုံ မတ် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်၏အဓိကလိုအပ်ချက်ဖြစ်သည့် ပြည်ပဝင်ငွေရရှိ
ရေး ဆောင်ရွက်ရာတွင် တတိယအဆင့်တွင်ရှိနေပြီး နှစ်စဉ်လည်း လျာထား ဝင်ငွေထက် ကျော်လွန်ရရှိရေးကို သက်ဆိုင်ရာအသင်းအဖွဲ့ လုပ်ငန်းရှင်များနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိ နေကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုဖြင့်ဝင်ငွေများရရှိလျက်ရှိရာ ၁ဝ စုနှစ်ကာလ အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်တင်ပို့နိုင်မှု ကုန်ပမာဏနှင့် ပြည်ပဝင်ငွေအများဆုံးရရှိသော နှစ်အဖြစ်စံချိန်တင်နိုင်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းမက်ထရစ်တန် ၃၅၁၆၅၂ ဒသမ ဝ၅ တင်ပို့နိုင်မှုမှ အမေရိကန်ဒေါ်လာ ၅၆၁ဒသမဝ၂သန်း၊ နောက်ငါးနှစ်အကြာ ၂ဝ၁၁-၂ဝ၁၂ဘဏ္ဍာနှစ်တွင် မက်ထရစ်တန် ၃၈၆၉၈၁ ဒသမ ၃၂ တန်မှ အမေရိကန်ဒေါ်လာ ၆၅၃ ဒသမ ၈၅ သန်းရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မှတ်တမ်းများအရ သိရသည်။

ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်အမေရိကန်ဒေါ်လာသန်း ၆၅ဝ ဝင်ငွေ ရရှိရေး လျာထားဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်အထိရေထွက်ပစ္စည်း မက်ထရစ်တန် ၅၂၂၃ဝဝ ဒသမ ၂၆၁ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၆၆၂ ဒသမ ၉၇၃ ရရှိပြီးဖြစ်၍ ဘဏ္ဍာနှစ်မကုန်မီမှာပင် လျာထားငွေကျော်လွန်ရရှိနေပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ ဝင်ငွေတိုးမြင့်ရရှိခြင်းမှာ လွန်ခဲ့သည့် ၁ဝ နှစ်ကျော်က ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့သည့် နိုင်ငံပေါင်း ၃ဝ သာရှိခဲ့ရာမှ နောက်ပိုင်းကာလများတွင်ရေထွက်ပစ္စည်းများ၏ အရည်အသွေးမြှင့်ပြီး ဈေးကွက်တိုးချဲ့ ရှာဖွေခဲ့ရာ ယခုအခါ အီးယူနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄ဝ ကျော်အထိ တင်ပို့လျက်ရှိနေ ကြောင်းသိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာအသင်းအဖွဲ့ လုပ်ငန်းရှင် များနှင့် ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဘဏ္ဍာနှစ်မကုန်မီမှာပင် ဝင်ငွေလျာထားချက်ထက်ကျော်လွန်ရရှိထားသော်လည်း    မူလရည်မှန်းထားသည့် အမေရိကန်ဒေါ်လာသန်း ၇ဝဝ ရာရရှိရေး  ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။

အောင်ဝင်း(ဖျာပုံ)

No comments:

Post a Comment