Latest News

Tuesday, February 13, 2018

(NCA) လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း

(NCA) လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း

နေပြည်တော်   ဖေဖော်ဝါရီ    ၁၃

မွန်ပြည်သစ်ပါတီ (NMSP)နှင့်    လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့   တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)  လက်မှတ်ရေးထိုးခြင်းနှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ   ၄  နာရီက နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟို ဌာန-၂  (MICC-II) ၌ ကျင်းပသည်။

ရှင်းလင်းဖြေကြား
သတင်းစာရှင်းလင်းပွဲတွင်    ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန òန်ကြားရေးမှူးချုပ်  ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး  ဦးခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊  မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်အောင်မငေးနှင့်     လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ နာဗစ်ဘွန်တို့က သတင်းမီဒီယာများ၏ မေးမြန်းမှု များကို ရှင်းလင်းဖြေကြားသည်။
NCA နှင့် ပတ်သက်သည့် အကျဉ်းချုပ် ရှင်းလင်းချက်ကို ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး     ဦးခင်ဇော်ဦးက ရှင်းလင်းပြောကြားရာတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ် (DPN) တို့သည် ယနေ့လက်မှတ်ရေးထိုးပွဲအခမ်းအနား  ဖြစ်ပေါ်လာ ရန် ၁၈ လ  အတွင်း အလွတ်သဘော   ဆွေးနွေးမှုပေါင်း ကိုးကြိမ်နှင့် တရားဝင်ဆွေးနွေးမှုပေါင်း   ကိုးကြိမ်  စုစုပေါင်း ၁၈ ကြိမ် ပြုလုပ်ခဲ့ရကြောင်း၊ NCAလက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း များနှင့်လည်း မကြာခဏ တွေ့ဆုံဆွေးနွေးလျက် ရှိပါကြောင်း ပြောကြားသည်။
အများကြီးဖြစ်နိုင်ခြေရှိ
ထို့နောက်NCAလက်မှတ်ရေးထိုးရန်  ကျန်ရှိနေသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ် သက်၍ မေးမြန်းရာ ဦးခင်ဇော်ဦးက '' ၂ဝ၁၈ ခုနှစ်မှာ  အခြား အဖွဲ့တွေ လက်မှတ်ရေးထိုးနိုင်တဲ့    အခြေအနေရှိလားလို့  ပြောရင်ရှိတယ်လို့ ဖြေရမှာဖြစ်ပါတယ်၊ ဘယ်အဖွဲ့တွေလဲလို့ မေးရင်တော့ ပြောပြလို့မရသေးပါဘူး၊  ၂ဝ၁၈   ခုနှစ်ထဲမှာ တော့ အများကြီးဖြစ်နိုင်ခြေရှိပါတယ်၊ ၁ဝ လလောက် အချိန် ရှိသေးတယ်၊ ကျွန်တော်တို့ရအောင်   ညှိနှိုင်းမယ်၊   ကျန်တဲ့ အဖွဲ့တွေ   ပါလာနိုင်စရာ   အခြေအနေတွေရှိပါတယ်''ဟု ဖြေကြားသည်။
လိုက်ပါလာနိုင်ခြင်းမရှိ
ရခိုင်အမျိုးသားကောင်စီ(ANC) လက်မှတ်ရေးထိုးနိုင် ခြင်းမရှိသည့်     အခြေအနေနှင့်ပတ်သက်၍    ဦးဇော်ဌေးက ''ကျွန်တော်တို့ ANC    နဲ့ ၁၁   ရက်နေ့  ညပိုင်းထိညှိတယ်၊ANC၊ LDU၊ WNO သုံးဖွဲ့ကNCA လက်မှတ်ထိုးစရာ မလိုဘဲ ငြိမ်းချမ်းရေးညီလာခံကို တိုက်ရိုက်တက်ရောက်ခွင့်ပြု မယ်လို့   သမ္မတဦးသိန်းစိန်  လက်ထက်က ပြောထားခဲ့တာ ရှိပါတယ်၊ အခု အစိုးရလက်ထက်မှာတော့UNFC    ထဲမှာ သူတို့ သုံးဖွဲ့ပါလာတယ်၊NCA လက်မှတ်ထိုးဖို့ ANC ကို နောက်ဆုံးအချိန်အထိ ညှိခဲ့ပါတယ်၊ ဒါပေမယ့် လက်မှတ်ထိုး မယ့်အထဲမှာ ANC က လိုက်ပါလာနိုင်ခြင်းမရှိဘူး၊ANC  ရဲ့ အခြေအနေက လက်မှတ်ထိုးဖို့ မျှော်လင့်ချက် နည်းသွားပါ ပြီ''ဟု ဖြေကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)  ရာစုပင်လုံ တတိယ အစည်းအဝေးကျင်းပမည့်အခြေအနေနှင့် ပတ်သက် ၍  ဦးဇော်ဌေးက ''အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ  ကျင်းပနိုင်မှ ငြိမ်းချမ်းရေးညီလာခံလုပ်မယ်လို့  လက်မှတ်ထိုး ပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်တဲ့ PPST က ထုတ်ပြန်ထားတယ်၊   ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ -RCSS အနေနဲ့ အမျိုးသားအဆင့်    နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်ဖို့ ကျွန်တော်တို့ အလွတ်သဘောတွေ့ဆုံ ညှိနှိုင်းနေပါတယ်၊  အဲ့ဒါပြေလည်ပြီဆိုရင်တော့   ညီလာခံ ကျင်းပလို့ရပါပြီ၊ မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့    ညှိနှိုင်းစဉ်က    တောင်းဆိုချက် တစ်ချက်ပါပါတယ်၊ NCA လက်မှတ်ထိုးမယ်၊ လက်မှတ်ထိုး ပြီးတာနဲ့ ညီလာခံမှာပါဝင်နိုင်ဖို့ လုံလောက်တဲ့ အချိန်တစ်ခု ပေးပါ၊     မွန်ပြည်သစ်ပါတီက      အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပမယ်၊ ကျင်းပတဲ့အခါ  ကဏ္ဍငါးရပ်အတွက် နိုင်ငံရေး စာတမ်းတွေတင်နိုင်ဖို့ ဆောင်ရွက်ပြီးမှပဲ ညီလာခံ လုပ်မယ်၊RCSS   နဲ့လည်း    အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်ဖို့ ကြိုးစားသွားမယ်''ဟု ဖြေကြားသည်။
UPDJC  အစည်းအဝေး ကျင်းပသွားမည့် အခြေအနေ နှင့် စပ်လျဉ်း၍ ဦးခင်ဇော်ဦးက ''UPDJC   အစည်းအဝေးက မကြာခင် ဒီရက်ပိုင်းအတွင်း စတင်ဖို့ရှိပါတယ်၊   အဲ့ဒီအစည်း အဝေးမှာတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တင်ပြပြီးတော့မှ သဘောတူ  ဆက်လက်ဆောင်ရွက်ပါမယ်၊ အမျိုးသားအဆင့်နိုင်ငံရေး   ဆွေးနွေးပွဲမကျင်းပနိုင်သေးတဲ့ အခြားအဖွဲ့တွေအတွက်လည်း ဆက်လက်ဆောင်ရွက်ပါမယ်၊ အဲ့ဒါတွေ ပြီးသွားရင်တော့  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ စတင်နိုင်ပါတော့မယ်၊   ရခိုင်ကတော့    သီးခြားအခြေအနေ ဖြစ်နေတဲ့အတွက်   အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဦးမှာ မဟုတ်ပါဘူး၊ NCAလက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့နဲ့လည်း  တရားဝင်မဟုတ်ပေမယ့် တွေ့ဆုံမှုတွေရှိပါတယ်''ဟု ဖြေကြားသည်။
ဖြည့်စွက်ဖြေကြား
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဇော်ဌေးက ''မွန်ပြည်သစ် ပါတီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့အတွက်  UPDJCအစည်းအဝေးခေါ်ရပါမယ်၊  မူလစီစဉ်ထားတာက ဒီနေ့လက်မှတ်ထိုးမယ်၊ ၁၄ ရက်နေ့ UPDJCအတွင်းရေးမှူး အဖွဲ့ အစည်းအဝေးခေါ်မယ်၊ ၁၅ ရက်နေ့ UPDJCအစည်း အဝေးလုပ်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကို ကမ်းလှမ်းတယ်၊ သူတို့ဘက်က အဆင်မပြေတဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ UPDJCအမြန်ဆုံး စတင် နိုင်ပါမယ်''ဟု ဖြည့်စွက်ဖြေကြားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင်   တိုက်ပွဲများဖြစ်ပွား နေမှုအခြေအနေများနှင့် စပ်လျဉ်း၍  ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ''တပ်မတော်အနေနဲ့   ထိုးစစ်ဆင်စရာ   မရှိပါ ဘူး''ဟု ရှင်းလင်းထားပြီးပါပြီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ သတ်မှတ်တဲ့ နေရာမှာရှိနေမယ်ဆိုရင် ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး၊ ပြောထားတဲ့ ကတိကဝတ် တွေလည်းရှိပါတယ်၊ ဒါတွေကျော်လွန်လာပြီး     ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို     ထိခိုက်လာမယ်ဆိုရင်တော့  တပ်မတော်အနေနဲ့ ဆောင်ရွက်ရပါတယ်၊ သွားပြီး ထိုးစစ်ဆင် နေတာမဟုတ်ပါဘူး''ဟု ဖြေကြားသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ထိုးရန် ကျန်ရှိနေသည့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကို ပါဝင်လာရန် ကူညီသွားမည်ဖြစ်ကြောင်းကို  မွန်ပြည်သစ် ပါတီမှ နိုင်အောင်မငေးက ''ကျွန်တော်တို့ မွန်ပြည်သစ်ပါတီကNCAလမ်းကြောင်းအတိုင်းသွားမယ်၊ ကျန်တဲ့  အဖွဲ့အစည်း တွေ ပါဝင်လာဖို့အတွက် ကျွန်တော်တို့ ပြောမယ်၊NCA က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲတဲ့အပြင်    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းကြောင်းဖြစ်တယ်ဆိုတာကို ကျန်တဲ့အဖွဲ့အစည်းတွေကို ပြောမယ်၊ မြောက်ပိုင်းအဖွဲ့တွေကို ရော အစိုးရနဲ့တပ်မတော်ကိုရော ချဉ်းကပ်မယ်၊   မေတ္တာရပ်ခံ မယ်''ဟု ဖြေကြားသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP)   နှင့် Bilateral လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းကို ဦးဇော် ဌေးက ''ကရင်နီအမျိုးသားတိုးတက်ရေးပါတီ   ( KNPP) နဲ့   ကျွန်တော်တို့    သဘောတူထားတာ Bilateral   သွားမယ်၊နောက်ပိုင်း ငြိမ်းချမ်းရေးခရီးစဉ်မှာ  KNPPပါဖို့ တစ်ဖွဲ့ချင်း သွားမယ်၊ANC တစ်ဖွဲ့တည်းကိုတော့    သီးသန့်လုပ်ဖို့ရာ ခက်တယ်၊ အခွင့်အရေးတွေ အများကြီးပေးခဲ့တယ်၊ ညှိနှိုင်း ဆွေးနွေးမှုတွေလုပ်ခဲ့တယ်၊ တပ်ပိုင်းဆိုင်ရာကိစ္စဆိုရင်ANC  မှာ တပ်တောင်မရှိဘူး၊  UNFC မှာ နှစ်ဖွဲ့ပဲ ကျန်တော့တယ်၊KNPP က Bilateralသွားမယ်၊ ANC အနေနဲ့ NCAထိုးဖို့ခက်သွားပါပြီ၊    ငြိမ်းချမ်းရေးဖြစ်စဉ်မှာ   တခြားတစ်နည်း နည်းနဲ့တော့ ပါဝင်လို့ရပါမယ်''ဟု ဖြေကြားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ   ရှမ်းပြည် နယ်တွင် တပ်မတော်အနေဖြင့် လူထုတွေ့ဆုံပွဲများ ကျင်းပခွင့် မပြုခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ''ျွဃှ အနေနဲ့ အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်ဖို့ လင်းခေးမှာ ခွင့်ပြုခဲ့တယ်၊ လူထုတွေ့ဆုံဆွေးနွေး ပွဲတွေလုပ်ဖို့  ခွင့်ပြုခဲ့တာမရှိဘူး၊ ရှမ်းပြည်နယ်အစိုးရရဲ့ ခွင့်ပြု မှုနဲ့ ဆောင်ရွက်တယ်လို့တော့  နောက်ပိုင်းမှာ   သိရတယ်၊ သို့သော်လည်ွးှသျွ နဲ့ မကိုက်ညီတဲ့အတွက် တားဆီးရတာ ဖြစ်ပါတယ်၊ အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲတွေက သတ်မှတ်ထားတဲ့နေရာမှာလုပ်ရမှာ      ဖြစ်တယ်ဆိုတာကို UPDJC  အစည်းအဝေးတိုင်းမှာလည်း အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါတယ်''ဟု ဖြေကြားသည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး  (LDU) ကို အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ   ကျင်းပခွင့်မပြုသည့် အပေါ် ဦးဇော်ဌေးက ''ANC နဲ့ LDU ကABSDFလို နယ်မြေမရှိဘူး၊ အဲ့ဒါကြောင့်    အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ခွင့်မရှိဘူး၊ ဒါကိုLDU က လက်ခံတယ်၊ ANC က လက်မခံတဲ့အတွက်  လက်မှတ်မထိုးဖြစ်ပါဘူး''ဟု ဖြေကြားသည်။ မြန်​မာ့အလင်း (သတင်းအဖွဲ့)

No comments:

Post a Comment