Latest News

Tuesday, February 13, 2018

စလစ်ဈေးအပြောင်းအလဲနဲ့အတူ အရောင်းပြန်လိုက်လာတဲ့ ရန်ကုန်ကားဈေးကွက်

စလစ်ဈေးအပြောင်းအလဲနဲ့အတူ အရောင်းပြန်လိုက်လာတဲ့ ရန်ကုန်ကားဈေးကွက်

၂ဝ၁၇ လက်ကျန်ကားတင်သွင်း ကွန်ဆိုင်းမန့်စနစ်ဖြင့် တင်သွင်းနိုင်ရန်အတွက် စလစ်လိုအပ်ချက်ကြောင့် ရန်ကုန်စလစ်ဈေးနှုန်း မှာ ယခု သီတင်းပတ်အတွင်း ငွေကျပ် ၁ဝ သိန်းမှ ၁၃ သိန်းအထိ မြင့်တက်လာခဲ့ပြီး   စလစ်ဈေးမြင့်တက်ခြင်းနှင့်အတူ  ကားဈေးကွက် အတွင်း ဈေးနှုန်းအလယ်အလတ် အင်ဂျင်ပါဝါနိမ့်ကားများ အရောင်းပြန်သွက်လာခဲ့ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။

''အမြင့်ဈေးနဲ့ပဲ အရောင်းပြန်လိုက်လာတာကို တွေ့ရပါ တယ်၊ အဓိကကတော့ စောစောက ဈေးတွေမြင့်တာရော၊ မူဝါဒ ပြောင်းလဲတာကြောင့်  ဝယ်လက်တွေက  စောင့်ကြည့်နေတဲ့ သဘောပါ၊ အခုက ဈေးကလည်း ပြန်မကျ၊ မူဝါဒသစ်နဲ့ တင်သွင်း ဖို့ကျပြန်တော့လည်း ကားရွေးချယ်မှုက အခက်အခဲတွေ အများ ကြီးရှိနေသေးတော့ မလှုပ်ရဲကြဘူးလေ၊ အဲဒီတော့ ဝယ်လက်က မဖြစ်မနေဝယ်ချင်နေတဲ့အခါကျ အရောင်းအဝယ်ပြန်သွက် လာတဲ့သဘောပါ''ဟု ကားအရောင်းအဝယ်ပြုလုပ်သူ ကိုကျော် ဇေယျာဝင်းက ပြောသည်။
စလစ်ဈေးနှုန်းများမှာ သက်တမ်း နှစ် ၂ဝ ရှိ ယာဉ်အို ယာဉ် ဟောင်းအပ်နှံမှု စလစ်အနေဖြင့် မူလ ၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် ငွေကျပ် ၁၄၅ သိန်းအထိ ပေါက်ဈေးရှိခဲ့ပြီး ၂ဝ၁၈ နှစ်ဆန်းတွင် ငွေကျပ် သိန်း ၁၁ဝမှ ၁၂ဝ ကြားသာ ပေါက်ဈေးရှိခဲ့သည်။ ယခု အခါ နယ်လိုင်စင်ကားများအား ပြန်လည်အပ်နှံရာတွင် ရန်ကုန် လိုင်စင်ချထားမပေးမှုကြောင့်     ရန်ကုန်အပ်ကားစလစ်များ ဈေးနှုန်းမြင့်မားလာခဲ့ပြီး ကွန်းဆိုင်းမန့်စနစ်ဖြင့် တင်သွင်းနိုင်ရန် အတွက်လည်း စလစ်လိုအပ်ချက်တို့ကြောင့် စလစ်ဈေးနှုန်းမှာ ယခုသီတင်းပတ်အတွင်း ငွေကျပ် သိန်း ၁၃ဝ အထိ မြင့်တက်လာ ခဲ့ပြီး အရောင်းအဝယ်လည်း အားကောင်းလာခဲ့သည်ကို မြင်တွေ့ ရသည်။ ရန်ကုန်လိုင်စင်နှင့်   ကွာခြားစွာ   နယ်လိုင်စင်  စလစ် ဈေးနှုန်းများသည် ငွေကျပ် သိန်း ၁ဝဝ အထိ ကျဆင်းသွားသည်ကို လည်း မြင်တွေ့ရသည်။
ကားဈေးကွက်အတွင်း   အရောင်းအဝယ်ဖြစ်လာသည့် ကားများမှာ အများအားဖြင့် ဈေးနှုန်းသက်သာသည့် နံပါတ် နိမ့်ကားများဖြစ်ကြပြီး အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ၊ အင်ဂျင် ပါဝါ ၁၈ဝဝ စီစီနှင့် ၂ဝဝဝ စီစီ ဝန်းကျင် လက်သင့်စီးနင်းနေကြသည့် ကားများဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်။ ''ကား အရောင်းအဝယ်က  ပြန်ကောင်းတယ်လို့  ပြောရင်လည်း  ရပါ တယ်၊ ဒါပေမယ့် စိတ်ကြိုက်ကားရဖို့တော့ ခက်နေပါသေးတယ်၊ အများစုက ရောင်းတန်းတွေများတယ်၊ ဝယ်တဲ့အခါ သေသေ ချာချာ   စိစစ်ဝယ်ယူကြဖို့တော့ လိုပါတယ်၊ ကျွန်တော့်မိတ်ဆွေ တစ်ဦးဆိုရင် ကားက  ဂျင်းထည့်ထားတာ၊  ဈေးကနည်းနည်း သက်သာတာနဲ့ ယူလိုက်တာ ပြန်ထုထားတဲ့ကား ဖြစ်နေတယ်၊ အခု နောက်ပိုင်းမှာ ဈေးကိုချည်း မကြည့်သင့်ဘူး၊ အထူးသဖြင့် တော့ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်တာတွေပေါ့၊ သတိ ထားသင့်တယ်''ဟု ကားအရောင်းအဝယ်ပြုလုပ်သူ ကိုကြီးမြင့် က ပြောသည်။

ဘုရားဖူးရာသီ     ရောက်ရှိလာတော့မည်ဖြစ်သည့် အတွက်      အကြမ်းခံဖိုးဝှီးကားများလည်း အမေးများနေပြီး  အရောင်းအဝယ်  အနည်းငယ် ရှိကြောင်း      ဈေးကွက်အတွင်းက သိရသည်။ ထို့ပြင်  မြို့တွင်းစီး   အင်ဂျင်ပါဝါ   ၆၆ဝ  စီစီနှင့်  ၁ဝဝဝ  စီစီ အမျိုးအစားများလည်း အဝယ်လိုက်နေပြီး ရန်ကုန်လိုင်စင်ထက် ဈေးသက်သာသည့် နယ်လိုင်စင်ကားများကို  နယ်ဝယ်လက်များ   ပိုမိုစိတ်ဝင်စားကြသည်ကိုလည်း  မြင်တွေ့ရသည်။
အရောင်းစင်တာများနှင့် ကားဝယ်ရောင်းလုပ်ကိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များမှာမူ ပုံမှန်ဝယ်လက်နှင့် ဆန့်ကျင်စွာ ဖြင့် လာမည့်ဧပြီလဆန်းတွင် စတင်ကျင့်သုံးရန်ရှိသည့် စီအိုအီး စနစ်ကို စောင့်ကြည့် ပြီးမှ       အရောင်း အဝယ်ဈေးကွက်ကို လှုပ်ရှားလိုကြောင်း သိရှိရသည်။ လက်ရှိ တွင် စီအိုအီးစနစ်ဖြင့် ရန်ကုန်လိုင်စင်ပေး မည်ဟု    သိရှိရပြီး လက်ရှိတွင်     မည် သည့်နိုင်ငံထုတ် မည် သည့်    ကားအမျိုး အစားကို  တင်သွင်း ပါက    ဈေးကွက် အတွင်း       မည်မျှ အဆင်ပြေနိုင်မည်၊ စားသုံးသူ    ကြိုက် နှစ်သက်နိုင်မည်ကို လည်း ကားတင်သွင်း မည့် စီးပွားရေးလုပ်ကိုင်သူများက ဟောကိန်းထုတ် တွက်ချက် သည့် အဆင့်တွင်သာရှိနေသေးသည်။
''ကားတွေက    ဒူဘိုင်းကပဲ  သွင်းရမလို၊  ဥရောပကိုပဲ တိုက်ရိုက်မှာရမလို ဖြစ်နေတယ်၊ ဈေးနှုန်းကိုပြန်တွက်ရင်လည်း ကားတင်သွင်းဖို့အတွက် ကုန်ကျစရိတ် စုစုပေါင်းဆိုရင် ငွေကျပ် သိန်း ၄ဝဝ နဲ့အထက် ကားကောင်းတွေဆိုရင် ငွေကျပ် သိန်း ၁ဝဝဝ  အောက်ထစ်ဖြစ်နေတော့   သွင်းမယ့်သူတွေအတွက် လည်း    ဝိဝါဒတွေ ဖြစ်နေရပါတယ်၊ တင်သွင်းရုံနဲ့လည်း    မရဘူး၊   ကိုယ့်နိုင်ငံနဲ့လည်း  ကိုက်ညီ မလား၊        ပြင်ဆင်မှုအတွက်လည်း     ထည့်စဉ်းစားရသေး တယ်၊    ဒါကြောင့်    အားလုံး   တာမထွက်ရဲကြသေးတာ''ဟု   ကားတင်သွင်းရန်  ရည်ရွယ်ထားသူ  ဦးဝင်းနိုင်ကလည်း  ပြော သည်။
ထို့ပြင် လုပ်ငန်းရှင်များစုပေါင်းဖွဲ့စည်းထားသည့် မြန်မာ နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချ သူများအသင်းကလည်း    မော်တော်ကား  တင်သွင်းရာတွင် ကောက်ခံသည့်    အထူးကုန်စည်ခွန်ကို   မူလဘဏ္ဍာရေးနှစ် နှုန်းထားအတိုင်းသာ    ဆက်လက်ကောက်ခံပေးရန် အတွက် ပြည်တွင်းအခွန်များဦးစီးဌာနထံ တောင်းဆိုသွားရန် ပြင်ဆင် လျက်ရှိပြီး အထူးကုန်စည်ခွန်ကို ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်က ကောက်ခံခဲ့သည့် နှုန်းဖြစ်သော အင်ဂျင်ပါဝါ ၁၈ဝဝ စီစီနှင့် အထက်   မော်တော်ကားများအား    အထူးကုန်စည်ခွန်အဖြစ် ၂၅ ရာခိုင်နှုန်း   ကောက်ခံရန်  တင်ပြသွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ  ဒေါက်တာစိုးထွန်းက  ပြော ကြားသည်။ မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment