Latest News

Monday, February 19, 2018

ခေတ်ဘီလူး - ​ဆောင်းပါး

ခေတ်ဘီလူး - ​ဆောင်းပါး

ငယ်ငယ်ကပေါ့ ဗာဒံပင်ရိပ်ကောင်းကောင်း၊  မြစ်ခွဆုံ ကောင်းကောင်းမှာ  ညနေရီချိန်တိုင်း  အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ရုံးဆင်း အိမ်အပြန်ကို မောင်နှမတစ်သိုက် မျှော်ခဲ့ဖူးတယ်။ နိစ္စဓူဝမျှော်ခဲ့ပေမယ့် ဘယ်တော့မှ ရိုးမ သွားဘူး။ မျှော်နေတဲ့လူတွေပြန်လာတိုင်းလည်း  အပြေး အလွှား  အပြိုင်အဆိုင်   ကြိုဆိုရတာလေးကို ပျော်ရွှင် ကျေနပ်နေခဲ့မိတယ်။

အစ်ကို၊ အစ်မတွေက   ကျောင်းနေအရွယ်တွေမှာ ကိုယ်ကတော့ ပင်စင်စားအဘိုးနဲ့ မှီခိုအဘွားတို့နဲ့အတူ အိမ်မှာတစ်ချိန်လုံးနေခဲ့ရတော့ ညနေချိန် သူတို့ပြန်လာ မှာကို  စွဲစွဲလမ်းလမ်း   မျှော်နေမိတာပါ။  ဝန်ထမ်း မိသားစုဆိုတော့ လိုင်းခန်းမှာပဲ မိသားစုတွေအများကြီး စုနေကြတယ်။ ရေဒီယို တစ်လုံးရှိတယ်။   သံပတ်နာရီ ကောင်းကောင်း တစ်လုံးရှိတယ်။  နှိုးစက်ပေးထားရင် တစ်အိမ်လုံးနိုးတယ်။ ရုံးပိတ်ရက်တွေမှာ လာတတ်တဲ့ အသံလွှင့်ဇာတ်လမ်းရှည်တွေကို     မိသားစုလိုက် စောင့်မျှော်နားထောင်ကြတယ်။ ရုပ်မြင်သံကြားစက်ဆို တာ  သင်္ဘောသားအိမ်တွေ၊   လူကုံထံအိမ်တွေမှာ တစ်လုံးစ နှစ်လုံးစရှိတတ်လို့ ဇာတ်လမ်းသိပ်ကောင်းမှ သွားကြည့်တတ်ကြတာပဲ။

စောစောအိပ်ရာဝင်၊ စောစောထကြတယ်။ အဘွား က ၁၅ မိနစ်လောက် လမ်းလျှောက်သွားရတဲ့ ဈေးကို မနက်တိုင်းသွားပြီး ဟင်းစားဝယ်တတ်တယ်။ အပြန်မှာ နံနက်စာအတွက် ဗမာမုန့်တွေဝယ်လေ့ရှိတယ်။ ငှက်ပျော သီးကောက်ညှင်းထုပ်၊ ဘိန်းမုန့်၊ ခေါက်မုန့်၊ ကောက်ညှင်း ပေါင်း၊ မုန့်လုံးကြီး စတာတွေဟာ တစ်ကျပ်ဖိုးလောက်ဆို ရင် မိသားစုမနက်စာ အဆင်ပြေပါတယ်။ အလေးမခိုးဘူး၊ ရေမထိုးဘူး၊ ဆေးမဆိုးဘူး၊ ယင်ကောင်မနားဘူး၊ စိတ်ချ ရတယ်၊ သန့်ရှင်းတယ်။

အဘွားက အားလုံးချက်ပြုတ်ပြီးတာနဲ့ ဆွမ်းတော် ကပ် ဘုရားရှိခိုးပြီး ထမင်းချိုင့်တွေထည့်ပေးတယ်။ အဘိုး ကတော့ ကျောင်းနေစ မြေးတွေ ကျောင်းလိုက်ပို့ပေးတယ်။ အဘွား ဘုရားရှိခိုးပြီးတာနဲ့ ကျွန်တော့်အတွက် လက်ရေးလှ စာအုပ်မှာ ခဲစက်ရာတွေချပေးပြီး   အင်္ဂလိပ်-မြန်မာ အက္ခရာတွေ ရေးတတ်အောင် သူ့လက်နဲ့ ကျွန်တော့်လက် ကို   အရင်ထိန်းညှိပြီး   ရေးခိုင်းတယ်။  နောင်မှ ကိုယ့်ဘာသာရေးရတယ်။ မူကြိုမတက်ခဲ့ရဘူး။   ကျောင်းနေ တော့ အရေးပါတဲ့ အက္ခရာတွေနဲ့ ရင်းနှီးနေပြီးဖြစ်တယ်။

ဖျားနာကြီးရင် ဦးလေး  မဟုတ်ရင် အဖေက ချီပိုး ပြီး ကလေးဆေးရုံကြီးကိုသွားလို့  ပြင်ပလူနာဌာနမှာ ပြတယ်။ ၂၄ နာရီ အင်အားပြည့်ဆေး အပြည့်ရှိတယ်။ ဖျော်ထားတဲ့  ဓာတ်ဆားအိုးကြီးထဲက   ဓာတ်ဆားတွေ ခပ်ထည့်ပေးတာလည်း မှတ်မိသေးတယ်။ BPI ဆိုတာ လည်း ထိပ်တန်းပဲ၊ ချောင်းဆိုးရင်ကျပ်လောက်ကတော့ ကျားဆေးတိုက်က မက်လင်ကြင်နဲ့ ကွမ်းရွက်ပြုတ်နဲ့တင် ပြတ်တယ်။ အလှူငွေ ထည့်စရာမလိုခဲ့ဘူး။

မှတ်မှတ်ရရပဲ  ရွှေတိဂုံဘုရားပေါ်မှာ  ညီအစ်ကို နှစ်ယောက် မိဘနဲ့ ကွဲသွားဖူးတယ်။ အစ်ကိုက အဖေ အမေနာမည်နဲ့ အိမ်လိပ်စာပြောတတ်တော့ သူစိမ်းဦးကြီး တစ်ယောက်က ဂေါပကရုံးကို ချီသွားပြီး လော်စပီကာနဲ့ အော်ခေါ်ပေးခဲ့ဖူးတယ်။ ကလေးရောင်းမယ့်၊ ဝယ်မယ့်၊ ခိုးမယ့်လူမရှိဘူး။

မြို့ထဲသွားရင် ၁၂ သီးသန့်ဆိုတာရှိတယ်။ ဘီအမ် နှစ်စီးတွဲထားတာမျိုးပဲ။ ၁၅ ပြား၊ ပြား ၂ဝ အြေ<ွကပေးရ တယ်။  လက်မှတ်ပေးတယ်။   တစ်ခါ   ကားပေါ်မှာ အဘိုးကငိုက်တော့ အင်္ကျီအိပ်ကပ်ကို လက်နဲ့တောက်ထုတ် ပြီး ခါးပိုက်နှိုက်ဖို့ကြိုးစားတယ်။ အဘိုးက မိတယ်။ ခါးပိုက် နှိုက်က ခရီးသည်တွေကို ထိုင်ကန်တော့ပြီး တောင်းပန် တယ်။ အဖမ်းခံတယ်။ ဓားနဲ့ထိုးသွားတာမျိုးမလုပ်ဘူး။ ဒါတောင် အဘိုးပြန်ပြောပြလို့ပါ။    ခါးပိုက်နှိုက်ဆိုတာ 'မွန်းတည့်ချိန်မှာနေဝင်သည်' ရုပ်ရှင်မှာပဲ မြင်ဖူးခဲ့တာ။ အဲဒီတုန်းက ...

သူခိုးကတော့ သမိုင်းမတင်မီကတည်းက ရှိခဲ့မှာပဲ။ အဲဒီတုန်းကတော့  အိမ်ခေါင်းရင်းမှာ  ချေးပုံအကြီးကြီး တွေပါပြီး   အိပ်မွေ့ချခိုးတတ်တယ်တဲ့။  ဦးလေးတွေက အအိပ်ဆတ်တော့ သူခိုး သူခိုးအော်ပြီး လိုက်တာ အရပ်က လူတွေ ဝိုင်းဖမ်းပေးတယ်။ ဖုန်းအသုံးမဝင်သေးတဲ့ခေတ်မှာ ခဏနေတော့ ပတ်တရောင်လှည့်တဲ့ ထောင်ထောင်မောင်း မောင်း ဥပဓိရုပ်ကောင်းကောင်း ရဲသားကြီးတွေ  စက်ဘီးနဲ့ ရောက်လာပြီး လက်ထိတ်ခတ်ဖမ်းသွားတယ်။ သူခိုးတွေက ပြန်မခုခံဘူး။

အဘိုး၊ အဘွားနဲ့မိသားစု အိမ်ခွဲနေတော့ ရံဖန်ရံခါ မိဘတွေ အိမ်ပြန်နောက်ကျရင် ဘေးအိမ်က ဦးလေးကြီးက လာပြီး ချက်ပြုတ်ကျွေးမွေးတယ်။ မိဘတွေ ပြန်လာတဲ့အထိ  ပုံတိုပတ်စတွေ  ပြောပြဆုံးမပေးတယ်။  လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားတာမျိုး လုံးဝမရှိခဲ့၊ မကြားခဲ့ဖူးဘူး။

အလယ်တန်း၊ အထက်တန်းဆင့်အထိ ဆရာ ဆရာမ တွေ ကျောင်းမှာ အချိန်ပြည့် စာသင်နိုင်တယ်။ စာမေးနိုင် တယ်။ အမှတ်ခြစ်နိုင်တယ်။ နားလည်အောင် ထပ်သင်တယ်။ Revision  ပြန်နိုင်တယ်။ ကျူရှင်ယူတဲ့သူက သေချာတယ်။ စာညံ့လို့။ အထက်တန်းကတော့ ပညာလောဘကြောင့် အပြင်ကျူရှင်ယူသူတွေ  များလာတယ်။ ကျူရှင်တက်တဲ့ သူတွေကလည်း  ကျူရှင်လခကို  ဆေးမချဘူး။ အရက် မသောက်ဘူး။ လက်ဖက်ရည်ဆိုင်တောင် မထိုင်ရဲကြသေး ဘူး။ ဆရာတွေက စာညံ့တဲ့သူတွေကို ပိုပြီးဂရုစိုက်ပေးတယ်။ ခြံထဲက ဇီဇဝါပန်းလေး၊ နှင်းဆီပန်းလေး ချိုးလာပေးရင် ဆရာမတွေမျက်နှာက ပြုံးလို့ ရွှင်လို့။  ရမှတ်ကိုလိုက်ပြီး A  တန်း၊ Bတန်း၊  C တန်းခွဲတယ်။ ဆရာတွေက အားရင် အားကစား၊ လက်မှုပညာ၊ အနုပညာသင်ပေးတယ်။ ဆရာမ တွေက တက်တင်းထိုး၊ သိုးမွှေးထိုးတာ သင်ပေးတတ်တယ်။ ကျောင်းမှာ အားကစားပြိုင်ပွဲ၊  ပန်းချီ၊   ဆောင်းပါး၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွေ အမြဲရှိနေတတ်တယ်။ ဆရာမ တွေ  ဂိတ်မစောင့်ရဘူး။  သင်ခန်းစာ အစီအစဉ်တွေ၊ မှတ်တမ်းတွေမရေးရဘူး။ အားရင်  ဘာသာရပ်ဆိုင်ရာ စာတွေပဲ ဖတ်နေကြတယ်။ ဂိတ်စောင့်ပြီးRound  လှည့် တာ ကျောင်းအုပ်ကြီးအလုပ်ဗျ...အဲဒီတုန်းက...။

လူပျို အပျိုဖြစ်လာပြီး  လိင်ပိုင်းဆိုင်ရာ  စေ့ဆော်မှု တွေက အင်တာနက်ကြောင့် မဟုတ်ဘူးဗျ။ သဘာဝအတိုင်း ဦးထွေး၊ ဘထွေးတွေက သင်တာမျိုး၊ အိပ်မက်ထဲမက်တာ မျိုး၊ ယဉ်ယဉ်ကျေးကျေးဗျ။ (၁၈)နှစ်ပြည့်ပြီးလို့ ရည်းစား ရတယ်။ ''ချစ်တယ်''ဆိုတဲ့ စာလေးကို အခါတစ်ထောင် ဖတ်ပြီး တစ်ညလုံးအိပ်မပျော်လို့ အမေက သိသွားဖူးတယ်။

အဲဒီတုန်းက  ချစ်သူရဲ့လက်ကလေးကို ချွေးစေးပြန် အောင် ကိုင်ထားရတာကပဲ  နတ်ကျသလို ကတုန်ကရင်၊ ချစ်လို့ ကြိုက်လို့  ခိုးပြေးကြတာပဲရှိတယ်။   ဆေးခတ်ပြီး ရောင်းကုန်ဖြစ်အောင်လုပ်တာ၊ လူသတ်၊ ပစ္စည်းလုတာ၊ အုပ်စုနဲ့ အဓမ္မကျင့်တာ မရှိဘူး။

ကားတိုက်ပြီး ထွက်ပြေးလို့ မမိတဲ့အမှု သိပ်ရှားတယ်။ သူဌေးကြီး လူသတ်လည်း လူသတ်သမားအဖြစ် ထောင်ကျ တယ်။ အဲဒီခေတ်တုန်းက ...

တကယ်တော့  လူဦးရေ သိပ်မများသေးတဲ့အချိန် ပြည်တွင်းထုတ်ကုန်လုပ်ငန်းတွေ   လည်ပတ်နေသေးတဲ့ အချိန်၊ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ရိုက်ခတ်မှုတွေကို မခံရ သေးတဲ့အချိန်၊ နည်းပညာခေတ်မဟုတ်သေးတဲ့အချိန်၊ အရည် အသွေးမီ ထုတ်ကုန်တွေ ရှိခဲ့တဲ့အချိန်၊ ပြည်တွင်း ပြည်ပ ဝယ်လိုအား မြင့်တက်မှု မကွာဟသေးတဲ့အချိန်၊ ဝံသာနုရက္ခိတ တရား၊ လောကပါလတရား၊ လောကနီတိ ထွန်းကား နေ သေးတဲ့ အချိန်မိုလို့ဆိုတဲ့ အဖြေထွက်ပါလိမ့်မယ်။

ဒါတွေကို ပြန်လည်ဆင်ခြင်ကြည့်ကြဖို့ တိုက်တွန်းလို ပါတယ်။ နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ပြန့်ပွား လာတဲ့ အဓမ္မရာဂပိုးတွေ၊ ရာဂဘီလူးတွေကြောင့် အပြစ်မဲ့ တဲ့  လူမမည်ကလေးများစွာ  အဓမ္မပြုကျင့်ခံနေရပါပြီ။ လူတန်းစားအသီးသီးက အမျိုးကောင်းသမီးတွေ စိတ်ပင်ပန်း ဆင်းရဲကြီးစွာ သေဆုံးနေရကြရပါပြီ။  မြန်မာအမျိုးသမီးထု  တစ်ခုလုံး အရွယ်သုံးပါးမရွေး ကာမပစ်မှတ်ဖြစ်လာနေကြ ပါပြီ။  ခေတ်ပေါင်း  နှစ်ပေါင်းများစွာ ဆောင်ရွက်နေကြတဲ့    အမျိုးသမီးအခွင့်အရေး  စောင့်ရှောက်ရေးစီမံကိန်းတွေ၊ အဖွဲ့အစည်းတွေ မိမိတို့ရဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက် နိုင်မှုကို ပြန်လည်တိုင်းတာ သုံးသပ်သင့်ပါပြီ။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နေ့စဉ်၊ အပတ် စဉ် ဆိုသလို ပေါ်ထွက်နေတဲ့ မကြားဝံ့၊ မနာသာ အဓမ္မမှု တွေကို တစ်ချက်လောက် လေ့လာသုံးသပ်သင့်ပါတယ်။ အလားတူ ကိစ္စရပ်တွေလည်း လစဉ်ရက်ဆက် ဖြစ်ပေါ် နေတာ တွေ့ရမှာ   ဖြစ်ပါတယ်။  နေရာနဲ့ အချိန်သာ ကွာခြားသွားတာဖြစ်ပြီး  ပညာဆင်ခြင်တုံတရားနည်းပါးတဲ့ လူ့တိရစ္ဆာန်များကသာ အစဉ်တစိုက် ကျူးလွန်နေကြတာ ပဲ ဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့၊ ကျူးလွန်ရလွယ်ကူတဲ့ နွမ်းပါးသူတွေ၊ ခုခံစွမ်းအားနည်းသူတွေကို ပစ်မှတ်ထား ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။

ဖြစ်တတ်တဲ့အခြေအနေဟာ အချိန်မကောင်း၊ နေရာ မကောင်း၊ လူမကောင်းနဲ့ တွေ့ဆုံမှုကို အခြေခံနိုင်ပေ မယ့် ဖြစ်နိုင်ခြေရှိသမျှ အကြောင်းတရားတွေကို ရှာဖွေ နှိမ်နင်းမှု ပြုလုပ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ တိုက်ဖျက် ရေးလုပ်ငန်းတွေကို လူထုတစ်ရပ်လုံး တက်ြ<ွကစွာ ပါဝင် လာနိုင်စေဖို့   ဘယ်လို  ပညာပေးလှုံ့ဆော်ခဲ့ပါသလဲ၊   ဘယ်လို ထိရောက်စွာ ထပ်မံဆောင်ရွက်မလဲ ပြန်လည် သုံးသပ်ဖို့လိုအပ်လာပါပြီ။    လုပ်ရိုးလုပ်စဉ်   ပညာပေး ရုပ်သံဇာတ်လမ်းတို အဆင့်လောက်နဲ့  လုံလောက်မယ် မထင်တော့ပါ။ ဖြစ်တန်စွမ်းများသော ရပ်ကွက်၊ ကျေးရွာ၊ ရထားသံလမ်း၊ ဘူတာရုံစတာတွေမှာ ဖြစ်နိုင်သမျှ အသိ ပညာပေးရန်၊ ကူညီထောက်ပံ့ပေးရန်၊ ကာကွယ်စောင့် ရှောက်မှုပေးရန်  လိုအပ်လာပါပြီ။  လူထုအခြေပြုတဲ့ လုံခြုံရေးစနစ်တစ်ခု    တည်ဆောက်သင့်ရင်လည်း တည်ဆောက်ပေးဖို့    လိုအပ်ပါမယ်။    သတင်းပေး နည်းပညာများ ဖန်တီးနိုင်ဖို့ လိုအပ်သလို တစ်ဖက်မှာ လည်း ပြင်းထန်စွာ  ထိရောက်ဟန့်တား  ပြစ်ဒဏ်များ ကျခံစေသင့်ပါတယ်။

အထူးကိစ္စရပ်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်ပြီး အထူးစိစစ်ရေး ကော်မရှင်တွေ၊ ခုံရုံးတွေ ထပ်မံဖွဲ့စည်း ဆောင်ရွက်သင့်ပါပြီ။  ထိုသို့မဟုတ်  ပြစ်မှုပြစ်ဒဏ် မထိုက်သင့်ခြင်း၊ မလျော်ကန်ခြင်း၊ ဥပဒေမှ လက်လှမ်း မမီခြင်းများ ဆက်တိုက်ဖြစ်ပွားလာမယ်ဆိုရင် ပြည်သူ လူထုအကြား မလုံခြုံမှုများ၊   သံသယများ၊ စိတ်ရှည် သည်းခံမှုများ လျော့ပါးလာမှာဖြစ်ပြီး  အဲဒီကတစ်ဆင့်  တရားဥပဒေကို    မလေးစား၊   မယုံကြည်ခြင်းများ၊ လက်တုံ့ပြန်ခြင်းများနဲ့      ခုခံကာကွယ်တုံ့ပြန်ရန် လက်နက်များ၊ နည်းလမ်းများ ရှာဖွေဆောင်ရွက်လာနိုင် တာကြောင့် နိုင်ငံရေးမတည်ငြိမ်မှု အသွင်ဆောင်လာနိုင် တဲ့အထိ အကြီးမားဆုံး တိုင်းပြည်အန္တရာယ် ကျရောက် နိုင်ပါတယ်။ ပဋိပက္ခအရပ်ရပ်ကြောင့် မငြိမ်းချမ်းခြင်း သည်လည်း မငြိမ်းချမ်းခြင်းမည်သကဲ့သို့ ဤကဲ့သို့သော အဓမ္မမှုများကြောင့် ပြည်သူများ မငြိမ်းချမ်းလျှင်လည်း မငြိမ်းချမ်းခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

လက်ရှိ အသက်အရွယ်အခြေအနေမှာ ဖြစ်တည် နေကြတဲ့ အရွယ်ရောက်ပြီးသူများက မိမိတို့အတွက်သာ တစ်ကိုယ်ကောင်းဆန်ဆန် ဆောင်ရွက်နေကြမယ်ဆိုရင် နောင်မျိုးဆက် သားငယ်၊ သမီးငယ်၊ တူ၊ တူမငယ်၊ ညီ၊ ညီမငယ်တို့၏ ဘဝငရဲ၊  လူ့ငရဲကို  ဖန်တီးနေကြတဲ့ တရားခံများသာ ဖြစ်ပါလိမ့်မယ်။    စိတ်ရောကိုယ်ပါ အင်မတန်မှ ကြံ့ခိုင်သန်စွမ်းတဲ့ မိခင်လောင်းများ၊ ဖခင် လောင်းများဖြစ်လာမယ့်  လူငယ် လူညွန့်များအတွက် အထူဂရုစိုက်ပေးကြဖို့ရာ မတန်ဘူးလား တွေးရမှာပါ။

မိမိတို့ကလေးဘဝက မိဘ ဘိုးဘွားတွေ အိမ်ပြန် လာချိန်ကို စောင့်မျှော်ရင်းနေခဲ့သလိုမျိုး ခုချိန်မှာ မိမိ တို့ကို မျှော်နေမယ့် ရင်သွေးတွေဆီ  ဝံသာနုတရားတွေ၊ ဗြဟ္မစိုရ်တရားတွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်သွားလိုက်ချင် မိပါတယ်။ အနာဂတ်ဘဝ အညွန့်တွေ ချိုးဖဲ့ဖျက်ဆီးခံခဲ့ ရလို့  မလုံခြုံတော့တဲ့  ရင်သွေးငယ်၊ အမျိုးသမီးငယ်တွေ နဲ့ သောကမီးလောင်မြိုက်နေတဲ့ မိဘတွေကို မေတ္တာ၊ ကရုဏာ၊ လူသားချင်းစာနာမှုတွေနဲ့ အားလုံးက ဝိုင်းဝန်း စောင့်ရှောက်ပေးကြဖို့ အချိန်တန်ပါပြီ။     ။  မောင်နေ(အရာထမ်း)​ကြေးမှုံ

No comments:

Post a Comment