Latest News

Monday, February 19, 2018

အမျိုးသမီးငယ်များကို ခြိမ်းခြောက်လာသော မုဒိမ်းမှုများ

အမျိုးသမီးငယ်များကို ခြိမ်းခြောက်လာသော မုဒိမ်းမှုများ

၂ဝ၁၆ ခုနှစ် နှင့် ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှုများ၊ ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့်ရှောင်ကြဉ်ရမည့် အချက်များကို ပြည်ထဲရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်ကို ဖေဖော်ဝါရီ ၁၅ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ဖတ်လိုက်ရသည်။ အမျိုးသမီးငယ်များ၊   အထူးသဖြင့် ကလေးငယ်များ အတွက် ခြိမ်းခြောက်မှု ပိုမိုမြင့်မားလာကြောင်း ကိန်း ဂဏန်းများက သက်သေထူလျက်ရှိသည်။

ပိုမိုဖြစ်ပွားလာ

၂ဝ၁၆ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၌ အသက် (၁၆) နှစ်အောက်ကလေးသူငယ်များ မုဒိမ်း ပြုကျင့်ခံရမှု ၆၇၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၈၉၇ ကြိမ်ဖြစ်ပွားခဲ့သဖြင့်  ၂၂၆ ကြိမ် ပိုမိုဖြစ်ပွားခဲ့သည်။ ထို့အပြင် ၂ဝ၁၆ ခုနှစ်အတွင်း အသက် (၁၆)နှစ်အထက် မိန်းကလေးမျာ မုဒိမ်းပြုကျင့်ခံရမှု ၄၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၅ဝ၈ ကြိမ် ဖြစ်ပွားခဲ့သောကြောင့်  ၇၉ ကြိမ်ပိုမိုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌  မုဒိမ်းမှုဖြစ်ပွားမှု စုစုပေါင်းမှာ ၂ဝ၁၆ ခုနှစ်အတွင်း အကြိမ် ၁၁ဝဝ ဖြစ်ပွားခဲ့ပြီး ၂ဝ၁၇ ခုနှစ် အတွင်း ၁၄ဝ၅ ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ၃ဝ၅ ကြိမ် ပိုမို ဖြစ်ပွားခဲ့သည်ဟုသိရှိရသည်။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကိန်းဂဏန်းအချက်အလက်များပင် ဖြစ် သည်။

အကြောင်းရင်းများ

သက်ငယ်မုဒိမ်းမှုဖြစ်ပွားရသည့်အဓိကအကြောင်း ရင်းများမှာ သက်ငယ်မိန်းကလေးများနှင့် ကာမဆက်ဆံ ပါက ထူးခြားသောခံစားမှုရရှိခြင်း ရှိ၊ မရှိ ခံစားလိုသည့် ရည်ရွယ်ချက်ဖြင့်ကျူးလွန်ကြခြင်း၊   အရက်မူးခြင်း၊ စိတ်ြ<ွကဆေး သုံးစွဲခြင်းတို့ကြောင့်      သမီးရင်းအား ကျူးလွန်ခြင်း၊ သက်ငယ်မိန်းကလေးများ၏ ပင်ကို အားနည်းချက်ကို အခွင့်ကောင်းယူ၍ လိင်မှုကျူးလွန်ရန် လွယ်ကူသဖြင့် ထိုကလေးငယ်များကို ပစ်မှတ်ထား၍ ကျူးလွန်ကြခြင်း၊ လိင်မှုဆိုင်ရာဓာတ်ပုံနှင့် ရုပ်ရှင်များကို ကြည့်၍အတုမြင် အတတ်သင်များလုပ်ပြီး ကျူးလွန် ကြခြင်း၊ မိဘအုပ်ထိန်းသူများ ကင်းကွာနေ၍ ကလေး
ငယ်များကို ငွေ၊ မုန့်နှင့် လက်ဆောင်များပေး၍ ကျူးလွန် ကြခြင်းနှင့် အသိပညာဗဟုသုတ နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။

အသက် (၁၆) နှစ်အထက် မုဒိမ်းမှုဖြစ်ပွားရသည့်အဓိက အကြောင်းရင်းများမှာ မိန်းကလေးများ အရက်သေစာ သောက်စားခြင်း၊ ကာမရာဂ စိတ်ြ<ွကဆေးပြားများကို လွယ်လင့်တကူ ဝယ်ယူရရှိသုံးစွဲနိုင်ခြင်း၊  လက်ကိုင်ဖုန်း များဖြင့် ညစ်ညမ်းပုံများ၊ ဗီဒီယိုများကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်း၊ မိဘများ၏ မဆင်မခြင် ပြုမူမှုများကို အတုခိုးခြင်းနှင့် အိမ်ထောင်ပျက်မိသားစုများ အတူနေထိုင်ခြင်းတို့ကြောင်းဖြစ်သည်။

စေ့ဆော်တိုက်တွန်းမှုများ

မုဒိမ်းမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းသည် လူစိတ်ကင်းမဲ့သောကြောင့်ဖြစ်သည်။ အခြေခံပညာ မသင်ခဲ့ရခြင်း၊   အသိပညာ ဗဟုသုတခေါင်းပါးခြင်း၊ ဘာသာရေး အဆုံးအမ မရှိခြင်း၊ အရက်သေစာသောက် စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ညစ်ညမ်းဗီဒီယိုများ၊ စာပေများ၊ ဓာတ်ပုံများကို စဉ်ဆက်မပြတ် ကြည့်ရှုခြင်း များသည် မုဒိမ်းမှုဖြစ်ပွားဖို့ရန် စေ့ဆော်တိုက်တွန်းစေနိုင် ပါသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆင်းကတ်များကို ဈေး နှုန်းချိုသာစွာဖြင့်ဝယ်ယူပြီး  ဖေ့ဘွတ်ခ်ယဉ်ကျေးမှု ထွန်းကားလာကတည်းက မှုခင်းများ၊      အထူးသဖြင့် သက်ငယ်မုဒိမ်းမှုများ၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ပိုမိုများပြားလာသည်။ ဆိုရလျှင်  တချို့သောသူများသည် လူမှုကွန်ရက်ကို တလွဲအသုံးချနေခြင်းဖြစ်သည်။

နောက်တစ်ချက်သည် ဆင်းရဲတွင်းနက်လာသော ကြောင့်ဖြစ်သည်။ လူငယ်များသည် ပညာကိုဆုံးခန်း တိုင်အောင် သင်ယူနိုင်ခွင့်မရှိကြတော့ပေ။ အလယ်တန်း လောက်ဆိုလျှင်      ကျောင်းထွက်နေကြပြီဖြစ်သည်။  ငယ်ငယ်ရွယ်ရွယ်နှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်
ဆိုင်များတွင် စားပွဲထိုးလုပ်နေကြပြီဖြစ်သည်။ ကားမှတ်
တိုင်များ၊ မီးပွိုင့်များ၊ ဘူတာများ၊ အဝေးပြေးဂိတ်များတွင် ဆေးလိပ်၊ ကွမ်းယာရောင်းချနေကြရသည်။ ဆိုရလျှင် လူပေါင်းစုံနှင့်တွေ့ကြသည်။ အတတ်ပေါင်းစုံ တတ်ကြ သည်။ နောက်ဆုံးတွင် ခိုး၊ ဆိုး၊ နှိုက်များသာ ဖြစ်လာ လေ့ရှိကြသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျောင်းမနေဖူးသူများ များစွာရှိနေပါသေးသည်။  လူ တစ်ဦးသည် စာဖတ်တတ်မည်ဆိုလျှင်၊ စာဖတ်နေမည် ဆိုလျှင် ပတ်ဝန်းကျင်ကို ဒုက္ခပေးတော့မည် မဟုတ် ချေ။

မှုခင်းအစုံစုံ

ကလေးငယ်များနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဖတ်ရသည့် သတင်းများသည် စိတ်မချမ်းမြေ့ဖွယ်ရာများ သာဖြစ်နေသည်။ ဖခင်နှင့် အရက်အတူသောက်သည့်သူငယ်ချင်းဖြစ်သူက မုဒိမ်းကျင့်ခံရသည့် သမီးငယ် လေး၊  မုဒိမ်းကျင့်ခံရသည့်အပြင် လည်ပင်းကိုပါညှစ်သတ်ခံခဲ့ရသည့် သမီးငယ်လေး၊  နောက်ဆုံးဖတ်လိုက်ရသည့် သတင်းတစ်ပုဒ်တွင်  နှစ်နှစ်အရွယ် သမီးငယ်လေး သည် မုဒိမ်းကျင့်ခံရသဖြင့် အသက်ပါ ဆုံးရှုံးခဲ့ရသည်။ မိဘတိုင်း ရင်နင့်ရသည့် ဖြစ်စဉ်များပင်ဖြစ်သည်။

နေ့စဉ်ထုတ် သတင်းစာများ၌ မှုခင်းသတင်းများစွာကို ဖတ်နေရသည်။ ခင်ပွန်းဖြစ်သူက ဇနီးကို သတ်ဖြတ်ခြင်း၊ ဇနီးဖြစ်သူကလည်း ခင်ပွန်းကိုသတ်ဖြတ်ခြင်း၊ သား၊  သမီးများက  မိဘများကိုသတ်ဖြတ်ခြင်း၊ မိဘများကလည်း သား၊ သမီးများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ညီအစ်ကိုမောင်နှမချင်း သတ်ဖြတ်ခြင်း၊ ဖောက်ထွင်းခြင်း၊   ပစ္စည်းခိုးယူခြင်း၊  လိမ်လည်ခြင်း၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း၊ သစ်များ ဖမ်းဆီးရမိခြင်း စသည့်သတင်း များကို နေ့စဉ်လိုလိုဖတ်နေရသည်။ အဆိုးရွားဆုံးလုပ်ရပ် များသည် ကလေးငယ်များကို မုဒိမ်းကျင့် သတ်ဖြတ်လာ ခြင်းဖြစ်သည်။

ထိုအပြင် သက်ငယ်မုဒိမ်းမှုများ၊ အမျိုးသမီးများကို အကြမ်းဖက်သည့် သတင်းများကိုလည်း ခပ်စိပ်စိပ် ဖတ် နေရသည်။ တချို့သော ဖြစ်စဉ်များတွင် ကလေးငယ်များ သည် ငါးနှစ်ပင်မပြည့်သေးပေ။ ထို့အပြင် တချို့သော ဖြစ်စဉ်များတွင် မုဒိမ်းကောင်များသည် ကာမကို ရယူရုံ သာမက အသက်ကိုပါ     သတ်ဖြတ်ထားခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော   လုပ်ရပ်များပင်ဖြစ် သည်။ လူမဆန်စွာ လုပ်ရက်ကြလေခြင်း၊ လူစိတ်ပျောက် နေကြပြီလားဟု ထင်ရသည်။ တချို့သော အားကြီးသူ ယောက်ျားများသည် အားနွဲ့သူ အမျိုးသမီးများကို နိုင့်ထက်စီးနင်း လုပ်ဆောင်လာကြသည်။ ထို့ကြောင့် အမျိုး သမီးများကို ဥပဒေအရ လက်တွေ့ကျကျ အကာအကွယ် ပေးထားသင့်သည်။ အထူးသဖြင့် လူမဆန်သောသူများကို နောင်ကြဉ်အောင် ထိရောက်စွာအရေးယူ အပြစ်ပေးသင့် ပေသည်။

ထိရောက်စွာအရေးယူသင့်

လူမှုကွန်ရက် စာမျက်နှာတွင် တရားဥပဒေစိုးမိုးမှု အပေါ် မေးခွန်းထုတ်လာကြသည်။ မုဒိမ်းကောင်များကို ထိရောက်စွာ   အရေးယူပေးရန်   တောင်းဆိုမှုများ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။ ပြည်သူများ၏ သဘောထားမှတ်ချက်များစွာကိုလည်း ဖတ်ရှုရသည်။ ထိုတရားခံမျိုးကို နှစ်ရှည်ထောင်ဒဏ် လောက်သာ ပေးခြင်းသည် ထိရောက်မှုမရှိဟုဆိုကြသည်။
ငွေကြေးတတ်နိုင်သည့် တချို့သောနှစ်ရှည် အကျဉ်းသား
များသည် အကျဉ်းထောင်ကို အပန်းဖြေဟိုတယ်လို
သဘောထားကာနေကြသည်ဟု ဆိုသည်။

အဂတိလိုက်စားသည့် တချို့သော ဝန်ထမ်းများ
ကြောင့် တရားရေးမဏ္ဍိုင်သည် ချည့်နဲ့လျက်ရှိသည်။ အမှန်စင်စစ်မှာမူ ထိုသို့ လူမဆန်သောသူများကို စံပြပြစ်ဒဏ်များပေးသင့်သည်။

အမှန်စင်စစ်မှာမူ    ထိရောက်သော  အရေးယူပြစ် ဒဏ်ချမှတ်ခြင်းမျိုးမရှိသေးသရွေ့ ကာလပတ်လုံး ရာဇဝတ် ကောင်များသည် အကြမ်းဖက်မှုများကို လက်ရဲဇက်ရဲကျူးလွန်နေကြဦးမည်သာဖြစ်သည်။ အရေးကြီးဆုံး အချက်သည် အမှန်တကယ် ပြစ်မှုကျူးလွန်သူကိုသာ ပြစ်ဒဏ်ချမှတ် ပေးနိုင်ရေးဖြစ်သည်။ ထိုသို့မဟုတ်လျှင် ရာဇဝတ်ကောင်သည် ဥပဒေပြင်ပတွင်အလားတူပြစ်မှုမျိုးကို ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်သည်။

ဗြဟ္မစိုရ်တရားထွန်းကားသော မြန်မာနိုင်ငံတွင် အမျိုး သမီးများ၊ အထူးသဖြင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို အကြမ်းဖက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ် သည့်သတင်းများကို ကြားသိလာရသည့်အခါ မိဘတစ်ဦး အနေဖြင့် များစွာတုန်လှုပ် ချောက်ချားမိပါသည်။ ထို အကြမ်းဖက်သမားများ၊ မုဒိမ်းကောင်များကို ပြင်းပြင်း ထန်ထန်အရေးယူဆောင်ရွက်ပေးရန် လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်တောင်းဆိုလာကြသည်။    ဖြစ်သင့်ပါ သည်။ အမျိုးသမီးများဘဝ လုံခြုံရေးသည် အားလုံးတွင် တာဝန်ရှိနေသည် မဟုတ်ပါလား။

မိဘများ၏တာဝန်

မိဘများသည် သမီးမိန်းကလေးများ၊ အထူးသဖြင့် အရွယ်မရောက်သည့် ကလေးများကို တစ်ဦးတည်း မထားသင့်ပေ။ စားနေကျ ကြောင်ဖားများသည် အလစ်ချောင်းလျက်ရှိကြသည်။ အသက်ကြီးသည့် အဘိုးကြီး များကိုလည်း     ယုံကြည်၍မရပေ။  သူစိမ်းယောက်ျား အားလုံးကို စိတ်မချရပေ။ မိမိသမီးမိန်းကလေးများကို မည်သည့်သူစိမ်းယောက်ျားနှင့်မျှ အတူလွှတ်မထားသင့် ပေ။ ကျောင်း၊ ကျူရှင်၊ သင်တန်းများ စေလွှတ်ရာတွင် မိန်းကလေးအဖော်များနှင့်သာ စေလွှတ်သင့်ပါသည်။ တတ်နိုင်ပါက ကိုယ်တိုင်ကြိုပို့ လုပ်ပေးသင့်ပေသည်။

တချို့သော သက်ငယ်မုဒိမ်းမှုများသည် မိဘများ၏တာဝန်လစ်ဟင်းမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ သာဓက အနေဖြင့် ဖခင်ဖြစ်သူများက ကလေးငယ်များကို ညကြီး မိုးချုပ်အချိန်တွင် အရက်၊ ဆေးလိပ် ဝယ်ခိုင်းလေ့ရှိကြ သည်။ တချို့သော မိဘများသည် ကလေးတစ်ယောက် တည်း အိမ်တွင်ထားခဲ့လေ့ရှိတတ်သည်။ အကြံအစည်ရှိ သော မုဒိမ်းကောင်များသည် မိဘများနှင့် အခြားသူများ အလစ်ကို ချောင်းနေလေ့ရှိကြသည်။  မည်သို့ပင်ဆိုစေ ကာ မူ    ကလေးငယ်များကို   တစ်ဦးတည်းထားခြင်းသည် ရာဇဝတ်မှုကို ဖိတ်ခေါ်နေခြင်းပင်ဖြစ်သည်။

သတိထားစေချင်

အမျိုးသမီးများ၊ အထူးသဖြင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုများ ထူပြောလာသည့်အချိန်တွင် မြန်မာ အမျိုးသမီးငယ်များအနေဖြင့် သွားသတိ၊ လာသတိရှိသင့်သည်။ ညဘက်တွင် အလုပ်ကိစ္စဖြင့် အပြင်ကိုသွားရမည်ဆိုလျှင် တတ်နိုင်ပါက     အဖော်ခေါ်သွား သင့်ပါသည်။ ဝတ်စားဆင်ယင်ရာတွင်လည်း လုံလုံခြုံခြုံရှိသော အဝတ် အစားများကို ဝတ်ဆင်သင့်ပေသည်။ အတို၊ အပြတ်၊ အကွဲ၊ အဟိုက် အဝတ်အစားများသည် ရာဇဝတ်မှုကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ပါသည်။ လျှပ်ပေါ်လော်လည် သော အဝတ်အစားများကို ဝတ်ဆင်ထားမည်ဆိုလျှင်ညဥ့်ငှက်များနှင့် အထင်လွဲခံရတတ်ပါသည်။

ပူးပေါင်းဆောင်ရွက်မှုလို

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ဖွဲ့စည်းထားသောအင်အား နှင့် အသုံးပြုနေရသော အထောက်အကူပြုပစ္စည်းများ အနေအထားအရ လူဦးရေ ၅၃ သန်းကျော်ကို လုံခြုံမှုအပြည့်အဝ ပေးနိုင်မည်မဟုတ်ချေ။ ဆိုရလျှင်  ပရဟိတ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူ များ၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားများ များစွာလိုအပ် နေပါသေးသည်။ တာဝန်ရှိသော ပြည်သူများသာရှိနေ မည်ဆိုလျှင်  ရာဇဝတ်မှုများ၊  အထူးသဖြင့်  သက်ငယ် မုဒိမ်းမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဟုထင်မိပါသည်။

ခြုံ၍တင်ပြရလျှင် မြန်မာနိုင်ငံတွင်  သက်ငယ်မုဒိမ်းမှု များ၊ ကလေးငယ်များအပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်သည့် သတင်းများကို မကြာခဏကြားသိလာ ရသည်။ ထို့ကြောင့် မိဘများသည် သမီးငယ်လေးများ အတွက် စိုးရိမ်ပူပန်လာရသည်။ အထူးသဖြင့် သမီးငယ် လေးများကို တစ်ဦးတည်းထားရန် မသင့်တော့ပေ။ ထို့ အပြင် အမျိုးသမီးငယ်များသည်လည်း ညဘက်တွင် အပြင်သို့ထွက်ရန်ပင် စိုးရိမ်ပူပန်လာကြသည်။ မိဘများ ကလည်း အလုပ်ကိစ္စဖြင့်ဖြင့် အပြင်ရောက်နေသော သမီးမိန်းကလေးများ အိမ်ပြန်နောက်ကြလျှင် ရင်တမမ ဖြင့် စိုးရိမ်ပူပန်နေကြရသည်။ တချို့သော မုဒိမ်းကောင် များသည် ကာမကို အတင်းအဓမ္မရယူကြသည့်အပြင် အသက်ကိုပင် သတ်ဖြတ်ခဲ့ကြသည်။ လူမဆန်သော လုပ်ရပ်များပင်ဖြစ်သည်။ ထိုသို့ လူမဆန်သူများကို တရားဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူပြီး ပြစ်ဒဏ်များ ချမှတ်သင့်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မိဘများအနေဖြင့်  မိမိ၏  သမီးမိန်းကလေးများ၊  အထူး သဖြင့် ကလေးငယ်များကို ပိုမိုဂရုစိုက်နိုင်ကြပါစေ။    ။
မောင်သောင်းဝင်း(တမန်ဟောင်း)​ကြေးမှုံ

No comments:

Post a Comment