Latest News

Thursday, February 15, 2018

ပေါ်တူဂီနိုင်ငံသားခံယူရန် ဘာစီလိုနာကစားသမား ကော်တင်ညိုစီစဉ်

ပေါ်တူဂီနိုင်ငံသားခံယူရန် ဘာစီလိုနာကစားသမား ကော်တင်ညိုစီစဉ်

စပိန်လာလီဂါကလပ်   ဘာစီလိုနာအသင်း   ကွင်းလယ် တိုက်စစ်ကစားသမား ကော်တင်ညိုသည် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၈ ခုနှစ် ဖီဖာက္ဘာ့ ဖလားပြိုင်ပွဲ မကျင်းပမီတွင် ပေါ်တူဂီနိုင်ငံသားအဖြစ် ခံယူသွားရန် အဆင်သင့်ရှိနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

ဘရာဇီးကစားသမား ကော်တင်ညိုသည် ဘာစီလိုနာ အသင်း၏ အီးယူပြင်ပနိုင်ငံများမှ ကစားသမား သုံးဦးအနက် တစ်ဦးအပါအဝင် ဖြစ်သည်။  ဘာစီလိုနာအသင်းတွင် အီးယူ ပြင်ပနိုင်ငံမှ ကစားသမား သုံးဦးပြည့်နေပြီ ဖြစ်သောကြောင့် ဘာစီလိုနာအသင်းအနေဖြင့်    နောက်ထပ်  အီးယူပြင်ပ နိုင်ငံတစ်ခုမှ ကစားသမားသစ်တစ်ဦး ထပ်မံခေါ်ယူနိုင်မည် မဟုတ်ပေ။  ထို့ကြောင့်  ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ညိုက ဘာစီလိုနာအသင်းက အီးယူပြင်ပနိုင်ငံမှ ကစားသမားတစ်ဦး ခေါ် ယူနိုင်ရေးအတွက် ပေါ်တူဂီနိုင်ငံသား  ခံယူသွားရန် အဆင်သင့်ရှိနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်   ဇန်နဝါရီဈေးကွက်ကာလအတွင်းတွင် လီဗာပူးအသင်းမှ  ဘာစီလိုနာအသင်းသို့  ပြောင်းရွှေ့လာ ခဲ့သူ ကော်တင်ညိုက ဘာစီလိုနာမြို့ အခြေစိုက် Mundo Deportivo သတင်းစာနှင့် တွေ့ဆုံရာတွင် ''ကျွန်တော်က ဇနီးသည်နဲ့ ပတ်သက်ပြီး ပေါ်တူဂီနိုင်ငံသားအဖြစ် ခံယူခွင့် ရှိနေပါတယ်''ဟု ပြောဆိုခဲ့သည်။
ကော်တင်ညို၏ ဇနီးဖြစ်သူ အိုင်နီသည် ပေါ်တူဂီနိုင်ငံ သူ တစ်ဦးဖြစ်ကာ ကော်တင်ညိုနှင့် အိုင်နီတို့သည် ၂ဝ၁၂ ခုနှစ် နွေရာသီအတွင်းတွင် ဘရာဇီးနိုင်ငံ၌ လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ကော်တင်ညိုသည်  ဇနီးအိုင်နီနှင့် လက်ထပ် ခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်သောကြောင့် ဥပဒေအရ ကော်တင်ညိုသည် ပေါ်တူဂီနိုင်ငံသားအဖြစ် ခံယူခွင့်ရှိနေ ခြင်း ဖြစ်သည်။

ကွင်းလယ်တိုက်စစ်ကစားသမား  ကော်တင်ညိုသည် ဘာစီလိုနာအသင်းအနေဖြင့် အီးယူပြင်ပမှ ကစားသမား သစ်တစ်ဦး   ခေါ်ယူနိုင်ရေးအတွက်  ပေါ်တူဂီနိုင်ငံသား အဖြစ် ခံယူရန်ရှိသော်လည်း ပေါ်တူဂီလက်ရွေးစင်အသင်း အတွက် ပါဝင်ကစားမည်မဟုတ်ဘဲ  ဘရာဇီးလက်ရွေးစင် အတွက်သာ ဆက်လက်ပါဝင်ကစားသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ ကော်တင် ညိုသည် ၂ဝ၁ဝ ပြည့်နှစ်မှစတင်ကာ ဘရာဇီးလက်ရွေး စင်အသင်းအတွက် ပါဝင်ကစားခဲ့သူ ဖြစ်ကာ နိုင်ငံအသင်း အတွက် စုစုပေါင်း ၃၃ ပွဲ ပါဝင်ကစားထားပြီး ရှစ်ဂိုး သွင်း ယူထားသူဖြစ်သည်။
ဘာစီလိုနာအသင်းတွင် ကော်တင်ညိုအပြင် အီးယူ ပြင်ပကစားသမားအဖြစ် ဘရာဇီးကွင်းလယ်ကစားသမား ပေါ်လင်ညိုနှင့်    ကိုလံဘီယာဗဟိုခံစစ်မှူး   မီနာတို့ရှိ နေခြင်းဖြစ်ကာ ကော်တင်ညိုအနေဖြင့် ပေါ်တူဂီနိုင်ငံသား အဖြစ် ခံယူပြီးပါက ဘာစီလိုနာအသင်းအနေဖြင့် လာမည့် နွေရာသီဈေးကွက်ကာလအတွင်းတွင် ဂရီမီယိုအသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား အာသာမီလို (၂၁နှစ်)အား ခေါ်ယူရန် အခွင့်အရေးရှိလာမည် ဖြစ်သည်။
ထက်အောင်(မြန်​မာ့အလင်း)

No comments:

Post a Comment