Latest News

Saturday, February 10, 2018

တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အသက်တမျှ တန်ဖိုးထားကြပါစို့ - ​ဆောင်းပါး

တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို  အသက်တမျှ တန်ဖိုးထားကြပါစို့ - ​ဆောင်းပါး


ကမ္ဘာ့မြေပုံပေါ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခံ့ညား ထည်ဝါစွာ ခိုင်ခိုင်မာမာ တည်ရှိနိုင်ခဲ့ခြင်းသည် ပြည်ထောင်စု ဖွား တိုင်းရင်းသားအားလုံးက စည်းလုံးညီညွတ်မှုဖြင့် အသက် သွေးချွေးများစွာ စတေးကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်မှုကြောင့်ပင်ဖြစ် သည်။ အထူးသဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး သည် လူမျိုးဘာသာမခွဲခြားဘဲ ရှေးနှစ်ပေါင်းများစွာကတည်း က ဘိုး၊ ဘေး၊ ဘီ၊ ဘင် အဆက်ဆက် စည်းစည်းလုံးလုံး ပေါင်းစည်းယှက်နွှယ် နေထိုင်ခဲ့ကြသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံကြီးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသားမျိုးနွယ်ပေါင်း ၁ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားအားလုံးတို့သည်  မြန်မာနိုင်ငံ၏   နယ်နိမိတ် အတွင်း အမိုးအကာတစ်ခုတည်းအောက်ဝယ် သမိုင်းအစဉ် အဆက်ဥမကွဲ၊ သိုက်မပျက်၊ တစ်အူထုံ့ဆင်းညီရင်းမောင်နှမ ကဲ့သို့ လက်ချင်းဆက်၍ တိုင်းတစ်ပါးကျူးကျော်မှုမှန်သမျှကို တွဲလက်ညီညီဖြင့် တိုက်ထုတ်ခဲ့ကြသည်။ မြန်မာ-အင်္ဂလိပ် စစ်ပွဲသုံးကြိမ်စလုံးတွင်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်း မှုတွင် လည်းကောင်း၊ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ကောင်း၊ တိုင်းရင်းသားအားလုံး တစ်စိတ်တစ်ဝမ်းတည်း တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။
သမိုင်းဝင်ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ
ထိုမှတစ်ဆင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သမိုင်းဝင်ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပ ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပထမဆုံး သော အစည်းအဝေးအဖြစ် ရှမ်းပြည်စော်ဘွားများနှင့် ရှမ်း လူထုကိုယ်စားလှယ်များ အစည်းအဝေးကိုလည်းကောင်း၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရှမ်းနှင့် ကချင် ကိုယ်စားလှယ်များ ပူးပေါင်းအစည်းအဝေးကိုလည်းကောင်း အသီးသီးကျင်းပခဲ့သည်။ ထိုအစည်းအဝေးမှ မြန်မာပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးကို ပို၍ လျင်မြန်စွာရရှိမည်ဟု ယုံကြည်ကြကာ လွတ်လပ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ညတွင် ချင်း တိုင်းရင်းသားကိုယ်စားလှယ်များ   ရောက်ရှိလာခဲ့သဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များ  ထပ်မံဆွေးနွေးညှိနှိုင်းကြသည်။ ယင်း ကဲ့သို့ ညှိနှိုင်းမှုကြောင့် မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ကိုရယူရန် တိုင်းရင်းသားကိုယ်စားလှယ်များက လက်မှတ် ရေးထိုး၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။
အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုခြင်း
အထက်ဖော်ပြပါ  ညှိနှိုင်းအစည်းအဝေးများ  မပြုလုပ်မီ            ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် အင်္ဂလန်နိုင်ငံသို့  သွားရောက်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ဤကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ သည် အင်္ဂလန်နိုင်ငံ၌ နန်းရင်းဝန်အက်တလီနှင့်တွေ့ဆုံကာ လွတ်လပ်ရေးအတွက် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေစဉ်မှာပင် ရှမ်းပြည်နယ်မှ စော်ဘွားတချို့က ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်သူ ပြည်နယ်သားများ၏ ကိုယ်စားလှယ်မဟုတ် ကြောင်း ဗြိတိသျှအစိုးရထံသို့ ကြေးနန်းရိုက် အကြောင်း ကြားခဲ့သည်။ ယင်းကိစ္စကို ကြားသိလိုက်ရသော ရှမ်းပြည် နယ်မှ လူငယ်ခေါင်းဆောင်များဖြစ်ကြသည့်  ဦးတင်အေး၊ ဦးဖေခင်၊ ဦးထွန်းမြင့် စသည်တို့က ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ပြည်သူလူထု၏ စစ်မှန်သောကိုယ်စားလှယ် ဖြစ်ကြောင်း  ထောက်ခံသော  ကြေးနန်းတစ်စောင်ကို ချက်ချင်း အင်္ဂလန်နိုင်ငံသို့ အကြောင်းကြားလိုက်သည်။ ဤကဲ့သို့ အချိန်မီ ကြေးနန်းရိုက်အကြောင်းကြားထောက်ခံခဲ့မှုကြောင့် အောင်ဆန်း- အက်တလီစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်ရှေ့ရေးအတွက်
သမိုင်းဝင်မိန့်ခွန်း
ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့  ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရှမ်း၊ ချင်း၊ ကချင်တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးဆောင်ရွက်ခဲ့သည်။ ထိုစဉ်မှာပင် ပင်လုံညီလာခံသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး တိုင်းရင်း သားကိုယ်စားလှယ်များက  လက်မှတ်ရေးထိုးချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို အစည်းအဝေးဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တောင်ပိုင်းစော်ဘွားကြီးစဝ်ခွန်ပန်းစိန်က အသံလွှင့်ရုံသို့ ကြေး နန်းရိုက်၍ ကြေညာစေခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောအဖွဲ့များ ပင်လုံသို့ ရောက်ရှိကြသည်။  ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပါဝင်လာကြသူများမှာ  ဦးအောင်ဇံဝေ၊  ဗိုလ်ခင်မောင်လေး၊ ဦးဖေခင်၊ ဗိုလ်ထွန်းလှတို့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကိုလိုနီဒိုမီနီယံဝန်ကြီး  မစ္စတာ ဘော်တွန်လေ၊ ဦးတင်ထွဋ်၊ ဘားနတ်လတ်ဒဝစ်နှင့် ညွှန်ကြားရေး ဝန် ဂျွန်စလေဒင်တို့ ရောက်ရှိလာကြသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် ပင်လုံ၌ ပြည်မတောင်တန်းမခွဲခြားဘဲ လွတ်လပ်ရေးကို တစ်စုတစ်စည်းတည်းရယူရန်  တိုင်းရင်းသားပြည်သူလူထုနှင့် ခေါင်းဆောင်များစုစည်းကာ ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်များနှင့် တောင်တန်းဒေသမှ ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၁၁ ရက်နေ့ နေ့လယ်အထိ ဆွေးနွေးတိုင်ပင်ကြပြီး လွတ်လပ်ရေးကို အတူတကွရယူကြရန် ဆုံးဖြတ်ကြသည်။ ထိုည တွင် မြန်မာပြည်နှင့် တောင်တန်းဒေသများ ပူးပေါင်းရေးအခြေ ခံသဘောတူညီမှုအတွက် အထိမ်းအမှတ် ပင်လုံညစာစားပွဲကို ကျင်းပခဲ့သည်။ ယင်းညစာ စားပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းက           ''တစ်တိုင်းပြည်လုံး ကြီးပွားချင်လျှင် လူအား၊ ငွေအား၊ ပစ္စည်း အားနှင့် စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစား ခွင့်ရှိမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့က တခြားအကွဲကွဲအပြားပြား လုပ်နေကြလျှင် အကျိုးရှိမှာမဟုတ် ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်'' ဟူ၍ တိုင်းပြည်ရှေ့ရေးအတွက် အလေးအနက်ထား မိန့်ကြားခဲ့သည်။ ယင်းကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်း၏  မိန့်မှာကြားချက်သည်  သမိုင်းဝင်မိန့်ခွန်းပင် ဖြစ်သည်။

ပင်လုံစာချုပ်မှသည် ပြည်ထောင်စုနေ့သို့
ထို့နောက် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁ဝနာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်၊ ချင်း၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်ကြီးများသည် ခွင့်တူညီမျှ တစ်စည်းတစ်လုံးတည်း နေထိုင်ကြတော့မည်ဟူသော သန္နိဋ္ဌာန် ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံ စာချုပ်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသား ကိုယ်စားလှယ် ၂၂ ဦး စုစုပေါင်း ၂၃ ဦး ရေးထိုးခဲ့သည်။ ပင်လုံ စာချုပ်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများက အမြော်အမြင် ကြီးမားစွာဖြင့် အခက် အခဲပေါင်းများစွာကို ကျော်ဖြတ်ရင်ဆိုင်ပြီးချုပ်ဆိုခဲ့သော စာချုပ်ကြီးပင်ဖြစ်သည်။ နယ်ချဲ့တို့က တောင်တန်း ဒေသများကို ချန်လှပ်ပြီးမှ လွတ်လပ်ရေးပေးရန်အကြံအစည်ကို တိုင်းရင်းသား အားလုံးက စည်းလုံးညီညွတ်စွာ ပင်လုံညီလာခံကို ကျင်းပကာ ပင်လုံစာချုပ်ကြီးဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ် ပေါင်း ၁ဝဝ ကျော်တို့က အသီးတစ်ရာ အညှာတစ်ခုပမာ စုစည်း နေထိုင်လာသည့် ပြည်ထောင်စု နိုင်ငံဟူ၍ သက်သေပြခဲ့ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာချုပ်ဆိုခဲ့ သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည်  ပြည်ထောင်စုနေ့ အဖြစ် ပေါ်ထွန်းလာခဲ့ရာ ယခုနှစ် ၂ဝ၁၈ခုနှစ်တွင် (၇၁) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် (၇၁) နှစ်က ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသားလူမျိုးများ၏  ခိုင်မြဲသော ပြည်ထောင်စုစိတ်ဓာတ်၊ ထက်သန်သောမျိုးချစ်စိတ်ဓာတ်နှင့် နယ်ချဲ့ဟူသမျှ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စိတ်ဓာတ်တို့ကို  ဤပင်လုံစာချုပ် ကြီးက အထင်အရှားသက်သေပြခဲ့သည်။ ဤပင်လုံစာချုပ် ကြီးကြောင့်   တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိခဲ့ပြီး လက်လွှတ် ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို တစ်နှစ်အတွင်းမှာပင်  ပြန်လည်ရယူနိုင်ခဲ့သည်။ နယ်ချဲ့ လက်အောက်တွင် နှစ်ပေါင်း ၁ဝဝ ကျော်ခန့် လွတ်လပ်ရေး ဆုံးရှုံးကာ အချုပ်အခြာအာဏာမဲ့ခဲ့ရာမှ ၁၉၄၈ ခုနှစ် ဇန်န ဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးပြန်လည်ရရှိပြီး က္ဘာ့ အလယ်၌  အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ခံ့ညား ထည်ဝါစွာရပ်တည်လာခဲ့ခြင်းသည် အဓိကအားဖြင့် တိုင်းရင်း သားအားလုံး စည်းလုံးညီညွတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၄၈ တွင် ''နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုး သမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှု မရှိစေရ''ဟူ၍ ဥပဒေဖြင့် အကာ အကွယ် ပေးထားသည်။ ထို့အပြင်ပုဒ်မ ၃၄၇ တွင်  ''နိုင်ငံ တော်သည် မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကို လည်း တန်းတူညီမျှစွာ ရရှိပိုင်ခွင့်ပေးရမည်'' ဟူ၍ ဖော်ပြ ထားသည်။

အထူးသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုရရှိခဲ့         ခြင်းကြောင့် လွတ်လပ်ရေးရရှိခဲ့ကြောင်းကို နောင်လာ နောက်သားများသိရှိစေရန်  ပြည်ထောင်စုနေ့ကို နှစ်စဉ် ကျင်းပလျက်ရှိပြီး  တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အသက်တမျှတန်ဖိုး ထားရန် ရည်ရွယ်ခဲ့ခြင်းပင်ဖြစ်သည်။

ဒုတိယအကြိမ်လွှတ်တော်(၂)နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း ထမင်းစား ခန်းမကြီး၌ ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားရာ၌  ''အဲဒီတော့  နောက် ရွေးကောက်ပွဲဆိုတာဟာ နောက်မျိုးဆက်တွေအတွက်၊ ကိုယ့်ရဲ့ကြိုးပမ်းမှုတွေအတွက် အထောက်အကူတစ်ခုပဲ ဖြစ်ရမယ်။  အဲဒီဟာပန်းတိုင်မဟုတ်ဘူး ပန်းတိုင်ကနောက် မျိုးဆက်တွေ၊ နောက်မျိုးဆက်တွေဟာ တည်ငြိမ်ပြီးတော့၊ အေးချမ်းပြီးတော့ ဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံမှာ နေသွားဖို့ ကျွန်မ တို့ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဆိုတော့ တည်တံ့ခိုင်မြဲသာယာဝပြောတဲ့၊ ဒီမို ကရေစီပြည်ထောင်စုကြီး အများကနေလက်ခံနိုင်တဲ့ ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတစ်ခု ထူထောင်သွားနိုင် ဖို့အတွက် အင်မတန်မှအချက်အချာကျတဲ့ အဆောက်အအုံ ကြီးတစ်ခုဖြစ်ပါတယ်''ဟူ၍ မိန့်ကြားခဲ့သည်။

ထို့ကြောင့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အသက်တမျှတန်ဖိုးထား၍ သာယာဝ ပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးထူထောင် ကြပါစို့ဟု (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ရေးသားလိုက်ရပါသည်။         ။
တက္ကသိုလ်ပွင့်သူအောင်(မြန်​မာ့အလင်း)

No comments:

Post a Comment