Latest News

Saturday, February 10, 2018

ဘုရင့်ညီနောင် ရတနာ လိုဏ်ဂူဘုရားသို့ ပြည်တွင်းပြည်ပ ခရီးသွား ဘုရားဖူးဧည့်သည် လာရောက်မှုများပြား

ဘုရင့်ညီနောင် ရတနာ လိုဏ်ဂူဘုရားသို့ ပြည်တွင်းပြည်ပ ခရီးသွား ဘုရားဖူးဧည့်သည် လာရောက်မှုများပြား

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ် အနောက်ဘက်ကမ်း သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြား ဘားအံမြို့အနီး၌ ဘုရင့်ညီနောင် ရတနာလိုဏ်ဂူ ဘုရားတည်ရှိသည်။ အဆိုပါ  ဘုရင့်ညီနောင် ရတနာလိုဏ်ဂူ ဘုရား၏ အနီးပတ်ဝန်းကျင်၌  ပိုးကရင်၊ စကောကရင်၊  မွန်နှင့် ဗမာလူမျိုးတို့ အခြေစိုက် နေထိုင်ကြသည်။

အမြင့်ပေ ၄ဝဝ ခန့်ရှိသော ဘုရင့်ညီနောင် တောင်တွင် ဘုရင့်ညီနောင် ရတနာလိုဏ်ဂူ ဘုရားတည်ရှိ၍ မြန်မာသက္ကရာဇ် ၄၁၉ နှစ်  (အေဒီ-၁ဝ၅၇) အနော်ရထာမင်း လက်ထက် သထုံပြည်ကို တိုက်ခိုက်သိမ်းယူချိန်တွင် သထုံမနူဟာမင်းကြီး၏ သားတော်နှစ်ပါးဖြစ်သော သီဟကုမ္မာရနှင့် စိတ္တကုမ္မာရတို့ ရှောင်တိမ်း ထွက်ပြေးခိုလှုံရာမှ အစွဲပြု၍ ဘုရင့်ညီနောင် လိုဏ်ဂူဟု အမည်တွင်ခဲ့သည်။

ဘုရင့်ညီနောင် လိုဏ်ဂူတော်သည် ရှေးကျသော လိုဏ်ဂူတော် တစ်ခုဖြစ်သည်နှင့် အညီ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်စံပယ်လျက်ရှိပြီး နှုတ်စကား၊ ပုံပြင် ဒဏ္ဍာရီများနှင့် လိုဏ်ဂူတော် အတွင်းနှင့် အပြင်တို့တွင် စေတီတော်နှင့် ရုပ်ပွားတော်များ၊    ရှေးဟောင်းဂဝံ အုတ်ချပ်ကြီးများ၊ လက်ရေးစင် အမှတ်အသားပါသော အုတ်ချပ်ကြီးများ၊ ရှေးဟောင်း ရုပ်ပွားတော်များနှင့် ကျောက်ကပ်အုတ်ခွက် ဘုရားများကို တွေ့ရှိနိုင်ကာ ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်စံပယ်သော ရတနာလိုဏ်ဂူတော်အဖြစ်  သတ်မှတ်နိုင်ကြောင်း သိရသည်။

ဂူဘုရား၏ အောက်ခြေတွင် နွေ၊ မိုး၊ ဆောင်း အဆက်မပြတ် စီးဆင်းနေသော သဘာဝ ရေပူစမ်းပေါက်ကြီးနှင့် ရေအေးစမ်းပေါက်တို့ ထွက်ရှိပြီး  ရေပူစမ်းနှင့် ရေအေးစမ်းတို့မှ ရေများသည် ရောနှောခြင်းမရှိ တစ်ခြမ်းစီ ထွက်ရှိစီးဆင်းနေကာ ကွန်ကရစ် ရေကန်များဖြင့် ကာရံထား၍ ရေချိုး၊ ရေကူးနိုင်သကဲ့သို့ အရေပြားရောဂါများ၊ ယားနာဝေဒနာများ၊ အက်ကွဲပေါက်ပြဲနာ၊ အနာကြီးရောဂါ၊ ညောင်းညာကိုက်ခဲ၊  စိတ်ဖိစီးသည့် ရောဂါဝေဒနာ များကိုလည်း သက်သာပျောက်ကင်းနိုင်ကြောင်း သိရသည်။

ဘုရင့်ညီနောင် ရတနာ လိုဏ်ဂူဘုရား၏ အဝင်မုခ်ဦးသည် ဘားအံ-သထုံကားလမ်း ဘေးတွင်တည်ရှိ၍ မော်တော်ကား၊ မော်တော် ဆိုင်ကယ်တို့ဖြင့် အထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး အနည်းငယ် ဝင်လိုက်ပါက ပြည်လုံးကျွတ် အေးချမ်းဓမ္မာရုံသို့ ရောက်ရှိမည်ဖြစ်ရာ ကျယ်ဝန်းသည့် ကားရပ်နားစခန်းနှင့်အတူ ဘုရားဖူး ခရီးသွား ဧည့်သည်များ စားသောက် အနားယူနိုင်ရန် ဈေးဆိုင်တန်းများတွင် သန့်ရှင်းလတ်ဆတ်သည့် ဒေသထွက် အစားအသောက်များ၊ မုန့်များ၊ ယိုစုံများကို ဝယ်ယူစားသောက်နိုင် သကဲ့သို့ ခြေကျင်ဖြင့် ဂူဘုရားသို့ အသွားလမ်းတွင် ကရင်တိုင်းရင်းသား ရိုးရာအဝတ်အထည်များ ရောင်းချသည့် ဈေးဆိုင်ခန်းများကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

ထိုမှတစ်ဖန် ကိုက် ၅ဝဝ ခန့် လမ်းလျှောက် သွားပါက ဂူဘုရား၏အခြေ သဘာဝရေပူစမ်းနှင့် ရေအေးစမ်းပေါက်တို့မှ ထွက်ရှိသည့် ရေပူနှင့်ရေအေး တို့အား သိုလှောင်ထားသည့် ရေချိုးကန်များသို့ ရောက်ရှိမည်ဖြစ်ပြီး ခရီးသွားဘုရားဖူး ဧည့်သည်များ ရေချိုးရေကူးနိုင်မည်ဖြစ်ကာ လိုဏ်ဂူတော်တည်ရှိရာ ဘုရင့်ညီနောင်တောင်သို့ လှေကားထစ်များဖြင့် တက်ရောက်ရမည်ဖြစ်သည်။

ထိုသို့လှေကားထစ်များအတိုင်း တက်ရောက် သွားပါက  သာသနိက အဆောက်အအုံများနှင့် နှစ်ကျိပ်ရှစ်ဆူသော စေတီတော်များ အပါအဝင် စေတီတော်များအား ဖူးမြော်ကြည်ညို၍ လိုဏ်ဂူတော်အဝင်ဝသို့ ရောက်ရှိမည်ဖြစ်ပြီး လိုဏ်ဂူတော်အတွင်း၌ ထူးခြားသော ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ကျောက်ခက်ပန်းဆွဲများ၊ ရှေးဟောင်းဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဖူးမြော်ကြည်ညိုရမည် ဖြစ်ကာ အတွင်းသို့ ကွန်ကရစ် လူသွားလမ်းအတိုင်း ပေ ၆ဝဝ ခန့်ဝင်သွားပါက လိုဏ်ဂူ အဆုံးတွင် အမြင့် ၃ ပေခန့်ရှိ ပလ္လင်အုတ်ခုံတော် ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူခြံရံလျက် ဆုတောင်းပြည့် စေတီတော်ကို ဖူးမြော်ရမည်ဖြစ်သည်။

ဘုရင့်ညီနောင် ရတနာလိုဏ်ဂူ ဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်များ နေ့စဉ်ဝင်ထွက် သွားလာလျက်ရှိပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဘုရားဖူးဧည့်သည် ၃ဝဝ ဦးမှ ၄ဝဝ ဦးခန့် လာရောက်ကြကြောင်းနှင့် အစိုးရ ရုံးပိတ်ရက်များ၊ ကျောင်းပိတ်ရက်များ၊ နေ့ကြီးရက်ကြီး၊ အခါကြီးရက်ကြီးများတွင် ဘုရားဖူး ဧည့်သည်များ ပိုမိုများပြားစွာ လာရောက်ကြကြောင်း အဆိုပါ ဂူဘုရားတွင် သီတင်းသုံးသည့် ဆရာတော်ကြီး တစ်ပါးက မိန့်ကြားသည်။

ယင်းဘုရင့်ညီနောင် ရတနာလိုဏ်ဂူ ဘုရားသည် ကရင်ပြည်နယ်၏ အထင်ကရနေရာ တစ်ခုအနေဖြင့် ဘားအံမြို့၊ သထုံမြို့တို့နှင့် နီးကပ်စွာ တည်ရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ အေးချမ်းသာယာ၍ သမိုင်းဝင် အမွေအနှစ်များအား အလွယ်တကူ လေ့လာနိုင်ခြင်း၊ ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားများ၏ ယဉ်ကျေး ဖော်ရွေခြင်းတို့ကြောင့် သွားလာလည်ပတ် ဘုရားဖူး အပန်းဖြေရန် အကောင်းဆုံးရှေးဟောင်း သမိုင်းဝင် ရတနာလိုဏ်ဂူ ဘုရားဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment