Latest News

Friday, February 23, 2018

အောင်လအန်ဆန်က အလက်ဇန္ဒားမချာဒိုကို ပအချီ တွင်​အလဲထိုး

အောင်လအန်ဆန်က အလက်ဇန္ဒားမချာဒိုကို  ပအချီ  တွင်​အလဲထိုး

ရန်ကုန်  ဖေဖော်ဝါရီ    ၂၃

One  Championship အဖွဲ့က ဦးဆောင်ကျင်းပသောMMA (Mix  Martial  Art) ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံအတိုက်ပြိုင်ပွဲကြီး၏ လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရှစ်  ခါးပတ်လု ပွဲကြီးကို  လက်ရှိမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ  အောင်လအန်ဆန်   (မြန်မာ စပါးအုံးမြွေ) နှင့်    ဘရာဇီးနိုင်ငံသား အလက်ဇန္ဒားမချာဒိုတို့  ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့     သုဝဏ္ဏ    မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ (၁)၌       ယှဉ်ပြိုင် ထိုးသတ်ရာ    အောင်လအန်ဆန်က  ပထမအချီ ၅၆ စက္ကန့်မှာပင် အလဲထိုးဖြင့် အနိုင်ရရှိကာMMA၏ ခါးပတ်နှစ်ခု ပိုင်ရှင် ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်သွားပြီ ဖြစ်သည်။
မြန်မာပြည် ကချင်ပြည်နယ်ဖွား အောင်လအန်ဆန်သည် ၂ဝ၁၆ခုနှစ် မတ် ၁၈ ရက်တွင် မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်မြောက် ကျင်းပသောMMA ပြိုင်ပွဲ၌ အီဂျစ် နိုင်ငံသား မိုဟာမက်အလီနှင့် အမိမြေ၌ စတင်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ယင်းပွဲတွင် အီဂျစ်နိုင်ငံသား မိုဟာမက်အလီကို ဂျူဂျစ်စုနည်းဖြင့် အနိုင်ရခဲ့ပြီး ငါးလအကြာ စက်တင်ဘာ ၆ ရက်တွင် ပိုလန်နိုင်ငံသား မိုက်ကယ်ပတ်စတားနက်နှင့် ဒုတိယမြောက် ယှဉ်ပြိုင်ထိုးသတ်ရာတွင်လည်း အမှတ်ဖြင့် အနိုင်ရခဲ့ပြန်သည်။ ယင်းနောက် အမိမြေ မြန်မာနိုင်ငံ၌ တတိယအကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော MMA မစ်ဒယ် ဝိတ်တန်း က္ဘာ့ချန်ပီယံလုပွဲတွင်  ရုရှားနိုင်ငံသား  ဗစ်တာလီဘစ်ဒက်ရှ်ကို  အမှတ် ဖြင့်အနိုင်ရခဲ့ပြီး လက်ရှိမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ကာ  ပြီးခဲ့သော ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင်  ယှဉ်ပြိုင်ထိုးသတ်ခဲ့သော အလိန်းနဂါ  လာနီနှင့် ပွဲတွင်လည်း အောင်လအန်ဆန်အနေဖြင့် ဒုတိယအချီတွင်  ဂျူဂျစ်စုနည်းသုံး ကာ အနိုင်ရခဲ့သည်။

ယနေ့ ယှဉ်ပြိုင်ထိုးသတ်သော လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရှစ် ခါးပတ်လု ပွဲသည် အောင်လအန်ဆန်အနေဖြင့် အမိမြေ၌ ငါးကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ် ပြီး မချာဒိုကို ပထမအချီ  ၅၆ စက္ကန့်အတွင်းမှာပင် ညာခြေကန်ချက်ဖြင့် ပွဲသိမ်းအနိုင်ယူ ကာ MMA ၏ လိုက်ဟဲဗီးဝိတ်တန်း  က္ဘာ့ချန်ပီယံ ခါးပတ်တို့ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်၍ လက်ရှိတွင် အောင်လအန်ဆန်သည် MMA ၏  လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါး ပတ်နှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်တို့ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

''ဒီနေ့ပွဲအတွက်    ကျွန်တော်   အလွန်ပဲပျော်ပါတယ်၊  လာရောက်အားပေးတဲ့ မြန်မာနိုင်ငံရဲ့ ပရိသတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်၊  ခါးပတ်နှစ်ခု ပိုင်ဆိုင် ခွင့်ရလို့ ဝမ်းသာသလို   တာဝန်လည်း  အလွန်ကြီးသွားပါပြီ၊   ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲစိန်ခေါ်ခေါ်   ဒီဝိတ်တန်းနှစ်ခုရဲ့  ချန်ပီယံခါးပတ်ကိုတော့   အတတ်နိုင်ဆုံး ကာကွယ်ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ''ဟု    ခါးပတ်ပိုင်ရှင်နှစ်ခု    ချန်ပီယံဖြစ်သော အောင်လအန်ဆန်က  ပွဲအပြီးတွင် မီဒီယာများအား ပြောကြားသည်။

ခြောက်ကြိမ်မြောက် ကျင်းပသည့် MMAပြိုင်ပွဲ၏ ယနေ့ အခြားပွဲစဉ်ရလဒ်များ မှာ ဖိုးသော်(မြန်မာ)နှင့် ဆိုဆေး(က္ဘောဒီးယား)ပွဲ၌ ဖိုးသော်က ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး အီတန်(မလေးရှား)နှင့် အာရီရယ်ဆက်တန် (ကော်စတာ ရီကာ)ပွဲတွင် အီတန်က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ တစ်ဖန် ဒေဟွမ်ကင်(ကိုရီးယား)နှင့် တာကီနာကာ(ဂျပန်)တို့ပွဲတွင် တာကီနာကာ သတ်မှတ်စည်းကမ်းမလိုက်နာ သဖြင့်  ကြိုးဝိုင်းဒိုင်က အနီကတ်ပြအရှုံးပေးခဲ့ပြီး အာမီခန်(စင်ကာပူ)နှင့် တင်မိုဖီ (ရုရှား)ပွဲတွင် တင်မိုဖီက အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းနောက်  ရိုဒင်(ဖိလစ်ပိုင်)နှင့် လီကင်ဝါ(တရုတ်)တို့ ပွဲတွင်  လီကင်ဝါက ပထမ အချီမှာပင် အလဲထိုးဖြင့် အနိုင် ရခဲ့ပြီး   စောမင်းမင်း(မြန်မာ)နှင့် ရဲသွေးနီ(မြန်မာ)တို့ပွဲတွင် ရဲသွေးနီက အမှတ်ဖြင့် အနိုင်ရရှိခဲ့ကာ အန်တိုနီရာ(မြန်မာ)နှင့် ရွှေစင်( မြန်မာ)တို့ပွဲတွင် အန်တိုနီရာက  ပထမအချီမှာပင်   အလဲထိုးဖြင့်  အနိုင်ရခဲ့သည်။ အခြားအမျိုးသမီး ပြည်ပပွဲစဉ်ဖြစ် သော လန်ဘာကာ(ဖိလစ်ပိုင်)နှင့် လူဘန်ဂါအို (အင်ဒိုနီးရှား)တို့ပွဲတွင် လူဘန်ဂါအိုက ပထမအချီမှာပင် အနိုင်ရခဲ့သည်။                                မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment