Latest News

Tuesday, February 6, 2018

အသက်( ၃၃)နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စီရိုနယ်လ်ဒိုရဲ့ အကောင်းဆုံး အခိုက်အတန့်များ

အသက်( ၃၃)နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စီရိုနယ်လ်ဒိုရဲ့ အကောင်းဆုံး အခိုက်အတန့်များ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ရက်မှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုအသက်( ၃၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ဒီနှစ်မွေးနေ့ကို  ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းခဲ့ပါတယ်။ ဘလွန်းဒိုအောငါးဆုရှင် စီရိုနယ်လ်ဒိုအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ခြေစွမ်းအနည်းငယ်ကျဆင်းလာမှုကြောင့် ဝေဖန်မှုတွေခံနေရပေမယ့် သူဟာ ကမ္ဘာ့အကျော်ကြားဆုံး ကစားသမားအဖြစ် ဆက်လက်ရှိနေဆဲပါပဲ။ ဒီတော့  စီရိုနယ်လ်ဒိုရဲ့ အမှတ်ရဆုံး  အခိုက်အတန့်တွေကို မွေးနေ့အမှတ်တရအဖြစ် ပြန်လည်တင်ဆက်လိုက်ပါတယ်။

မန်ယူရဲ့ ကျောနံပါတ်(၇)ကို ဆက်ခံသူ

 ကမ္ဘာကျော် ဖက်ရှင်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းတစ်ယောက် ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားပြီးနောက် မန်ယူရဲ့ဂန္ထဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ် (၇)ကို နည်းပြကြီး ဖာဂူဆန်က လူငယ်တိုက်စစ်မှူးလေး စီရိုနယ်လ်ဒိုကို  ယုံယုံကြည်ကြည်နဲ့ ဆက်ခံခွင့် ပေးခဲ့ပါတယ်။ မန်ယူအသင်းဟာ စပို့တင်းလစ်ဘွန်းအသင်းက လူငယ်လေး စီရိုနယ်လ်ဒိုကို အဲဒီအချိန်က ဆယ်ကျော်သက် ကစားသမားတွေအတွက် ပေးချေရတဲ့ ဗြိတိန်စံချိန်တင်ကြေး ပေါင် ၁၂ ဒသမ၂၄သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကျောနံပါတ်(၇) ပိုင်ရှင်တွေထဲ အကောင်းဆုံးတစ်ယောက်ဖြစ်ခဲ့တဲ့ဆိုတာ အထူးရှင်းပြစရာမလိုဘဲ သူ့ရဲ့ မှတ်တမ်းတွေက သက်သေခံနေပါတယ်။

ရီးယဲလ်မက်ဒရစ်သို့ ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ရောက်ရှိလာခြင်း

စီရိုနယ်လ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်ပြီး အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့ပြီးနောက် ၂ဝဝ၉ခုနှစ်မှာ ရီးယဲလ်မက်ဒရစ် အသင်းက အဲဒီအချိန်က  ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈ဝ နဲ့ခေါ်ယူခဲ့ပါတယ်။ သူ့ရဲ့ ကစားသမား မိတ်ဆက်ပွဲအခမ်းအနားကို ပရိသတ် ၈ဝဝဝဝဝ တက်ရောက်ခဲ့ပြီး ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား သုံးလုံးရယူပေးထားနိုင်ခဲ့ပါတယ်။ ရီးယဲလ်ပရိသတ်တွေရဲ့ မဲပေးမှုအရ ထာဝရ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာ  ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။

ကိုယ်ပိုင်ပြတိုက်ဖွင့်လှစ်နိုင်ခြင်း

သူဟာ ကိုယ်ပိုင်ပြတိုက်ကို ဖွင့်လှစ်နိုင်ခဲ့တဲ့ ရှားပါးအရေအတွက်ဝင် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ''The Meseau CR7''  ပြတိုက်မှာ ဂျာစီတွေ၊ ကိုယ်ပိုင်ဆုတံဆိပ်တွေ၊ ဘဝနေထိုင်မှုကိုဖော်ညွှန်းနိုင်တဲ့ ဖယောင်းရုပ်တွေကို စုံစုံလင်လင်ခင်းကျင်းထားပါတယ်။ ဒီပြတိုက်ကို ဖွင့်လှစ်ဖို့  သူ့ရဲ့ အစ်ကို ဟူဂိုအယ်ဗီရိုက အဓိကစီမံဆောင်ရွက်ပေးခဲ့ပါတယ်။  

ဘလွန်းဒိုအောဆု ငါးကြိမ် ဆွတ်ခူးနိုင်ခြင်း

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဘလွန်းဒီအောဆု ထပ်မံရရှိခဲ့တာကြောင့် သူ့အတွက် ငါးကြိမ်မြောက် ဘလွန်းဒီအောဆု ဆွတ်ခူးမှု ဖြစ်လာခဲ့ပါတယ်။ စီရိုနယ်လ်ဒီဟာ အစောပိုင်းနှစ်တွေက မဟာပြိုင်ဘက် မက်ဆီထက် တစ်ဦးချင်းဆုတံဆိပ် ဆွတ်ခူးမှုမှာ သိသိသာသာ လျော့နည်းခဲ့ ပေမယ့်  လေးနှစ်အတွင်း ဘလွန်းဒိုအောဆု သုံးကြိမ်ဆွတ်ခူးပြီး  မက်ဆီရဲ့ ဘလွန်းဒိုအောဆု ရရှိမှုကို လိုက်မီခဲ့ပါတယ်။

ပေါ်တူဂီအသင်းအတွက် ယူရိုဖလား ရယူပေးနိုင်ခဲ့ခြင်း

ပေါ်တူဂီအသင်းဟာ ဖီဂိုတို့လက်ထက်မှာ ယူရိုဖလား၊ ကမ္ဘာ့ဖလားတွေကို ရယူဖို့ မျှော်လင့်ခဲ့ပေမယ့် အသင်းခေါင်းဆောင်  စီရိုနယ်လ်ဒို အသက် (၃၁) နှစ်ကျော်ကာမှ နိုင်ငံအသင်းအတွက် ယူရိုဖလားကြီးကို ရယူပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းက အိမ်ရှင်ပြင်သစ်အသင်းရဲ့ အမျိုးသား အားကစားကွင်းကြီး စတိတ်ဒီဖရန့်ကွင်းကြီးမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး  ယူရိုချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ စီရိုနယ်လ်ဒိုဒဏ်ရာ ရသွားတာကြောင့် လက်ကျန်ပွဲချိန်တွေကို အပြည့်အဝမကစားနိုင်ဘဲ မျက်ရည်လည်ရွှဲနဲ့ ကွင်းထဲက ထွက်ခဲ့ရပေမယ့် ကွင်းဘေးကနေ နည်းပြနဲ့အပြိုင် ကစားသမားတွေကို အော်ဟစ် ညွှန်ကြားခဲ့တဲ့ ပုံရိပ်ဟာလည်း  မီဒီယာတွေရဲ့ အထူးဖော်ပြမှုခံခဲ့ရပါတယ်။ မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment