ကျောင်း တည်ဆောက်သွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပပြီး မေးခွန်း ၆ ခုမေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု ဆွေးနွေးခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် ဥပဒေကြမ်း (၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။
ဝန်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင်၏ ဝန်းသိုမြို့နယ် ကျိုင်းခွင် ကျေးလက်ကျန်းမာရေးဌာနအား စံကိုက် အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျိုင်းခွင် ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အအုံအသစ် ဆောက်လုပ်ပေးရန် လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တွင် ရန်ပုံငွေကျပ် ၁၂၆ သန်း ထည့်သွင်းလျာထားပါ ကြောင်း ဖြေကြားသည်။
ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ ယင်းမာပင် မြို့နယ် ညောင်ကိုင်းကျေးရွာ တိုက်နယ်ဆေးရုံအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခွင့်ချထားပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ညောင်ကိုင်း ကျေးရွာ တိုက်နယ်ဆေးရုံအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေး နှစ်တွင် ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာဦးစိုးမိုးသူ၏ မြောင်းမြ မြို့နယ်တွင် မြောင်းမြမြို့သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အား ဂုဏ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အဆိုပါ သင်တန်းကျောင်းဆောက်လုပ်ရန်အတွက် လိုအပ်သော မြေနေရာ အမြန်ဆုံးရရှိပါက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေ ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် သင်တန်းကျောင်း တည်ဆောက်ပြီးပါက ၂ဝ၂ဝ ပြည့်နှစ်တွင် သူနာပြု သင်တန်းသား အနည်းဆုံး ၅ဝ မှ ၁ဝဝ အထိ ခေါ်ယူသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ တောင်ကုတ်မြို့နယ် ကင်းတောင်စံပြကျေးရွာတွင် တိုက်နယ် ဆေးရုံတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကင်းတောင်ကျေးရွာသည် တောင်ကုတ်မြို့ နယ်နှင့် ၁ဝ ဒသမ ၅ မိုင်၊ လမူးတိုက်နယ်ဆေးရုံနှင့် ၂၁ မိုင်၊ ရွာမတိုက်နယ်ဆေးရုံနှင့် ၇ ဒသမ ၅ မိုင်ကွာဝေးပါ ကြောင်း၊ အခြေအနေ၊ အချိန်အခါနှင့် အချက်အလက်များ ကို သုံးသပ်ရာတွင် လောလောဆယ် လိုအပ်ချက်မရှိသေး ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လောလောဆယ် အခြေအနေတွင် တောင်ကုတ်မြို့နယ် ကင်းတောင်စံပြ ကျေးရွာတွင် တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် မစဉ်းစားသေးပါ ကြောင်း၊ နောင်လိုအပ်သည့်အခါတွင် စဉ်းစားသွားမည်ဖြစ် ပါကြောင်း ဖြေကြားသည်။
ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူး မြို့နယ်ရှိ ရှီးလန်ဒမ်းအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာန များ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်ဒေသဖြစ်သည့် အတွက် ခေါင်လန်ဖူးမြို့နယ်ရှိ ရှီးလန်ဒမ်းအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်သင့်ကြောင်း ပြည်နယ် ဦးစီးမှူးက တင်ပြထားပါကြောင်း၊ ထို့ကြောင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန သို့လည်းကောင်း ပေးပို့၍ သဘောထားမှတ်ချက်တောင်းခံ ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး ပထမဦးစားပေးအနေဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများ ခန့်ထားခြင်းနှင့် ပတ်သက်၍ လက်ထောက်ကျန်းမာရေးမှူးများကို မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) (HA-1)အစား မြို့နယ် ကျန်းမာရေးမှူး(THA)အဖြစ် ရာထူးတိုးပေးရန်၊ မြို့နယ် ကျန်းမာရေးမှူး(THA)များကို မြို့နယ်အဆင့်တွင် ခန့်အပ် ရန်နှင့် လက်ထောက်ကျန်းမာရေးမှူးများကို မည်သည့် အဆင့်အထိ ရာထူးတိုးမြှင့်ပေးမည်၊ ရာထူးတက်လမ်းရှိ သည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေတွင် ဝန်ထမ်းတစ်ဦးကို သက်ဆိုင်သည့် ရာထူးအဆင့် အမျိုးအစားတွင် သာမန်အားဖြင့် အဆင့် မကျော်ဘဲ တစ်ဆင့်စီသာ ရာထူးတိုးမြှင့်ပေးရမည်ဟု ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖွဲ့စည်းပုံနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ လက်ထောက်ကျန်းမာရေးမှူးများကို မြို့နယ်ကျန်းမာ ရေးမှူးအဆင့်(၁) (HA-1) အစား မြို့နယ်ကျန်းမာရေးမှူး (THA) အဖြစ် တိုက်ရိုက်ရာထူးတိုးပေး၍ မရပါကြောင်း။
ဖွဲ့စည်းပုံအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန များတွင် ဆရာဝန်/ ဦးစီးအရာရှိ ရာထူးများခွင့်ပြုထားပြီး ဖြစ်ပါသဖြင့် အရည်အချင်းပြည့်ဝသူများကို သင့်လျော် သည့် ဦးစီးအရာရှိနေရာများတွင် ခန့်အပ်သွားမည်ဖြစ်ပါ ကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးရာထူး ရရှိပြီးနောက် လုပ်သက် ၆ နှစ်ရှိပါက မြို့နယ်ကျန်းမာရေးမှူး (သို့မဟုတ်) ဦးစီးအရာရှိရာထူးအဆင့် ရရှိမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ထို့နောက် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင် တင်သွင်းထားသည့် ''နိုင်ငံသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် ဒေသ ဆရာဝန်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် mobile medical team ဖွဲ့ပြီး ကျေးရွာများသို့ အလှည့်ကျကွင်းဆင်း ၍ Rural Community Health မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း''အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။
မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်က ကုသမှုခံယူသူနှင့် ကုသမှုဆောင်ရွက်ပေးသူ နှစ်ဦးနှစ်ဖက် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကို ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွင် ကုသခြင်း၊ အသိပညာပေးခြင်း၊ ကာကွယ်ခြင်း နှင့် ပြန်လည်ထူထောင်ပေးခြင်း စသည့် ကိစ္စများကို လုပ်ဆောင်ရသောကြောင့် တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် ကွင်းဆင်းကုသပေးရုံဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံ အားကောင်းလာစေမည်မဟုတ်ပါကြောင်း၊ ဘေးထွက်ဆိုးကျိုးများဖြစ်သည့် မနိုင်ဝန်ထမ်းရခြင်း၊ လက်ရှိတာဝန်များအား လစ်ဟင်းစေနိုင်ခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ အဖွဲ့လိုက် ကွင်းဆင်းရသည့်အတွက် လူနေမှုစရိတ်များကုန်ကျကာ ကျေးရွာနေပြည်သူများ အတွက် ဝန်ပိစေခြင်းကြောင့် ချင့်ချိန်စဉ်းစားသင့်ပါကြောင်း ဆွေးနွေးသည်။
ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်က mobile medical team အဖွဲ့သည် လုပ်ဆောင်နိုင်လျှင် ကောင်းပါ ကြောင်း၊ သို့သော် ယခုအချိန်တွင် ဆေးရုံတွင်လည်း ဆရာဝန် ပြည့်ပြည့်စုံစုံမရှိပါကြောင်း၊ ကျန်းမာရေးဦးစီးဌာန တွင်လည်း ကျန်းမာရေးဦးစီးမှူး၊ လက်ထောက်ကျန်းမာရေး ဦးစီးမှူးများ ပြည့်ပြည့်စုံစုံ မရှိသေးသည့်အတွက်ကြောင့် ယခုအဆိုသည် မူအားဖြင့် ကောင်းပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနကို ဖွဲ့စည်းပုံချဲ့၍ ဆောင်ရွက်ပါက ပိုမိုသင့်တော်ပါကြောင်း ဆွေးနွေးသည်။
ကြံခင်းမဲဆန္ဒနယ်မှ ဒေါက်တာ ဦးထွန်းလင်းမော်က ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများသည် သက်ဆိုင်ရာတာဝန်ကျရာဆေးရုံ၊ ဆေးခန်းအသီးသီးတွင် သတ်မှတ်စံနှုန်းထက်ပိုမိုများပြားသည့်တာဝန်များကို ထမ်းဆောင်နေကြရပါ ကြောင်း၊ ယင်းအခြေအနေမျိုးတွင် mobile medical teamတစ်လတစ်ကြိမ်၊ နှစ်ကြိမ် ထွက်ရမည်ဆိုလျှင် ဝန်ထမ်းအင်အားပြည့်စုံသည့် မြို့နယ်များတွင် ပြဿနာ သိပ်မရှိနိုင်သော်လည်း စံကိုက်ဝန်ထမ်းအင်အားမပြည့်စုံသော မြို့နယ်များ တွင် မနိုင်ဝန်ထမ်းရသည့်အတိုင်းဖြစ်ပြီး လုပ်ငန်း အောင်မြင်မှုကို ထိခိုက်နိုင်ပါကြောင်း၊ ထို့ကြောင့် ကွင်းဆင်းကုသရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက် သွားနိုင်ရန် ဝန်ထမ်းအင်အားကို ဖွဲ့စည်းပုံပြည့်မီ အောင် ခန့်နိုင်ရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်းက လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေးလွှမ်းခြုံမှုအတွက် မူဝါဒအခြေခံ အုတ်မြစ်များချမှတ်ပေးခြင်း၊ ပြည့်စုံလုံလောက်သော လူ့စွမ်းအားအရင်းအမြစ်နှင့် ဘဏ္ဍာငွေကြေးအရင်း အမြစ်စသော စွမ်းအားစုအရင်းအမြစ်များကို ဖော်ထုတ်ပေးခြင်း၊ ရှင်းလင်းပြတ်သားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပေးအပ်ခြင်းဖြင့် နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန်mobile medical team များဖွဲ့ပြီး ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်း၍Rural Community Health ကို မြှင့်တင်ပေးရာတွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါ ကြောင်း ဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ် တာခလိုက်၊ ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးမြင့်သိန်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်တင်မာဆွေ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာ ဦးဝင်းအောင်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေး၊ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးစံရွှေဝင်းတို့က ဆွေးနွေးကြသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ၂ဝ၁၇ ခုနှစ် တစ်နှစ်တည်းတွင် ကွင်းဆင်းသည့် အရေအတွက် ၁ ဒသမ ၈ သန်းရှိပါကြောင်း၊ လူနာအသစ်နှင့် အဟောင်း စုစုပေါင်း ၁ဝ သန်းခန့်ရှိပါကြောင်း၊ ကွင်းဆင်းသည့် အခါတွင်လည်း ¤င်းတို့ကုသနိုင်သည့် ရောဂါများ ကုသပေးပြီး ကုသမပေးနိုင်သည့် ရောဂါများကို လွှဲပြောင်းပေးပါကြောင်း၊ လွှဲပြောင်းသည့်လူနာမှာ ၂ဝ၁၇ ခုနှစ်အတွင်း ၃၄ဝ၃၅၁ ယောက်ရှိပါကြောင်း၊ ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သည့်အဖွဲ့များဖြင့်လည်း (၁၃၆) ကြိမ် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများမှာ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း များ၊ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ ဖြစ်ခြင်းကြောင့် အဆိုကို မှတ်တမ်းတင်သင့်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူကြောင်း ဆုံးဖြတ်သည်။
ယနေ့အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ''မြန်မာ နိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေ ကြမ်း''တင်သွင်းခြင်း၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း ၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြား ရှင်းလင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလို သည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေးကြေညာခြင်းတို့ကို လည်း ဆောင်ရွက်ခဲ့သည်။
ကျော်သူထက်(သတင်းစဉ်)
No comments:
Post a Comment