Latest News

Saturday, February 10, 2018

အစိုးရဘက်မှ အခွန်များကို စနစ်တကျကောက်ယူနိုင်သည့် အခြေအနေမျိုးဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်ပြောကြား

အစိုးရဘက်မှ အခွန်များကို စနစ်တကျကောက်ယူနိုင်သည့် အခြေအနေမျိုးဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်ပြောကြား

ဖေဖော်ဝါရီ ၁၀ ရက်

      နိုင်ငံတော်ထူထောင်ရေးအတွက်  နိုင်ငံသားတိုင်း တာဝန်ကျေပွန်သည့် အခွန်ထမ်းများ ဖြစ်ပြီး မိမိတို့အစိုးရဘက်မှလည်း အခွန်များကို စနစ်တကျကောက်ယူနိုင်သည့် အခြေအနေမျိုးဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦ ဖြိုးမင်းသိန်းသည် ယနေ့နံနက် ၉ နာရီ ခွဲတွင်ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကျင်းပသော အခွန်ဆိုင်ရာကိစ္စရပ်များ တင်ပြသည့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

         “ကျွန်တော်တို့နိုင်ငံထူထောင်ရေးအတွက် တာဝန်ကျေတဲ့ အခွန်ထမ်းတွေလည်းဖြစ်စေချင်တယ်။ ကျွန်တော်တို့ဘက်ကလည်း အခွန်ကိုစနစ်တကျကောက်ယူနိုင်တဲ့အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ပါမယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ လာမယ့်အခွန်ဥပဒေမှာ အကောင်းဆုံးဖြစ်နိုင်အောင် ပြင်ဆင်မှုပေးရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးပြဌာန်းလိုက်တဲ့ ပြဌာန်းချက်တစ်ရပ် ကျွန်တော်တို့အားလုံး လိုက်နာကျင့်သုံးကြတယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်ဖို့လိုပါတယ်။ နိုင်ငံတကာမှာအခွန်ဟာညှိနှိုင်းလို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာညှိနှိုင်းလို့ရတယ်။ ဒါကြောင့်မလို့ အခွန်ကိုစနစ်ကျတဲ့အခွန်မျိုးဖြစ်စေဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကအခွန်ကနေအခွင့်အလမ်းပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ထုတ်ကုန်ကဏ္ဏကိုဖွံ့ဖြိုးတိုးတက်လာဖို့ အတွက်မျှော်လင့်ပါတယ်။”ဟု ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်း ကပြောကြားသည်။

     ဆက်လက်ပြီး ယနေ့ဆောင်ရွက်သည့် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ၂၀၁၈-၂၀၁၉  ဘဏ္ဏာရေးနှစ်အတွက် ပြဌာန်းမည့် အခွန်ဥပဒေနှင့် ပတ်သက်ပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များကြားတွင် အဆင်ပြေချောမွေ့နိုင်စေရန်နှင့် နိုင်ငံတော်ဘက်မှ အခွန်ကောက်ခံရန်နှင့် အခွန်ဥပဒေကိုပြဌာန်းပြီးသွားလျှင်လည်း အခွန်ပေးဆောင်သည့်သူများကလည်း အခွန်ပေးဆောင်ဖို့ထက်အခွန်ပေးဆောင်သည့် ယဉ်ကျေးမှုကို လေ့ကျင့်ရမည်ဖြစ်ကြောင်းနှင့် လာမည့်ဧပြီမှစ၍ ကောက်ခံမည့် အခွန်စနစ်ကို လုပ်ငန်းရှင်များအပေါ် နိုင်ငံတော်အစိုးရဘက်မှ အားလုံးအဆင်ပြေနိုင်မည့်အခြေအနေတစ်ခုကို ဖြစ်စေချင်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

          ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦ ဖြိုးမင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးဦ မြင့်သောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌတို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

      စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးဦ မြင့်သောင်းက အမှာစကား ပြောကြားရာတွင်“နိုင်ငံတော်တစ်ခုတည်ဆောက်မယ်ဆိုရင် မဖြစ်မနေ နိုင်ငံတော်ရဲ့ဘဏ္ဍာ အခွန်ကပဲအဓိကကျတာဖြစ်ပါတယ်။ဒါကြောင့်မလို့ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်ရဲ့အခွန်အကောက်ကို တရားမျှတစွာနဲ့ကောက်မယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ကောက်မယ်၊ အဆင်ပြေစွာကောက်မယ် ဆိုတဲ့အခွန်ပေါ်လစီတွေ ကောင်းမွန်တဲ့ ပေါ်လစီတွေရှိပါတယ်။ နိုင်ငံတော်ရဲ့ ဘက်ဂျက်ကို အဓိကအားဖြင့် အခွန်အကောက်ကနေပြီး ရတာဖြစ်တဲ့ အတွက် ဒီအခွန်အကောက်ဟာ ရသင့်ရထိုက်တဲ့ အခွန်အကောက်ကိုရအောင် အားလုံးက ဆောင်ရွက်ကြပါ။”ဟု ပြောကြားသည်။

        ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံကွန်ပျူ တာလုပ်ငန်းရှင်များအသင်း၊မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံယမကာအသင်းနှင့်ကုမ္ပဏီများက အသီးသီးဆွေးနွေးခဲ့ကြသည်။
YRG:Info

No comments:

Post a Comment