Latest News

Wednesday, February 7, 2018

ကိုယ့်စရိတ်ကိုယ်စား အကုသိုလ်ဝယ်သူများ

ကိုယ့်စရိတ်ကိုယ်စား အကုသိုလ်ဝယ်သူများ

စိတ်ဆိုတာ သီးသန့်လေးရပ်တည်နိုင်လေ ကောင်းလေလေပါပဲ။ ဒါပေမဲ့လည်း တစ်ချို့မှာကျတော့ အလိုလောဘ၊ သို့မဟုတ် အလိုရမ္မက်ကြီးကြပါတယ်။ အလိုကြီးတဲ့အတွက် အမျက်လည်းထွက်လွယ်လာပါတယ်။ လိုချင်တာလျှော့နိုင်ရင် ကောင်းကျိုးတွေဖြစ်လာမှာပါ။

သီးသန့်လေးရပ်တည်တတ်တဲ့စိတ်ဆိုတာ ယဉ်ကျေးတဲ့စိတ်ပါ။ ဘယ်သူ့ကိုမှ လွှမ်းမိုးဖို့မကြိုးစားသလို၊ ပတ်သက်ဖို့လည်းမကြိုးစားပါဘူး။ စိတ်မယဉ်ကျေးတဲ့သူနဲ့ ပတ်သက်ရတာ အန္တရာယ်အရမ်းများပါတယ်။ မပေါင်းရင် ရန်ငြိမ်းပါလိမ့်မယ်။ စေတနာမမှန်ပါဘူး။ အလိုပြည့်ရင် မသိသာပေမဲ့ အလိုမပြည့်ရင် ဇာတိရုပ်ပေါ်လာပါတော့တယ်။

ဓားပြတိုက်မှ လူဆိုးလို့ခေါ်တာမဟုတ်ပါဘူး။ တစ်ပါးသူရဲ့ စိတ်ရပ်တည်မှု၊ ကိုယ်ရပ်တည်မှုကို နှဲ့နေတတ်တဲ့သူ၊ မထိတထိနဲ့ ပြဿနာဖန်တီးတတ်သူ၊ တစ်ပါးသူရဲ့ ဂုဏ်သိက္ခာကို ထည့်မတွက်သူ၊ ဒူးနေရာဒူး၊ တော်နေရာတော် မနေသူများသည်လည်း လူဆိုးစာရင်းဝင်ပါပဲ။ ဒီလောကထဲမှာ မိသားစုအရင်းကလွဲလို့ တစ်ခြားဘယ်သူ့မှာမှ ဘယ်သူ့အတွက်ဆိုပြီး တာဝန်မရှိတာ၊ တရားဝင် ပတ်သက်မှုမရှိတာကို အမှန်တရားအဖြစ်လက်ခံထားဖို့လိုပါတယ်။

လူတစ်ယောက်စီတိုင်းမှာ သူ့ရဲ့လက်တွေ့ပတ်ဝန်းကျင်ရှိပါတယ်။ လက်တွေ့အာရုံစိုက်နေရတဲ့ အလုပ်တွေရှိပါတယ်။ လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေရှိပါတယ်။ ဒါတွေကိုနားလည်ထားပြီး သူစိမ်းဆို ဘယ်သူ့ကိုမှ ချည်နှောင်ဖို့မကြိုးစားပါနဲ့။ ဒါပေမဲ့ ဒီနေရာမှာ ဘ၀တစ်ခုတည်ဆောက်ချင်တဲ့ ချစ်သူတွေကို မဆိုလိုပါဘူး။ ခရီးသွားဟန်လွှဲလောက်တောင် တွေ့တာမဟုတ်တဲ့သူတွေကို ချည်နှောင်ဖို့ ကြိုးစားခြင်း၊ ချည်နှောင်လို့မရရင် ရန်ရှာခြင်း၊ ပြဿနာလုပ်ခြင်းကတော့ စိတ်ဓာတ်ရိုင်းမှ၊ သို့မဟုတ် ယဉ်ယဉ်လေး ရိုင်းမှသာ လုပ်ကြတာပါ။

အပြောကတော့ ချိုပါတယ်။ ဒါပေမဲ့ လိုတာမရရင် ချက်ချင်းရိုင်းပြတတ်တာ သူ့ဖာသာသတိမထားမိပါဘူး။ ရဟန်းသံဃာဆိုတဲ့ အချက်ကိုတောင် မမြင်တော့ပဲ စော်ကားပါတော့တယ်။ ဘုရားရှင်လက်ထက်က ကျောက်သွေးသမားအိမ်မှာ ၁၂ နှစ်လုံးလုံးဆွမ်းခံ၊ ဆွမ်းစားကြွခဲ့တဲ့ ရဟန်းတော်တစ်ပါး၊ ကောသလမင်းအပ်တဲ့ ပတ္တမြားပျောက်ဆုံးမှုမှာ အိမ်ရှင်ဒကာက ကိုယ်ကိုးကွယ်နေတဲ့ အိမ်ကိုအမြဲကြွတဲ့ ရဟန်းကို သူခိုးစွဲပြီး သေလုမျောပါး ရိုက်ခဲ့ဖူးပါတယ်။ ရဟန်းတော်လည်း နောင်ဘယ်အိမ်တွင်းမှ မ၀င်တော့ပဲ သလုံးမြင်းခေါင်းအားကိုး၍ ရပ်ဆွမ်းသာခံစားတော့မည်လို့ ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။

ကိုယ့်ရဲ့ အလိုလောဘ၊ ကိုယ့်ရဲ့ မစင်ကြယ်တဲ့နှလုံးသားတွေနဲ့ တစ်ပါးသူကို ပတ်သက်ဖို့ကြိုးစားပြီး အလိုမပြည့်တဲ့အခါ သို့မဟုတ် ကိုယ်လိုချင်သလိုဖြစ်မလာတဲ့အခါ ဖျက်လိုဖျက်ဆီးလုပ်တတ်ကြပါတယ်။ ဒီလိုအလုပ်ခံရတဲ့အထဲမှာ ရဟန်းတော်တွေလည်းပါတယ်ဆိုတာကို ပြောချင်တာပါ။ တရားဟော၊ တရားပြ၊ တရားထိုင်ဖို့သာ စိတ်ဝင်စားတဲ့ ရဟန်းတော်မျိုးကို လွတ်လွတ်လပ်လပ် ထောက်ပံ့သူက ထောက်ပံ့ပေးပြီး၊ နောက်မှာသာအမြဲနေကြပေမဲ့၊ မထောက်ပံ့ပဲ အလိုဆိုးတစ်ခုအတွက်သာ ပတ်သက်ဖို့ကြိုးစားသူတွေကတော့ ဖျက်ဆီးဖို့ကြိုးစားတတ်ကြပါတယ်။

ဒါဟာ မပြည့်ဝတဲ့လောကမှာ အထူးအဆန်းမဟုတ်ပေမဲ့၊ ကိုယ့်စရိတ်ကိုယ်စားပြီး အပါယ်လမ်းဖောက်နေပြီဆိုတာလေး သတိပေးလိုက်တာပါ။

ကုသိုလ်စိတ်သပ်သပ်ဖြင့် ဘုန်းကြီးကို အနှောင်အဖွဲ့မပါ ထောက်ပံ့နေသူ ဒကာ၊ ဒကာမများကို ကျေးဇူးတင်လျက်။

အားလုံးကုသိုလ်စစ်များ ရယူနိုင်ပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment