Latest News

Tuesday, February 13, 2018

ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေး ပြည်သူနှင့်ရဲတပ်ဖွဲ့ ဟန်ချက်ညီမည်ဆိုလျှင်

ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေး ပြည်သူနှင့်ရဲတပ်ဖွဲ့ ဟန်ချက်ညီမည်ဆိုလျှင်

ရန်ကုန်  တိုင်းဒေသကြီးအတွင်း     ရပ်ရွာနေ  ပြည်သူအခြေပြု Community  Based  Policingစီမံချက်ဖြင့် ပြည်သူများ တရားဥပဒေစိုးမိုးမှုအောက်တွင် စိတ်အေးချမ်းသာစွာ နေထိုင် သွားလာနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၂ဝ၁၆ ခုနှစ် ဇွန် ၁၄ ရက်မှစတင်ကာ   မြို့နယ် ၂၅ မြို့နယ်ကို   စတင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။  ကိုကိုးကျွန်းမြို့နယ်မှအပ   ကျန်ရှိ  သော မြို့နယ် ၁၉ မြို့နယ်ကိုလည်း တရားဥပဒေစိုးမိုးမှု လွှမ်းခြုံနိုင် ရန်နှင့်  ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြင့်   မှုခင်းများ ကျဆင်းစေရန် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရပ်ရွာ အခြေပြုအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာဆောင်ရွက် နေပြီဖြစ်သည်။ ထိုသို့ ထပ်မံတိုးချဲ့ဆောင်ရွက်မှုကို လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှ  အုပ်ချုပ်ရေးမှူးများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ရပ်ကွက် အခြေပြုအဖွဲ့များနှင့် ရပ်ကွက်ပြည်သူတို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလျက်ရှိသည်။

ထပ်မံတိုးချဲ့ဆောင်ရွက်သောမြို့နယ် ၁၉ မြို့နယ်တွင် ပါဝင် သည့် ဗိုလ်တထောင်၊ ဒေါပုံ၊ ရန်ကင်းနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရှိ မြို့နယ်တို့မှ ရပ်ရွာအခြေပြုအဖွဲ့များကလည်း ညပိုင်းတွင် မိမိတို့ အသိစိတ်ဖြင့် မိမိရပ်ကွက်၊ လမ်းအတွင်း နေပြည်သူများ  စိတ်အေးချမ်သာစွာဖြင့် မိသားစုလုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် ပြည်သူနှင့်အတူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းလက်တွဲ၍ တရားဥပဒေစိုးမိုးရေးကို လုံခြုံရေးကဏ္ဍအထူးသတိရှိစွာဖြင့် ဆောင်ရွက်နေကြသည်မှာ ရန်ကုန်တိုင်း ဒေသကြီး  တရားဥပဒေစိုးမိုးမှုလွှမ်းခြုံနိုင်ရေး   ဆောင်ရွက်မှု တို့၏ အားရဖွယ်မြင်ကွင်းတစ်ရပ်လည်း ဖြစ်သည်။
ဘိုကလေးဈေးနှင့် ကုန်သည်လမ်းထောင့်ရှိ ရပ်ရွာအခြေပြု အဖွဲ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး အမျိုးသား၊   အမျိုးသမီးတို့     ရပ်ကွက်လုံခြုံရေးတာဝန်ကို  ထမ်းဆောင်ကြလျက်ရှိသည်။ ည ၉ နာရီခွဲပြီဖြစ်သော်လည်း ကုန်သည်လမ်းပေါ်တွင်  ယာဉ်နှင့် ခရီးသွားပြည်သူတို့ မပြတ် သေးဘဲ မြို့ပြမီးရောင်အောက်တွင် သွားလာလှုပ်ရှားနေဆဲ ဖြစ် သည်။ ထိုသို့ ခရီးသွားမပြတ်သောနေရာတွင် ရပ်ရွာအခြေပြုအဖွဲ့ လုံခြုံရေး ဆောင်ရွက်ခြင်းသည် ဗိုလ်တထောင်မြို့နယ် ဘိုကလေး ဈေးတစ်ဝိုက်၏ လုံခြုံရေးနှင့် မီးဘေးအ္တရာယ် ကြိုတင်ကာကွယ် ပြီး ဖြစ်စေလျက်ရှိသည်။ ထိုနည်းတူ ဗိုလ်တထောင် လင်းစဒေါင်း ထိပ်တွင်လည်း အမှတ်(၁) (၂) (၃) ရပ်ကွက်လုံခြုံရေးအတွက် ရပ်ကွက်အခြေပြုအဖွဲ့ စောင့်လျက်ရှိသည်။ ကားလမ်းမကြီးပေါ် ဖြစ်သောကြောင့် လုယက်မှုများနှင့် မှုခင်းဖြစ်ပွားမှုကို အဆိုပါ ရပ်ကွက်အခြေပြုလုံခြုံရေးမှ ထိန်းချုပ်ထားနိုင်သော နေရာ တစ်ခုအဖြစ် တွေ့ရသည်။
မှုခင်းဖြစ်ပွားမှုကို ကြိုတင်ဟန့်တားနိုင်
ပုဇွန်တောင် အမှတ်(၃)ရပ်ကွက်နှင့် ညောင်တန်းအိမ်ရာ အနီးရှိ    အမှတ်(၅)ရပ်ကွက်ထိပ်တို့တွင်   ရပ်ကွက်အခြေပြု လုံခြုံရေးအဖွဲ့များ  ရပ်ကွက်နေပြည်သူတို့  လုံခြုံရေးအတွက် စောင့်ကြပ်လျက်ရှိသည်။ ညပိုင်းခရီးသွားလာမှုမပြတ်သော နေရာတို့တွင်   ထိုသို့  လုံခြုံရေးဆောင်ရွက်ထားနိုင်ခြင်းသည်   မှုခင်းဖြစ်ပွားမှုကို       ကြိုတင်ဟန့်တားနိုင်ခြင်းပင်ဖြစ်သည်။  ဗိုလ်တထောင်နှင့်   ပုဇွန်တောင်မြို့နယ်အတွင်း  ယာဉ်ပိတ်ဆို့ စစ်ဆေးခြင်းကိုလည်းတွေ့ရသည်။ အမှုကြီးများ ဖြစ်ပွားနိုင်မှု ကို ကြိုတင်ကွယ်ရာ၌ ယာဉ်များ ပိတ်ဆို့စစ်ဆေးခြင်းသည် ထိရောက်သော မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်၍ ပုံမှန် ဆောင်ရွက်နိုင်လျှင် တရားဥပဒေစိုးမိုးမှု၏ အသီးအပွင့်ကို ပို၍ ခံစားရရှိစေမည်သာ ဖြစ်သည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ အဆိုပါ ရပ်ကွက်အခြေပြုအဖွဲ့များ လုံခြုံရေးဆောင်ရွက်နေမှု ကို အားပေးစကားပြောကြားပြီး  ရဲနှင့်ပြည်သူ ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ပြီး တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်ရန်  ရဲတပ်ဖွဲ့အနေဖြင့်  အသင့်ရှိနေကြောင်း နှင့်   ရန်ကုန်တိုင်းဒေသကြီးအတွင်း  အမှုကြီးများ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းသည် ပြည်သူမှသတင်းပေးခြင်းဖြင့် ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းသည်ပြည်သူနှင့်ရဲတပ်ဖွဲ့   လက်တွဲညီ စွာ ဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ပင်ဖြစ်ကြောင်း   ရပ်ကွက် အခြေပြုအဖွဲ့များနှင့်     ရင်းနှီးပွင့်လင်းစွာ      တွေ့ဆုံစဉ်     ပြောကြားသည်။
မှုခင်းကျဆင်းရေးကို ရေရှည်ဆောင်ရွက်
ရန်ကင်းမြို့နယ်အမှတ်(၈)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်တို့တွင်လည်း ရပ်ကွက်အခြေပြုအဖွဲ့တို့ အသီးသီးလုံခြုံရေးဆောင်ရွက်လျက်ရှိပြီး   ရန်ကင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် ကလည်း''ရပ်ကွက်၊ မြို့နယ်လုံခြုံရေးကို အခုလို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးစီးပြီးတော့ ပြည်သူနဲ့လက်တွဲပြီး မှုခင်းကျဆင်း ရေး   ဆောင်ရွက်တာကို မြင်ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်။ ပြည်သူတွေ  လုံခြုံစိတ်ချစွာ    အိပ်စက်အနားယူနိုင်ဖို့ဆိုတာ ကျွန်တော်တို့နဲ့ ရဲတပ်ဖွဲ့မှာ တာန်ရှိပါတယ်၊ တရားဥပဒေစိုးမိုးဖို့ ဆိုရင် အားလုံးပူးပေါင်းဆောင်ရွက်မှ ရမှာပါ၊ ပြီးတော့ အခုလို မှုခင်းကျဆင်းရေးကို ရေရှည်ဆောင်ရွက်စေချင်တယ်၊ ပြည်သူ ပါမှလည်း အောင်မြင်မှာပါ၊ ဒါမှလည်း တရားဥပဒေစိုးမိုးရေး ဆိုတာ အားလုံးကို လွှမ်းခြုံနိုင်မှာပါ''ဟု ပြောကြားသည်။
ပုဇွန်တောင်မြို့နယ်  ရဲတပ်ဖွဲ့မှူး   ရဲမှူးမျိုးလွင်ကလည်း“  ''မြို့နယ်မှာ လူဦးရေ  လေးသောင်းကျော်ရှိတဲ့အထဲမှာ တပ်ဖွဲ့ဝင် အင်အား ၆ဝ နီးပါးနဲ့ မှုခင်းကျဆင်းရေးကို ဆောင်ရွက်နေပါ တယ်၊ ပြည်သူကို အခြေပြုတဲ့ ရပ်ရွာအခြေပြုအဖွဲ့နဲ့ ပူးပေါင်းပြီး တရားဥပဒေကျဆင်းရေးကို  ဆောင်ရွက်ခဲ့တာဆိုရင် သိသိ  သာသာ မှုခင်းတွေ ကျဆင်းခဲ့တာ ပြည်သူတွေအသိပါပဲ၊ မှုခင်း တွေ ထပ်မံမဖြစ်ပွားအောင်နဲ့ ဖြစ်ခဲ့ရင် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်ဆိုရင် ဒုစရိုက်သမားတွေအတွက် နေရာမရှိ တော့ပါဘူး၊ မှုခင်းကျဆင်းရေးဆိုတာ  ပြည်သူပါဝင်မှလည်း ရမှာပါ၊ ထိထိရောက်ရောက် လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်၊  ရဲတပ်ဖွဲ့နဲ့ အခြေပြုဆက်သွယ်နိုင်အောင်လည်း ဖုန်းနံပါတ်တွေ  အခြေပြုအဖွဲ့မှာ  အသင့်ဆောင်ရွက်ပေးထားပြီး တော့ အချိန်မရွေးကူညီနိုင်အောင်လည်း  တပ်ဖွဲ့ဝင်တွေကို အသင့်ရှိထားပါတယ်''ဟု ပြောကြားသည်။
ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်း အောင်ကလည်း   ''မြို့နယ်က ဒေါင်းတောင်  ဧရိယာဖြစ်တဲ့ အတွက် အမှန်တကယ်လိုအပ်တဲ့နေရာတွေမှာ ရပ်ရွာအခြေပြု အဖွဲ့တွေကို ချထားဆောင်ရွက်ပါတယ်၊ မူးယစ်ရမ်းကားနဲ့ ခိုက် ရန်ဖြစ်ပွားမှုတွေက သိသိသာသာလျော့နည်းသွားတာ တွေ့ရပါ တယ်၊ အမှတ်(၅)ရပ်ကွက်  အောက်ပုဇွန်တောင်လမ်းဆိုရင် လည်း စက်လှေဆိပ်ဆင်းတဲ့လမ်းမှာ အခြေပြုအဖွဲ့ တစ်ဖွဲ့ထား တဲ့အတွက် ညပိုင်းလှေသမားတွေ  မူးယစ်အော်ဟစ်ရမ်းကားမှု တွေ ကျဆင်းသွားပါပြီ၊  မှုခင်းကျဆင်းရေးဆိုတာ  အားလုံး ဟန်ချက်ညီဖို့လည်း လိုပါတယ်''ဟု ပြောသည်။
ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က လည်း ''ပြည်သူနဲ့ ရဲတပ်ဖွဲ့ ဟန်ချက်ညီအောင် ဆောင်ရွက်ဖို့  ရပ်ရွာအေးချမ်းသာယာရေးနဲ့  တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ ဘဝ  လုံခြုံစွာနေထိုင်နိုင်ဖို့ဆိုတာ   အသီးသီးတာဝန်ရှိကြပါ တယ်၊ ရပ်ရွာအခြေပြုလုပ်ငန်းဆိုရင် ရန်ကင်းမြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်မှာ စတင်ခဲ့တာပါ၊ အခြားမြို့နယ်တွေ လုပ်နေချိန်မှာ ကျွန်တော်တို့မြို့နယ်လည်း လုပ်ချင်တဲ့ဆန္ဒရှိနေတာပါ။ အခုလို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရပ်ကွက်လုံခြုံရေးကို ဆောင်ရွက်နိုင်တဲ့ အတွက် ရပ်ကွက်ပြည်သူတွေလည်းဝမ်းသာနေကြပါတယ်၊ ယခင်က ပြည်သူနဲ့ ရဲတပ်ဖွဲ့ တွေ့ဖို့ဆိုတာမလွယ်ဘူး၊ အခု ညပိုင်း ဆိုရင် ပြည်သူနဲ့ ရဲတပ်ဖွဲ့လုံခြုံရေး ဆောင်ရွက်နိုင်မှုရဲ့ ရလဒ်အဖြစ် ဒုစရိုက်မှုကျူးလွန်မယ့်သူတွေ အရှိန်တန့်သွားစေတာအမှန်ပါ၊ ပြီးတော့ ရန်ကင်းမြို့နယ်ဟာ တရားဥပဒေစိုးမိုးရေး ကောင်းမွန် တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်၊ဒီမှာ တရားဥပဒေစိုးမိုးရေး ပိုပြီးလုပ်ဆောင်ရမယ့်နေရာတွေ ဖြစ်တဲ့ ရပ်ကွက်(၈)၊(၉)(၁၁)၊ ရပ်ကွက်(၁၂)နဲ့ တောင်ဥက္ကလာနဲ့ စပ်ကြားနယ်မြေတွေ၊ သင်္ဃန်းကျွန်းနဲ့ ထိစပ်နေတဲ့  ရပ်ကွက်(၁၆)စတဲ့   အဲ့ဒီနေရာတွေဟာ လုံခြုံရေးအတွက် အရေးကြီးတဲ့ နေရာ တွေပါ၊  အခြားနေရာတွေထက်စာရင်  လုံခြုံရေးပိုပြီးဆောင်ရွက် ရပါတယ်၊ ဒါဟာ ကြိုတင်ကာကွယ်မှုရဲ့  တရားဥပဒေစိုးမိုးမှု အပိုင်းပါပဲ၊ ကံဘဲ့ဘူတာရုံလမ်းဆိုရင် ညပိုင်း အလုပ်ပြန်ချိန်နဲ့ လူမပြတ်တဲ့ နေရာဖြစ်တာကြောင့် အခြေပြုအဖွဲ့တွေချထားပါ တယ်၊ ပါရမီခုံးကျော်တံတားပေါ်မှာလည်း အရက်သေစာမူးယစ် သောက်စားတာတွေ၊ လုယက်မှုတွေရှိတတ်တာကြောင့် ရဲတပ်ဖွဲ့ နဲ့  အခြေပြုအဖွဲ့တွေ  စောင့်ကြည့်နေပါပြီ၊   မီးရထားလမ်း တစ်လျှောက်မှာလည်း    ပျံကျနေထိုင်သူတွေရှိတာကြောင့် အခြေပြုအဖွဲ့တွေ    စောင့်ကြပ်နိုင်တာဟာ   သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပနဲ့  မရမ်းကုန်းမြို့နယ်ကို   ထိန်းချုပ်ပြီးသား ဖြစ်ပါတယ်၊   ရပ်ကွက်ပြည်သူတွေကို ရဲစခန်း၊ မြို့နယ်မှူး၊ စခန်း မှူး၊ ထွေအုပ်ဖုန်းနံပါတ်တွေ ဖြန့်ဝေပြီး ဆက်သွယ်ရေးကွန်ရက် စနစ်ကို လုပ်ဆောင်ထားပါတယ်၊ မြို့နယ်လွှတ်တော်ကိုယ်စား လှယ်၊ ထွေအုပ်၊  ရဲတပ်ဖွဲ့နဲ့  ပြည်သူကို  အခြေခံတဲ့ အခြေပြုအဖွဲ့ တွေ    တစ်ဦးနဲ့တစ်ဦး အကြဉာဏ်ရယူပြီး ပူးပေါင်းဆောင်ရွက် နိုင်မှုဟာ  ဒီမြို့နယ်တစ်ခုတည်းသာမဟုတ်ဘဲ ရန်ကုန်တိုင်း ဒေသကြီးတစ်ခုလုံးရဲ့  ပြည်သူ့ဘဝလုံခြုံရေးဟာ ကောင်းမွန်   နေမှာပါ''ဟု ပြောကြားသည်။
အသစ်တည်ဆောက်ရန်ပြင်ဆင်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ဗိုလ်တထောင် ရဲစခန်း၊ ရန်ကင်းရဲစခန်းတို့ကို စစ်ဆေးရာ အချုပ်ခန်းလုံခြုံရေး နှင့်   လက်နက်တိုက်လုံခြုံရေးကိုလည်း    ကြည့်ရှုစစ်ဆေး၍ ခေတ်စနစ်နှင့်အညီ တပ်ဆင်ထားသော လက်နက်ငယ်များနှင့် အကျွမ်းတဝင်ရှိစေရန် အမြဲမပြတ်လေ့ကျင့်နေရန်နှင့် လုံခြုံရေး သတိ အမြဲထားရှိရန်ကိုလည်း မှာကြားသည်။ ဗိုလ်တထောင်    ရဲစခန်းနှင့် အိမ်ထောင်သည်လိုင်းခန်းများကိုလည်း အသစ်  တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ရန်ကင်းမြို့နယ် အမှတ်(၁၂)ရပ်ကွက်မှ ရပ်ရွာအခြေပြု အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သော အသက် ၆၅ နှစ်ရှိ ဦးထွန်းလူကလည်း ယခုလို ရပ်ကွက်အတွင်း တရား ဥပဒေစိုးမိုးရေးကို ပြည်သူများအနေဖြင့် ကိုယ်စီအသိဖြင့် တာဝန် ထမ်းဆောင်မှုအပေါ်     ရဲတပ်ဖွဲ့မှ    ပူးပေါင်းဆောင်ရွက်မှုကို အားရကျေနပ်ဝမ်းသာမိပါကြောင်း၊ တိုင်းရင်းသားမျိုးစုံရှိသော ဤရပ်ကွက်တွင် ယခုလို ရပ်ရွာအခြေပြုအဖွဲ့များ ထားရှိဆောင် ရွက်ခြင်းဖြင့်  မှုခင်းဖြစ်ပွားမှုကို   ကြိုတင်ကာကွယ်နိုင်ပြီဖြစ် ကြောင်းနှင့် ယခုလို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် အခြေပြု အဖွဲ့များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ၍ တရားဥပဒေစိုးမိုးမှု ဆောင်ရွက်မှုအပေါ်    ဆက်လက်လုပ်ဆောင်သွားနိုင်ရန်လည်း မျှော်လင့်ပါကြောင်း ပြောကြားသည်။
အတိတ်နိမိတ်ကောင်းများ ဖော်ဆောင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်ရှိသော မြို့နယ်များတွင် ရပ်ရွာအခြေပြုအဖွဲ့များ ဖွဲ့စည်း၍ ပြည်သူကိုဗဟိုပြုသော ရဲတပ်ဖွဲ့နှင့် ပြည်သူတို့ မှုခင်းကျဆင်း ရေးနှင့် တရားဥပဒေကျဆင်းရေးကို အရှိန်မပြတ် ဆောင်ရွက် လျက်ရှိရာ ၄၃ မြို့နယ်တွင် ဆောင်ရွက်ရန် ကျန်ရှိသည့် ခရိုင် လေးခုမှ ၁၉  မြို့နယ်ကို ဇန်နဝါရီ ၁ ရက်ကစ၍ ပိုင်းလော့ပရော့ဂျက် ကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။အရှေ့ပိုင်း ခရိုင်   ငါးမြို့နယ်တွင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ရန်ကင်း၊ ဒေါပုံ၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့တို့ကို လည်းကောင်း၊ အနောက် ပိုင်းခရိုင်ရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဒဂုံ၊ အလုံနှင့် ဆိပ်ကမ်းမြို့နယ်တို့ကို လည်းကောင်း၊ တောင်ပိုင်း ခရိုင်အတွင်းရှိ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ခရမ်းနှင့် သုံးခွ မြို့နယ်တို့နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ လှည်းကူး၊ တိုက်ကြီးနှင့် မှော်ဘီမြို့နယ်တို့တွင် မှုခင်းကျဆင်းရေးနှင့် တရာဥပဒေစိုးမိုရေး ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကိုခေတ်စနစ်နှင့်အညီ အခြားသောနိုင်ငံများနှင့် ရင်ပေါင်တန်း နိုင်ရန် ပြည်တွင်း၏ တရားဥပဒေစိုးမိုးရေးသည် အထူးပင်အရေး ပါလျက်ရှိသည်။ ဆက်လက်၍ မှုခင်းများကျဆင်းပြီး ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာအပန်းဖြေအနားယူနိုင်ရန် ရဲတပ်ဖွဲ့နှင့်အတူ ပြည်သူအားလုံး  ဝိုင်းဝန်းပူးပေါင်း လက်တွဲ ဆောင်ရွက်ခြင်းဖြင့်   အေးချမ်းသာယာပြည်မြန်မာဟူသော အတိတ်နိမိတ်ကောင်းများ ဖော်ဆောင်လျက် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဟန်ချက်ညီညီ တွဲလက်ချီကြပါစို့ ဟု ရေးသားလိုက်ရပါသည်။ သတင်းဆောင်းပါး -  သန်းထိုက်(လှိုင်သာယာ)မြန်​မာ့အလင်း

No comments:

Post a Comment