Latest News

Tuesday, February 13, 2018

ရန်ကုန်မြို့အတွင်း ပေါ်ထွက်လာနိုင်မယ့် လျှောက်လမ်း

ရန်ကုန်မြို့အတွင်း ပေါ်ထွက်လာနိုင်မယ့် လျှောက်လမ်း

ရန်ကုန်မြို့ဟာ အာရှမှာတော့ ရှေးဟောင်းမြို့ပြအဆောက်အအုံ ပေါများတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထား ပါတယ်။ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ အဆောက်အအုံတွေ ဟာ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ ယနေ့တိုင် မပျက်မယွင်း တည်ရှိနေတာကြောင့်        က္ဘာလှည့်ခရီးသွားတွေအတွက် လေ့လာကြည့်ရှုစရာအဖြစ် ဆွဲဆောင်မှုကောင်းကောင်းနဲ့ ရှိနေ ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့က ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်တွေအတွက် ရွှေတိဂုံ၊ အလံပြဘုရား၊ ဆူးလေစေတီနဲ့ ဗိုလ်တထောင်စေတီတို့ကို ဆက်သွယ်သွားလာနိုင်မယ့် လျှောက်လမ်းတစ်ခု ဖော်ဆောင်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ် လို့ ဆိုပါတယ်။

တကယ်တော့ ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်တစ်ခုလို ဖြစ်နေသလို ရှေးဟောင်းမြို့ပြအမွေအနှစ် အဆောက်အအုံတွေ ဟာ ခံ့ခံ့ထည်ထည်ရှိနေတာမို့ လူနဲ့ စက်ဘီးတွေ သွားလာနိုင်တဲ့ လျှောက်လမ်းစနစ်တစ်ခု ထွက်ပေါ်လာဖို့ဆိုတာ ကောင်းမွန်တဲ့ တင်ပြခြင်းပဲ ဖြစ်ပါတယ်။
လျှောက်လမ်းစနစ်ဖော်ဆောင်
မြန်မာနိုင်ငံကို    လာရောက်ကြတဲ့  ဧည့်သည်တွေဟာ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရှိကြပေမယ့် ရန်ကုန် မြို့ကိုတော့ ရောက်အောင်လာကြတဲ့ ဧည့်သည်တွေ များပြား ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့ဟာ နိုင်ငံတကာစီးပွား ရေးလုပ်ငန်းတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေ၊ အတတ်ပညာ သင်ကြားမှု တွေစတဲ့  ကိစ္စရပ်နဲ့  မဖြစ်မနေ လာရောက်ကြရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ လည်း နိုင်ငံတကာက ဧည့်သည်တွေ လေကြောင်းခရီးစဉ်နဲ့ လာရောက်ကြရာမှာ   အဓိကဝင်ပေါက်လေဆိပ်တစ်ခုအဖြစ် တည်ရှိနေတာမို့ အခုလို လျှောက်လမ်းစနစ် ဖောင်ဆောင်မှု ကြောင့် ဧည့်သည်တွေအတွက် စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခု အဖြစ် ထွက်ပေါ်လာမှာ သေချာပါတယ်။
အခုလို အဆိုပြုတင်ပြထားတဲ့ လျှောက်လမ်းဟာ ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်မှ စတင်ပြီး ရွှေတိဂုံဘုရားလမ်းမှ အလံပြဘုရားဆီသို့ လျှောက်လမ်းရှိနေမှာဖြစ်သလို အဲဒီအလံပြ ဘုရားမှနေပြီး   ဗိုလ်ရာညွန့်လမ်းနဲ့  ယောမင်းကြီးလမ်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း ဈေးကို ဖြတ်သန်းကာ ရွှေဘုံသာလမ်းတစ်လျှောက် ရောက်ရှိ လာမှာဖြစ်သလို ဆူးလေစေတီ၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ဘဏ် လမ်းအတိုင်း ဆက်တိုက်လာခဲ့ရင်တော့ ပန်းဆိုးတန်းအောက် လမ်း၊ ကမ်းနားလမ်းအတိုင်း ဗိုလ်တထောင်စေတီအထိ ရောက်ရှိ ပြီး လမ်းဆုံးမှာဖြစ်ပါတယ်။
ဘေးကင်းလုံခြုံမှုရှိစေရေး
ဒီလျှောက်လမ်းကို လမ်းလျှောက်သွားလာသူတွေအတွက် ရော စက်ဘီးစီးနင်းသူတွေအတွက်ပါ ဘေးကင်းလုံခြုံမှုရှိစေရေး ဆောင်ရွက်ပေးမည်ဆိုလျှင် မြန်မာနိုင်ငံကို လာရောက်လေ့လာ သူ ခရီးသည်များအတွက် ကျန်းမာရေးနဲ့ ဗဟုသုတလေ့လာ မြင်ကွင်းတွေကို စိတ်အေးချမ်းသာစွာ လမ်းလျှောက်လေ့လာ ကြည့်ရှုငေးမောနိုင်ကြမှာ ဖြစ်ပါတယ်။
အခုလို သတ်မှတ်ထားတဲ့ လျှောက်လမ်းစနစ် ထွက်ပေါ် လာခဲ့မယ်ဆိုရင်တော့ ရန်ကုန်မြို့မှာသာမကဘဲ မြန်မာနိုင်ငံမှာပါ ထင်ရှားတန်ခိုးကြီးတဲ့    ရွှေတိဂုံစေတီတော်ကြီးကို   ဖူးမြော် လေ့လာပြီးတာနဲ့ တောင်ဘက်မုခ်က စတင်ထွက်ခွာကာ ရွှေတိဂုံ ဘုရားလမ်းအတိုင်း လမ်းလျှောက် လာခဲ့ရင်တော့ အလံပြဘုရား ကို ရောက်ရှိမှာဖြစ်ပါတယ်။ သမိုင်းဝင် အလံပြဘုရားကို ဖူးမြော် လေ့လာပြီးရင်တော့ ဗိုလ်ရာညွန့်လမ်းနဲ့ ယောမင်းကြီးလမ်းအနီး ဝန်းကျင်ကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာဘုရင်များ လက်ထက် ထင်ရှားခဲ့တဲ့ ယောမင်းကြီးရဲ့ ဘဝ ဖြစ်စဉ်နဲ့ နိုင်ငံ အတွက် ကြိုးစားဆောင်ရွက်ခဲ့မှုတွေ၊ ကိုလိုနီနယ်ချဲ့လက်အောက် မြန်မာနိုင်ငံ ကျရောက်စဉ်မှာ နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်ခဲ့တဲ့ ဗိုလ်ရာညွန့်တို့အကြောင်းတွေကို ပြန်သတိရစေသလို လမ်းပတ်ဝန်းကျင်ရဲ့ လူနေအဆောက်အအုံတွေနဲ့ နေထိုင်မှုဘဝ တွေကိုလည်း လျှပ်တစ်ပြက် လေ့လာနိုင်မှာဖြစ်ပါတယ်။
ရှေးခေတ်လက်ရာတွေနဲ့ ခင်းကျင်း
အဲဒီကမှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းဈေးကို ဖြတ်သန်း တဲ့အခါ နာမည်ကျော် ဗိုလ်ချုပ်အောင်ဆန်းဈေး အဆောက်အအုံ တည်ဆောက်ထားတဲ့ ရှေးခေတ်လက်ရာတွေနဲ့ ခင်းကျင်း ရောင်းချနေတဲ့ အနေအထားကို လက်တွေ့ပါဝင် စီးမျောလေ့လာ နိုင်မှာဖြစ်ပါ တယ်။ မြန်မာလက်မှုအဝတ်အထည်တွေ၊ ခေတ်မီ အဝတ်အထည်အသုံးအဆောင်တွေအပြင် မြန်မာနိုင်ငံ ပန်းချီ ပညာရှင်များ ရုံးခန်းနဲ့ အောက်ထပ်မှာ ပြခန်းတွေရှိတာမို့ ပန်းချီ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်သလို ပြခန်းမှ ပန်းချီကား တွေကိုလည်း လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဈေးကထွက်လာရင်တော့ ရွှေဘုံသာ လမ်းအတိုင်း ဆက်လက်လာခဲ့ရင် ရန်ကုန်မြို့တွင်းရဲ့ လမ်းစနစ်နဲ့ အိမ်ခြေတိုက်တာ အဆောက်အအုံတွေ၊  လမ်းဘေးဈေးဆိုင် ရောင်းချမှုတွေကို ကြည့်ရှုရင်း ကိုယ်နဲ့ အသုံးတည့်မယ့် ပစ္စည်း တွေကို ဈေးဆစ်ရင်း ဝယ်ယူလို့ ရနိုင်ပါတယ်။ ဘာသာရေး အဆောက်အအုံတွေနဲ့ ရှေးခေတ်လက်ရာ အဆောက်အအုံတွေ ကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပြီး တစ်ချိန်က ရွှေဆိုင်တွေ ဟည်းထ နေတဲ့  ရွှေဘုံသာလမ်းရဲ့   လက်ရှိအခြေအနေကိုလည်း တွေ့မြင်အကဲခတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ အလယ်ဗဟိုအထိမ်းအမှတ်
အဲဒီလမ်းကနေပြီး ဆူးလေစေတီကို ဦးတည်လျှောက် လာခဲ့ရင်တော့ ထူးခြားတဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ထား ကိုးကွယ်ထားတဲ့  ဆူးလေစေတီကို တက်ရောက်ဖူးမြော်နိုင်မှာဖြစ်ပါတယ်။ ဆူးလေစေတီပတ်လမ်းမှာရှိတဲ့ ဆိုင်ခန်းတွေနဲ့ စေတီခြေရင်းပတ်လည် ကားလမ်းက ဝလုံးပုံသ္ဌာန်ပတ်ပြီး ဖောက်လုပ်ထားတာကလည်း ထူးခြားမှုတစ်ခုပါပဲ။ ရှေးခေတ်က ရန်ကုန်မြို့ရဲ့ အလယ်ဗဟို အထိမ်းအမှတ်အဖြစ် ဆူးလေစေတီ ကိုသာ ဦးတည်ခဲ့ကြောင်း သိရပါတယ်။
လေ့လာကြည့်ရှုနိုင်
ဆူးလေစေတီအနီးမှာ ရှေးခေတ်လက်ရာတွေနဲ့ ၁၉၃ဝ ပြည့်နှစ်ခန့်က တည်ဆောက်ခဲ့တဲ့ မြို့တော်ခန်းမအဆောက်အအုံ၊ ၁၉၁ဝ ပြည့်နှစ်က တည်ဆောက်ခဲ့တဲ့ ရိုးကုမ္ပဏီအဆောက်အအုံ တွေကို သွားရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ အဲ့ဒီကတစ်ဆင့် ပန်းဆိုးတန်းလမ်းကို ရောက်ရင်တော့ ပန်းဆိုးတန်းနဲ့ မဟာ ဗန္ဓုလလမ်းထောင့်မှာရှိတဲ့ ဗဟိုကြေးနန်းရုံး အဆောက်အအုံကို လေ့လာနိုင်သလို မဟာဗန္ဓုလပန်းခြံမှာလည်း ဝင်ရောက်ပြီး အပန်းဖြေနိုင်ပါတယ်။    
ပန်းဆိုးတန်းလမ်းမှာ ရှေးခေတ်လက်ရာ အဆောက်အအုံ ဖြစ်တဲ့ ဗဟိုတရားရုံးကြီး ရှိနေသလို ပန်းဆိုးတန်းလမ်းနဲ့ ကမ်းနား လမ်းထောင့်မှာတော့ ဆိပ်ကမ်းအာဏာပိုင်ရုံး အဆောက်အအုံကြီးတည်ရှိနေပါတယ်။ ဒီအဆောက်အအုံတွေဟာ နှစ်ပေါင်း ရာကျော်သက်တမ်းရှိနေတာမို့ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာကောင်းနေမှာပါ။
ကမ်းနားလမ်းအတိုင်း လျှောက်လာခဲ့ရင်တော့ ၁၉ဝ၂ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ နာမည်ကြီး စထရင်းဟိုတယ်ရှိနေပြီး မြန်မာ့သမိုင်းမှာ ပါဝင်ခဲ့တဲ့  ဘုံဘေဘားမားကုန်သွယ်ရေးကော်ပိုရေးရှင်းအဆောက်အအုံလည်း ကမ်းနားလမ်းမှာ ရှိနေပါတယ်။ ဆက်လက်ပြီး လျှောက်ခဲ့ရင်တော့ ဗိုလ်တထောင်စေတီကို ရောက်ရှိပြီး ဖူးမြော်နိုင်မှာဖြစ်သလို ရန်ကုန်မြစ်ကမ်းမှ ရှုခင်းကိုလည်း မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အဲဒီလျှောက်လမ်း ထွက်ပေါ်လာခဲ့မယ်ဆိုရင် လုံခြုံဘေးကင်းမှုကို ဦးစားပေးပြီး အကောင်အထည်ဖော်ခဲ့ပါက စားသောက်ဆိုင်တွေ၊ ပစ္စည်းရောင်းချမှုတွေ၊ စီးပွားရေးလုပ်ငန်းငယ်တွေ တစ်ဖက်တစ်လမ်းမှ ရောင်းအားမြင့်လာနိုင်သလို ခရီးသွား  လုပ်ငန်းအတွက်လည်း အထောက်အကူပေးနိုင်မယ်လို့ ယုံကြည်နေတာတော့ အမှန်ပါပဲ။ ။
ဝေယံဦး(မြန်​မာ့အလင်း)

No comments:

Post a Comment