Latest News

Thursday, January 4, 2018

ဂျာနယ်လစ် ဖြစ်ချင်ရင် ကျောင်း မတက်နဲ့။သတင်းရှိတဲ့နေရာစုံစမ်း၊ပြီးရင်ရောက်အောင်သွား (The Pirates)




(ဂျာနယ်လစ် ဖြစ်ချင်ရင် ကျောင်း မတက်နဲ့။သတင်းရှိတဲ့နေရာစုံစမ်း၊ပြီးရင်ရောက်အောင်သွား )၊ တဲ့

ကနေဒါ နိုင်ငံသား ဂျေးဗဟာဒူး ကို သူ လေးစားရတဲ့ စာရေးဆရာ ဆေးမော် တိုလ်ဘင် က ပြောလိုက်တာပါ။ဟားဘတ် တက္ကသိုလ် ကို မသွားစမ်းပါနဲ့တဲ့။ အာဖရိက သွားမလား၊ အရှေ့တောင်အာရှ သွားမလား၊ ရွေးစမ်း တဲ့၊ ဘယ်နေရာက ပြဿနာ အဖြစ်များလဲ၊အပြောင်းအလဲ ရှိနိုင်လဲ တဲ့။

သူနဲ့ တွေ့လိုက်တော့ ဂျေး စဉ်းစားခန်း ဝင် သွားရပါတယ်။ဟုတ်တယ်။ဂျေး ရဲ့ခေါင်းထဲကို ဆိုမာလီယာ နိုင်ငံ ရောက် နေတယ်။ ဆိုမာလီယာ ဟာ ပင်လယ် ဓါးပြ နိုင်ငံ လို့ ကျော်ကြားနေတယ်။ဒါတောင် ရွေးကောက်ပွဲ လုပ်ပြီး တက်လာတဲ့ အစိုးရရှိနေတာ။ဘာပြဿနာ မှ မဖြစ်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားခဲ့တဲ့ ရွေးကောက်ပွဲ။အမေရိကားလို ကနေဒါလို ရှုတ်ရှုတ် ရှက်ရှက် ဘာ မှ ဖြစ် ခဲ့ တာ မဟုတ်ဘူး။ဒါပေမဲ့ ကမ္ဘာ့ သတင်းတွေ မှာ ဆိုမာလီယာ နိုင်ငံ ကတော့ နာမည်ဆိုး နဲ့ ကျော် နေလေရဲ့။

၂၀၀၈ ခုနှစ် မှာ ဂျေး ဟာ ဆိုမာလီယာကို ရောက်ခဲ့တယ်။ သမ္မတ နဲ့လဲ တွေ့ခဲ့ရတယ်။ အင်တာဗျူးလဲ လုပ်ခွင့်ရခဲ့တယ်။ဆိုမာလီယာ ပင်လယ် ဓါးပြတွေနဲ့လဲ တွေ့ခဲ့ရတယ်။သူတို့ ရဲ့ တကဲ့ အဖြစ်မှန် တွေကို နားလည်ခဲ့ရတယ်။သူတို့ဘာလို့ ဓါးပြတိုက်နေရတာလဲ။

(ဒီမိုကရေစီ ဆိုတာ ခင်ဗျားတို့ ဖြစ်စေချင်သလို ဖြစ်ရမှ ဒီမိုကရေစီ ခေါ် ကြမှာလား။ ဆိုမာလီယာ ဟာ ဘယ်တော့မှ ကနေဒါ၊ အမေရိကား ဖြစ်လာမှာ မဟုတ်ဘူး။)

ဂျေး ဗဟာဒူး ကနေဒါနိုင်ငံ ပြန်ရောက်တော့လေယာဉ်ပေါ်က မဆင်းရသေးဖူး၊ စာတို ၂၃၅စောင်ရလိုက်တယ်။သူ့အတွေ့အကြုံ တွေကို စာအုပ်ထုတ်ချင်သူတွေက ပို့လိုက်ကြတာပါ။တခါ CSIS ခေါ် တဲ့ ကနေဒါ ထောက်လှမ်းရေး က အသင့်ကြိုနေလေတယ်။ ကနေဒါ တရားရေး ဌာ နက သူ့ကို ခေါ် မေး လေ တော့ သူ ပြန် ဖြေ ရတော့တာပေါ့။ ကနေဒါ အစိုးရ နဲ့ အမေရိကန် အစိုးရ တို့က ပုံဖော် ထားကြသလို၊ သတင်း ဌာန တွေက ဖော်ပြနေသလို ဆိုမာလီယာ ဟာ ဓါးပြတိုက်စား နေတဲ့ နိုင်ငံ မဟုတ်ဘူး ဆိုတာ ကို သူ က ရှင်းပြခဲ့ပါတယ်။

အသက်၂၄ နှစ် အရွယ် ကနေဒါ လူငယ်လေးတစ်ယောက်ရဲ့ ပွင့်လင်းလွတ်လပ်တဲ့ အမြင်တွေကို တွေ့ လိုက်ရတယ်။သူ့အသက် ၂၇ နှစ်သားမှာ ဆိုမာလီယာက ပင်လယ်ဓားပြများ ဆိုတဲ့ စာအုပ်ကိုထုတ်ဝေ ခွင့်ရလိုက်တယ်။အကြီး အကျယ် အောင်မြင် တဲ့ စာအုပ် ဖြစ်ခဲ့သလိုနယူးယောက်ပိုစ့်၊ဖိုင်နန်ရှယ် တိုင်းမ် တို့ရဲ့ သတင်းစာဆရာကြီး ဖြစ်သွားပါပြီ။CBS သတင်းဌာနရဲ့ ဆရာတစ်ဆူလဲ ဖြစ်နေသလို အမေရိကန် အစိုးရ ရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မီတီ ရဲ့ အကြံပေး ဆရာ လဲ ဖြစ် နေပါပြီ။

အခု သူ့အကြောင်းကို သူ့စာအုပ်နာမည် အတိုင်း The pirates of somalia အမည် နဲ့ ရုပ်ရှင် ရိုက်ထုတ်လိုက်ပါပြီ။လူငယ် တစ်ယောက်ရဲ့ ဘဝ၊ရုန်းကန်မှု၊ စွန့်လွှတ်မှု တို့ကိုတွေ့ရပါတယ်။ကျွန်တော် သဘော အကျဆုံး မြင်ကွင်းကတော့ ဂျေးဟာ သူ့  အစိုးရ နဲ့ မတူညီ တဲ့ အမြင် ကို သူ့ အစိုးရ ရှေ့မှာ ရဲရဲတင်းတင်း ပြောခွင့်ရတာပါပဲ။ပိုပြီး နှစ်ခြိုက်စရာကတော့ သူ့စာအုပ်ထွက်အပြီး ၂၀၁၃ ခုနှစ် မှာ အမေရိကန် အစိုးရ က ပေါ်လစီ ပြောင်းလဲ ပြီး ဆိုမာလီယာ နိုင်ငံ နဲ့ပထမဆုံး သံ တမန် ဆက် ဆံ မှု စတင်လိုက်တာပါပဲ။

အပြောင်းအလဲ လိုချင် သူတွေ ကိုယ်တိုင်က အပြောင်းအလဲ ကို ဖန် တည်း ခွင့် ရကြတဲ့ နိုင်ငံ နဲ့ ပတ်ဝန်းကျင်ဟာ အားကျစရာပါ။ဒါကြောင့်လဲ သူတို့နိုင်ငံက အသက်၂၄နှစ်အရွယ် လူငယ် တစ်ယောက်ဟာ တခြားနိုင်ငံ တစ်ခု ရဲ့အပြောင်းအလဲ အတွက် စွန့်စားပြီးသွားနေချိန်မှာ ကျွန်တော် တို့ဆီက အသက် ၂၄နှစ်သားလေးတွေက ကလို့ မူးလို့ ကောင်းနေတုန်း။
ဇာဂနာ

(ဇာတ်ကား မရောက်ရောက်အောင် ပို့ပေးလာတဲ့ Thant Sin Aung ကိုလဲ ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment