🌟ကမ်းကုန်အောင်ယုတ်မာသူ 🌟
ဖြစ်ရပ်မှန်- (အပိုင်း-၁ / အပိုင်း-၂ )
**************************************
တရားသူကြီးက ကျွန်မကို အမိန့်ချတယ်...။
"အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း" ... တဲ့... ။
အဲဒီနေ့ဟာ ကျွန်မဘဝရဲ့ အပျော်ဆုံးနေ့တစ်နေ့ပါပဲ...။
( ဂျွန်းကို)
**************************************
🌟အပိုင်း-၁
ကျုပ်နာမည် ဖုတိုရှိ မာဆုနာဂါ ..။
Futoshi Matsunaga...။
ကျုပ် အထက်တန်းကျောင်းသားတုန်းကပေါ့..။အလယ်တန်းကျောင်းသူတစ်ယောက် ကျုပ်ကြောင့် ကိုယ်ဝန်ရခဲ့တယ်။
ကျောင်းအုပ်ကြီးက ကျုပ်ကို ကျောင်းထုတ်ပစ်လိုက်တယ်။ ယောက်ျားလေးချည်းတက်တဲ့ကျောင်း ပြောင်းတက်ခဲ့ရတယ်။
၁၉၈၀ ခုနှစ်
ကျုပ် မိန်းမယူလိုက်တယ်..။
ကျုပ် အသက် ၁၉ နှစ် ...
သားတစ်ယောက်ရတယ်..။
ဒါများ အဆန်းလုပ်လို့..။ မိန်းမနဲ့ကလေးကို အိမ်ထဲမှာပစ်ထားပြီး အခြားမိန်းမတွေနဲ့ ရည်းစားထားပစ်လိုက်တယ်..။
၉ ယောက်တစ်ပြိုင်တည်း...။ အားလုံး လင်ရှိမယားတွေပဲ..။
ဗျာ?!? ဘာလို့ သူများမယားတွေကိုမှ ရွေးပြီး စော်ကားတာလဲ..?
ဒါမှ အကြပ်ကိုင် ပိုက်ဆံခြူလို့ ရမှာပေါ့ဗျ..။
အလကားလည် အိပ်လို့ရတယ်..ဟန်ကျတယ်ဗျ..။
**************************************
၁၉၈၂ အောက်တိုဘာ
ကျုပ် အထက်တန်းကျောင်းတုန်းက ကျောင်းသားဓာတ်ပုံစာအုပ်ထဲမှာ ဂျွန်းကို Junko ဆိုတဲ့ ကျောင်းတုန်းက အတန်းဖော်ဓာတ်ပုံကို သွားတွေ့တယ်..။
ဒီကောင်မ အထက်တန်းတုန်းက ကျုပ်ကို ကြိတ်ကြွေနေခဲ့တာ သိတာပေါ့..။
အခု သူက မူကြိုကျောင်းဆရာမ ဖြစ်နေပြီ..။ ဒီကောင်မအကြောင်း ဆက်စုံစမ်းတော့ မိဘတွေက ချမ်းသာတယ်...။ ချမ်းသာတာ အဓိကပစ်မှတ်ပေါ့..။
အင်း...ဒီကောင်မကို အလွတ်ပေးလို့မဖြစ်ဘူး...။ ကျုပ်ရဲ့ ၁၀ ယောက်မြောက်ရည်းစား ဖြစ်ရမယ်...။
**************************************
၁၉၈၃ ခုနှစ်
ကျုပ်မိဘတွေက ဂျပန်ရိုးရာ အိပ်ရာခင်းနဲ့ စောင်လုပ်ငန်းလုပ်တယ်။
ကျောင်းပြီးတော့ ကျုပ်မိဘတွေဆီမှာ ကျုပ် အလုပ်ဝင်တယ်..။
၁၉၈၅ ခုနှစ်
ကျုပ် World ဆိုတဲ့အမည်နဲ့ ကုမ္ပဏီလက်ခွဲထောင်လိုက်ပြီး အလုပ်သမားတွေကို ကိုင်တွယ်အုပ်ချုပ်တဲ့ စနစ်ပြောင်းလိုက်တယ်..။
အိပ်ရာခင်းနဲ့စောင်တွေကို ရောင်းမထွက်ရင် အလုပ်သမားတွေကို ရောင်းခိုင်းတယ်...။
မရောင်းနိုင်ရင် သူတို့ကို စက်ရုံ အထပ် ၃ ထပ်ကိုခေါ်သွားပြီး လျှပ်စစ်ကျဉ်စက်ခုံပေါ်တင်ပြီး ကျုပ်သူတို့ကို ရှော့ခ်ရိုက်ပစ်တယ်။
ကျုပ်က ဒီအလုပ်သမားတွေမှာ ကပ်နေတဲ့"မကောင်းတဲ့ဝိညာဉ်တွေ (evil spirits) "ဖယ်ပေးတာလေ..။
ပြီးတော့ သူတို့ကို ကျုပ်ဟာ ကယ်တင်ရှင် ( Messiah ) ဖြစ်ကြောင်း ပြောပြတယ်။
သူတို့အားလုံး ကျုပ်ရဲ့သားကောင်တွေ ဖြစ်လာတယ်..။
လျှပ်စစ်ကျဉ်စက်နဲ့ရှော့ခ်ရိုက်တာ ကျုပ်ဝါသနာဗျ...။ ဓာတ်လိုက်ခံရတဲ့ သူတို့တစ်တွေ နာလွန်းလို့ တွန့်တက်ပြီး သေမတတ်ဖြစ်နေတာကို ကြည့်ရတာ အရသာရှိတယ်...။
အလုပ်ထွက်ရင် ယာခူဇာလူမိုက်တွေနဲ့ မိသားစုလိုက်သတ်ပစ်မယ် ကြိမ်းထားတော့ သူတို့တစ်တွေ ကျုပ် ဘာပဲလုပ်လုပ် ခံရတဲ့ဘဝတွေပေါ့ဗျာ..။
အလုပ်သမားတွေလဲ ကယ်တင်ရှင်ကြီးဖြစ်တဲ့ကျုပ်ကို ရှိသမျှငွေတွေနဲ့ ပူဇော်ကြတာပဲဗျာ..။
ဒီအလုပ်သမားတွေဆီက ငွေ ယန်း (yen) သန်း ၁၈၀ကျော် ရလိုက်တယ်ဗျ..။
**************************************
ဂျွန်းကို... ဂျွန်းကို...။
အတော် ရိုးအ,ပြီး ကလေးတွေချစ်တဲ့ ဆရာမလေးမို့ ကျုပ်မျက်စိထဲမှာ ကြည့်ကောင်းလာတယ်..။ လူတွေပြောကြတဲ့ အချစ်ဆိုတာများလား ..ဘာလားပေါ့ဗျာ..။
တစ်နေ့ ဂျွန်းကိုက သူမအလုပ်လုပ်နေတဲ့ ကလေးထိန်းကျောင်းက ကလေးတစ်ယောက် ချော်လဲတယ်။ ကလေးရဲ့မိဘတွေက မကျေနပ်ကြဘူး။ သူတို့က လူမိုက်တွေလေ...။ လူမိုက်က ဂျွန်းကိုနဲ့ သူမရဲ့ကျောင်းကို ကြိမ်းဝါး နှောင့်ယှက်နေလို့ ကျုပ်ကို အကူအညီတောင်းတယ်..။
ဟန်ကျသွားတာပေါ့..။ ကျုပ် ဂျွန်းကိုဆိုတဲ့ကောင်မကိုရဖို့ ကြာကြာမကြိုးစားလိုက်ရပါဘူး။ ကျုပ်ကို ပြန်ကြိုက်တယ်။
လင်ရှိမယားတွေနဲ့က အိပ်ခန်းထဲမှာပဲတွေ့ရတာ။ ဂျွန်းကိုနဲ့ကျ အပြင်မှာ ရဲရဲတင်းတင်းပေါ့ဗျာ..။
**************************************
ဖုတိုရှိ မာဆုနာဂါ (Futoshi Matsunaga )သည် ဂျပန်နိုင်ငံ၊ ခိုခုရခိသရပ်ကွက်၊ ကျူးရှူး မြောက်ပိုင်းခရိုင် (Kokurakita-ku, Kitakyūshū) ၁၉၆၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။
မိဘများက အလယ်အလတ်တန်းစား စားနိုင်သောက်နိုင်ထဲကဖြစ်သည်။ သူသည် ငယ်စဉ်က စာတော်ခဲ့သော်လည်း အထက်တန်းကျောင်းသားဘဝမှစ၍ အကျင့်ပျက်လာခဲ့သည်။
အပြင်ပန်းတွင် စကားပြောကောင်း၍ အလွန်ယဉ်ကျေးချိုသာသောသူအဖြစ် နေထိုင်သော်လည်း လက်တွေ့ဘဝတွင် မာဆုနာဂါသည် အလွန်သဝန်တိုသော၊ ဝမ်းနည်းတတ်သော၊ ရက်စက်ကြမ်းကြုတ်သော၊ တစ်ကိုယ်ကောင်းဆန်သော၊ အမျိုးမျိုး လိမ်လည်တတ်သော ကလိမ်ကကျစ်တစ်ယောက်ဖြစ်သည်။
မာဆုနာဂါသည် ဂျပန်နိုင်ငံ၏ မှုခင်းသမိုင်းတွင် အလွန်ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော မကောင်းဆိုးဝါးတစ်ယောက်အဖြစ် သတ်မှတ်ခံရသူဖြစ်ခဲ့သည်။
**************************************
🌟အပိုင်း-၂
ကျွန်မနာမည် ဂျွန်းကို ပါ...။
ကျွန်မနဲ့ မာဆုနာဂါဆိုတဲ့ ကိုလူချော ပြန်ဆုံခဲ့ကြတယ်။ ဟုတ်တယ်...သူက သိပ်ချောတာရှင့်.. ။
ကျွန်မ အထက်တန်းကျောင်းတုန်းက သူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့...။
ပထမတော့ သူ့မှာမိန်းမရှိနေတာမို့ ကျွန်မ ရှောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတော့ သနားမိတယ်...။
အမှန်တော့ မာဆုနာဂါဟာ ကျွန်မ ငယ်ငယ်လေးကတည်းက တစ်ဖက်သတ် ခိုးချစ်ခဲ့ရတဲ့သူပေါ့...။
သူက ကျွန်မရဲ့အခက်အခဲကို ကူညီတယ်..။ တကယ်ပဲ ကျွန်မကို သိပ်ချစ်ပုံရတယ်..။ ကျွန်မ တင်းမထားနိုင်ခဲ့ဘူး။ ဒီလိုနဲ့ သူနဲ့ကျွန်မ ချစ်သူတွေဖြစ်သွားကြတယ်လေ...။
**************************************
တစ်နေ့ ကျွန်မက အတိတ်မှာ ရည်းစားတစ်ယောက်ရှိခဲ့ကြောင်း သူ့ကိုပြောပြခဲ့တယ်။
အဲဒီနေ့ကစပြီး ကျွန်မဘဝရဲ့ အမည်းရောင်နေ့ရက်တွေ စတင်ခဲ့တော့တာပါပဲ...။
" မင်းဒိုင်ယာရီ ယူလာစမ်း"
သူ ကျွန်မကို ဒိုင်ယာယီတစ်ရွက်ချင်း ဖတ်ခိုင်းပြီး ...
" သြ... ဘာတဲ့... ဒီကောင့်ကို ရင်ခုန်တယ်။ ဟုတ်ပြီ..."
သူ ကျွန်မပါးကို တစ်ချက်ချင်း ရိုက်တယ်...။
ကျွန်မပါးစပ်က သွေးတွေ ကျလာတယ်။ ကျွန်မကို တစ်ညလုံး အိပ်ခွင့်မပေးဘူး။ ဆက်တိုက် ရိုက်တယ်။ သူ့ကို အသနားခံတယ်။ မရဘူး ... ။ သူ လူစိတ်ပျောက်သွားတော့တယ်..။
အဲဒီနေ့ကစပြီး ဂျွန်းကိုဆိုတဲ့ကျွန်မကို သူ နေ့တိုင်းရိုက်တယ်..။
**************************************
ကျွန်မ သူ့ကို ချစ်လွန်းလို့ မခွဲနိုင်လို့ ဆက်ပြီးအရိုက်ခံတယ်... ။ အသနားခံတယ်...။
"ကျွန်မ ဘာဆက်လုပ်ရမလဲ..? ကျွန်မ ရှင့်ကိုပဲချစ်တာပါ။ ဘယ်လိုသက်သေပြရမလဲ အစ်ကိုရယ်.."
"မင်းအင်္ကျီ ချွတ်လိုက်..."
မာဆုနာဂါဟာ ဆေးလိပ်မီးစရဲရဲနဲ့တို့ပြီး ကျွန်မရဲ့ လက်မောင်းပေါ်မှာ သူ့နာမည်ကို ကျွန်မကိုယ်တိုင် ရေးစေတယ်..။
ရပါတယ် အစ်ကိုရယ်...။ ကျွန်မ အစ်ကိုစိတ်ချမ်းသာမယ်ဆိုရင် ဘာမဆိုလုပ်ရဲပါတယ်...။
ကျွန်မလက်မောင်းတစ်ခုလုံး ဆေးလိပ်မီးလောင်ဒဏ်ရာတွေနဲ့ ရောင်ကိုင်းနေရောပဲ..။
ပြီးတော့ သူက ကျွန်မပေါင်နဲ့ ညာဖက်ရင်သားပေါ်မှာ သူ့နာမည် အပ်နဲ့ တက်တူးထိုးခိုင်းတယ်..။
**************************************
ဒါပေမယ့် သူ စိတ်မပြေဘူး ..။
ရိုက်မြဲရိုက်တယ်.. ။
၁၉၈၄ ခုနှစ်...။
ကျွန်မဟာ စိတ်ဖိစီးမှုတွေကြောင့် မစားနိုင်၊ မအိပ်နိုင် သူ့ဆီကပြေးထွက်ချင်ပေမယ့် သူက ခွင့်မပြုပြန်ဘူး။
ကျွန်မ မူကြိုကျောင်းမှာ သတိမေ့လဲကျသွားပြီး ကျွန်မမိဘတွေအိမ်ကို အပို့ခံရတယ်..။
"နှုတ်ဆက်ခဲ့ပါတယ် … အစ်ကို၊ ကျွန်မ နာကျင်လှပါပြီ.."
မိဘတွေအိမ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတယ်။ ဒါပေမယ့် ကျွန်မ မအောင်မြင်ခဲ့ပါဘူး။
ဒါကို သူသိသွားပြီး သူ ကျွန်မကို ပိုပြီးဒေါသဖြစ်သွားတယ်။
သူက ဒေါသတကြီးနဲ့ အော်တယ်...။
"ဂျွန်းကို.. ကောင်မ .. မင်း ငါ့ဘဝထဲက အသေထွက် ထွက်ဖို့ ကြိုးစားတယ်ပေါ့..."
**************************************
ဂျွန်းကို အိုဂါတ (Junko Ogata) သည် Kurume, Fukuoka Prefecture တွင် ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့သူတစ်ယောက်ဖြစ်သည်။
သူမသည် ငယ်စဉ်ကတည်းက ချမ်းသာကြွယ်ဝပြီး အပူအပင်ကင်းမဲ့စွာ နေထိုင်ခဲ့သူဖြစ်သည်..။
သူမမိသားစုသည် မိဘမျိုးရိုးလိုက် ရိုးသားကြိုးစား၍ သူတစ်ပါးအပေါ် အလွန်အားနာတတ်သော အရှက်အကြောက်ကြီးသည့် မိသားစုဖြစ်သည်။
သူမတွင် ညီမလေးတစ်ဦးရှိပြီး လေးကို အိုဂါတ ( Reigo Ogata ) ဟူ၍ဖြစ်သည်။
နောက်ပိုင်းတွင် ဂျွန်းကိုသည် မာဆွတ်နာဂါနှင့် သားနှစ်ယောက် ဖွားမြင်ခဲ့သည်။
**************************************
မရွှေမိုး (ကိုရီးယား)
January 22nd,2018.
မနက်ဖြန် ည အပိုင်း ၃-၄ ဆက်တင်ပါမည်..။
- ကမ်းကုန်အောင်ယုတ်မာ ၁-၂
- ကမ်းကုန်အောင်ယုတ်မာသူ ၃-၎
- ကမ်းကုန်အောင်ယုတ်မာသူ ၅-၆
- ကမ်းကုန်အောင်ယုတ်မာသူ ၇-၈
No comments:
Post a Comment