Latest News

Friday, January 5, 2018

လိပ်ခဲတည်းလဲ ကျောက်မျက် ဥပဒေ နှင့် အိနြေ္ဒမရသော ရေမဆေးများ ....



အထပ်ထပ်ပေါလစ်တင် ၊အခေါက်ခေါက်အခါခါ ပြင်ဆင်ခဲ့သော မြန်မာ့ကျောက်မျက်ရတနာဥပဒေဟာ အခြေခံလူတန်းစား ပြည်သူများအတွက် မတော်တဆ ဖိတ်စင်လာသော အခွင့်ရေးလေးတောင် မရှိခဲ့သည်မှာ ယနေ့အချိန်ထိ ဟု ပြောဆိုလျှင် မှားအံ့မထင်ပါ ။ခေတ်အဆက်ဆက် ဥပဒေပညာရှိများ ထုဆစ်ရေးဆွဲနေသော မြန်မာ့ကျောက်မျက်ရတနာ ဥပဒေသည် ရုပ်လုံးပေါ်မလာသေးပဲ ပြည်သူဘက်ကို မျက်နှာမူဘို့ လိပ်ခဲတည်းလည်း ဖြစ်နေသည် ။
လူနည်းစုကောင်းစားရေး အတွက် အာဏာရှင် မင်းအဆက်ဆက် ရေးဆွဲခဲ့လို့ တက်မလာသော မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို မချစ်ပဲနှင့် နှစ်ပေါင်းများစွာ အောင့်နမ်းခဲ့ရသော်လည်း ပြည်သူကောင်းစားရေး ရှေ့ရှုသော ဒီမိုကရေစီ မင်းနှစ်ဆက်ကို ဖြတ်သန်းဝင်ရောက်လာခဲ့သည်မှာ ၇ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည် ။ အချိန်ကာလကို ခွဲခြားပြောဆိုရလျှင် စစ်ဗိုလ်လူထွက် ဦးသိန်းစိန် ဒီမိုကရေစီ အစိုးရလက်ထက်တွင် ငါးနှစ်ဖြတ်သတ်ခဲ့ပြီးဖြစ်သည် ။၎င်းလက်ထက်တွင် ပြည်သူအတွက် ပြုပြင်ပေးတာလိုလို ၊နောင်လာနောင်သားအတွက် ငဲ့တာလိုလိုနှင့် အကြီးစား တူးဖော်မှုစနစ်ကို ပယ်ဖျက်ခဲ့ပြီး အလက်စား အသေးစား ဆိုပြီး အသံကောင်း ဟစ်ခါ ပြုပြင်ခဲ့ကြည် ။နွားမကြီးကို ဖွဲနုကြွေးပြီး နွားနို့ ညှစ်ယူသလို ဖြစ်နေသည် ။ ပြည်သူများသည် သယံဇာတ၏ အကျိုးအမြတ်များကို မခံစားရသော်လည်း ခေတ်အဆက်ဆက် သီးခံကြသည် ။

ပြည်သူ့ဝင်ငွေကို အများဆုံး ဖြည့်ဆည်းပေးနိုင်သော ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို အဘယ်ကြောင့် အစိုးရမင်းများ အဆက်ဆက်က လျစ်လျူရှုနေသည်ကို ပွင့်လင်းပြင်သာမှုရှိလာသော ယနေ့ခေတ်တွင် တစတစနှင့် သိလာရသည် ။အဓိက လက်သည်တရားခံသည် သန္ဓေမမှန်ခဲ့သော၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ နှင့် နည်းဥပဒေ ဖြစ်သည် ။ သန္ဓေမမှန်သော ထိုဥပဒေ နှင့် နည်းဥပဒေ များကို စံထားမှီခို၍ ရေးဆွဲနေခြင်းသည် ဂျွဲဂျို ကို ဖြူမည်ထင်ပြီး ပုလင်းကွဲဖြင့် ခြစ်နေသည်နှင့် တူလှပါသည် ။မူမှန် လမ်းမှန် မဟုတ်သော ဥပဒေအဟောင်းကြီးကို လက်ကိုင်ကျမ်းသဖွယ် ကိုးကားရေးဆွဲနေခြင်းသည် ရေဆန်ကို တက်အကျိုးနှင့်လှော်နေသလို ဖြစ်နေပါသည် ။

ထိုဥပဒေ /နည်းဥပဒေများသည် ရေးဆွဲစဉ်ကာလ ကတည်းကလည်း အာဏာရှင်တစ်စုမှ လူတစ်စုအတွက် ရေးဆွဲထားသည်ကို စေ့စပ်သေချာစွာ လေ့လာကြည့်လျှင် အထင်းသားတွေ့မြင်နိုင်သလို လက်ရှိဖြစ်ပျက်နေသော မြေပြင်အခြေအနေများနှင့်လည်း လက်တွေ့ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးလျှင်လည်း ရနိုင်ပါသည် ။ဥပဒေကို လူတစုစာအတွက် တင်းတင်းကြပ်ကြပ်ရေးဆွဲထားပြီး ပြည်သူကို ဟ ပေးထားသည် ။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူများကို နိုင်ငံရေးအရ လိုသလိုပုံသွင်း၍မရသည့်အခါ၌ဖြစ်စေ ၊ လူတစ်စုက ၎င်းတို့၏အကျိုးစီးပွားများ ဆုံးရှုံးသည့်အခါ၌ဖြစ်စေ ဥပဒေအတိုင်းဟုဆိုကာ ဖမ်းဆီးအရေးယူတာတွေ လုပ်တော့သည် ။ပြည်သူဥပဒေများဖြင့် မကြောက် ကြောက်အောင် ခြောက်လှန့်တော့သည် ။

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ၏ သက်ရောက်မှုသည် ၂၀၂၀ မှာ NLD မဲပျောက်သွားနိုင်သည် ။ ကချင်ပြည်နယ်နှင့် မန္တလေး မှ ပြည်သူအများစုသည် ဖားကန့် ၊ခန္တီး ၊မိုကုတ် စသည့်ဒေသကြီးများအား မှီခိုနေသူရာခိုင်နှုံးများစွာရှိနေသည်ဆိုတာကို ဥပဒေပြုအမတ်မင်းများ သတိမမူမိပါက .....

ဇော်မိုးထက် ( ဖားကန့် )

ဆက်လက်ဖော်ပြပါမည် .....

No comments:

Post a Comment