Latest News

Saturday, December 23, 2017

ပထမဆုံးအကြိမ်ကျင်းပသော ရန်ကုန်မြို့ ခရစ္စမတ်ပွဲတော်စတင်ဖွင့်လှစ်

ပထမဆုံးအကြိမ်ကျင်းပသော ရန်ကုန်မြို့ ခရစ္စမတ်ပွဲတော်စတင်ဖွင့်လှစ်


ပထမဆုံးအကြိမ် ကျင်းပသော ရန်ကုန်မြို့ ခရစ္စမတ်ပွဲတော်ကြီး စတင်ဖွင့်လှစ်သည့်  အခမ်းအနားကို   ရန်ကုန်မြို့  ကသီဒြယ် ဘုရားရှိခိုးကျောင်းအနီး    ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်၌ ယနေ့ ညနေ ၆ နာရီတွင် ကျင်းပသည်။

ဖွင့်ပွဲတွင်    ရန်ကုန်  ကက်သလစ်ဂိုဏ်းချုပ်သာသနာ ကာဒီနယ်လ် ချားစ်မောင်ဘိုက မုခ်ဦးအား ကောင်းချီးပေးသည်။ ယင်းနောက်   သာသနာရေးနှင့်     ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ   မြို့တော်ဝန်   ဦးမောင်မောင်စိုး၊   ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာ ကာဒီနယ်လ် ချားစ်မောင်ဘိုနှင့် ခရစ်ယာန်ဘာသာဝင် အကြီးအကဲများက ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယနေ့စတင်ကျင်းပသည့် ပထမဆုံးသော ခရစ္စမတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင်ျွနလ ဦးတိုးတိုးက အဖွင့်ဆုတောင်းပေး ခြင်း၊ ဦးနောအသင်းတော်အဖွဲ့သားများက ခရစ္စမတ်တေးသီချင်း ဖြင့်   သီဆိုကပြဖျော်ဖြေပေးခြင်း၊  လက်ထောက်ဂိုဏ်းချုပ် ဆရာတော် ဂျွန်စောယောဟန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားခြင်း၊  ဂိုဏ်းချုပ်ဆရာတော် စတီဗင် သန်းမြင့်ဦး  (မြန်မာနိုင်ငံ  ခရစ်ယာန်များအသင်းတော်)က ကောင်းချီးပေးခြင်းနှင့် အဆိုတော် ဇမ်နူးက တေးသီချင်းများ ဖြင့် ဂုဏ်တော်ချီးမွမ်းဖျော်ဖြေပေးခဲ့သည်။

ပထမဆုံးအကြိမ်  ရန်ကုန်မြို့၌  ကျင်းပသည့် ခရစ္စမတ် ပွဲတော်ကို  ဒီဇင်ဘာ ၂၃ ရက် (ယနေ့) မှ ၂၅ ရက်အထိ နေ့စဉ် ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီအတွင်း ကျင်းပမည်ဖြစ်သည်။ ရန်ကုန်မြို့တွင်  ပထမဆုံးကျင်းပသည့်  ခရစ္စမတ်ပွဲတော်ကို ဗိုလ်ချုပ်ဈေးရှေ့မှ သိမ်ဖြူလမ်းထောင့်အထိ၊ ဧမာနွေလ ဘုရား ကျောင်းရှေ့ (မဟာဗန္ဓုလပန်းခြံ)နှင့် သခင်မြပန်းခြံ  (အလုံ မြို့နယ်)တို့၌ သုံးနေရာခွဲ ကျင်းပပြီး  ပွဲတော်ရက်ကာလအတွင်း ကျင်းပရာ  နေရာများ၌    ငြိမ်းချမ်းရေးအတွက်   ဆုတောင်း ပေးခြင်း၊   ခရစ္စမတ်ဓမ္မတေးသီချင်းများ  သီဆိုချီးမွမ်းခြင်း၊ ခရစ္စမတ် Cantata သီဆိုခြင်း၊ တေးသရုပ်ဖော်တင်ဆက်ခြင်း၊ ခရစ္စမတ် နိပါတ်စဉ် ပြသခြင်း၊ ခရစ္စမတ်အကြောင်း သိကောင်း စရာများ ဝေမျှခြင်းနှင့် အမှတ်တရ Photo Boothနေရာများ  ထားရှိသွားမည် ဖြစ်သည်။ ထို့အပြင် လာရောက်အားပေးသော ပြည်သူများအား အကျွေးအမွေး(စတုဒိသာ)များဖြင့်  ဧည့်ခံခြင်း၊    ခရစ္စမတ်လက်ဆောင်ပစ္စည်းများ  ပေးဝေခြင်းနှင့်   ကျွမ်းကျင် သော    အတတ်ပညာများဖြင့်   ပူးပေါင်းပါဝင်ခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရစ္စမတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ကသီဒြယ် ဘုရားရှိခိုးကျောင်းအတွင်း၌ လာရောက်ကြည့်ရှုအားပေးသော ပြည်သူများကို ကြာဆံချက်၊ မုန့်ဟင်းခါး၊ ကြက်သားခေါက်ဆွဲနှင့် လက်ဖက်ရည်၊ အအေးအပါအဝင် မုန့်မျိုးစုံဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပြီး ခရစ္စမတ်လက်ဆောင်ပစ္စည်းများကိုလည်း  အမှတ်တရ ပေးဝေခဲ့ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)ဓာတ်ပုံ-မင်းထက်

No comments:

Post a Comment