Latest News

Saturday, December 23, 2017

သံမဏိလူသားစိုးလင်းဦးနှင့် တစ်ကျော့ပြန် စိန်ခေါ်ထိုးသတ်မည့် မွေထိုင်းလက်ဝှေ့ကျော် ဝီဂျစ်တို့ ရာမညမြေမှ ဘယ်သူအပြန်လမ်းလှမည်လဲ

သံမဏိလူသားစိုးလင်းဦးနှင့် တစ်ကျော့ပြန် စိန်ခေါ်ထိုးသတ်မည့် မွေထိုင်းလက်ဝှေ့ကျော် ဝီဂျစ်တို့ ရာမညမြေမှ ဘယ်သူအပြန်လမ်းလှမည်လဲ

နှစ်သစ်ကူးနေ့ရက်များနှင့်အတူ နိုင်ငံတစ်ဝန်း ရိုးရာလက်ဝှေ့ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသည်။ ကရင်နှစ်သစ်ကူးပွဲတော်ရက်များမှ ၂ဝ၁၈ နှစ်သစ် ကာလတစ်ခုသို့ ကူးပြောင်းလာသည်အထိပင်။ နိုင်ငံတစ်ဝန်း ကရင်နှစ်သစ်ကူး ပွဲတော်များ၊ ဘုရားပွဲတော်များနှင့် တိုင်းရင်းသားနှစ်သစ်ကူးပွဲတော်များတွင် ပြည်တွင်း၊ ပြည်ပ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ စဉ်ဆက်မပြတ်ထည့်သွင်းကျင်းပသကဲ့သို့ နှစ်စဉ်ကျင်းပလျက်ရှိသော မွန်ပြည်နယ် မုဒုံမြို့ နယ်    ဝင်းစိန်တောရကျောင်း တွင်လည်း လာမည့်နှစ်ဆန်း ဇန်နဝါရီ ၁ဝ ရက်မှစတင်ကာ ဇန်နဝါရီ ၁၂ ရက်အထိ သုံးရက်တိုင်တိုင် သုံးနိုင်ငံပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး ကျင်းပမည်ဖြစ်သည်။ ယင်းနိုင်ငံတကာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် အိမ်ရှင် မြန်မာနိုင်ငံတို့မှ ပထမတန်း လက်ဝှေ့ကျော်များ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။ နှစ်စဉ် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သော ဝင်းစိန်တောရပွဲ၌ ယခုနှစ်တွင်လည်း မြန်မာ့ရိုးရာ လက်ဝှေ့လောကမှ သံမဏိလူသား မာဂုဏ်မြင့် ပထမတန်း လက်ဝှေ့ကျော် စိုးလင်းဦးကို တစ်ကျော့ပြန်စိန်ခေါ်လိုက်သည့် မွေထိုင်းလက်ဝှေ့ကျော် ဝီဂျစ်(ခ) ပါရော့စမွေ တို့ပွဲသည် ရိုးရာလက်ဝှေ့ဝါသနာရှင် ပြည်သူများကြား စိတ်ဝင်စားမှု အမြင့်မားဆုံးဖြစ်နေသည်။
မြန်မာ့ရိုးရာလက်ဝှေ့လောက ပထမတန်းလက်ဝှေ့ကျော် စိုးလင်းဦးနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မွေထိုင်း လက်ဝှေ့ကျော် ဝီဂျစ်သည်  ရိုးရာလက်ဝှေ့နှင့် မစိမ်းသော မွေထိုင်းလက်ဝှေ့ ကျော်တစ်ဦးဖြစ်ပြီး ပြီးခဲ့သော ၂ဝ၁၅ ခုနှစ်တွင် စိုးလင်းဦးနှင့် ရေးမြို့၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသည်။ အမြင့်ခြေကန်ချက် များ ကောင်းမွန်သလို   တံတောင်ရိုက်ချက်များတွင်လည်း သူမတူသော လက်ဝှေ့ကျော်တစ်ဦးအဖြစ် မွေထိုင်းလက်ဝှေ့ လောကတွင် နာမည်ကြီးသူဖြစ်သည်။ ယင်းပွဲတွင် ဝီဂျစ်အမြင့်  ခြေကန်ချက်ကြောင့် စိုးလင်းဦး ပထမအချီတွင် အနားတောင်း  ခဲ့ရပြီး သရေဖြစ်ခဲ့သဖြင့် ဝီဂျစ်အခဲမကျေဖြစ်ခဲ့မှုမှာ နှစ်နှစ်  ကျော်ကာလတစ်ခုသို့တိုင်ခဲ့ပြီဖြစ်သည်။   ကြားကာလတွင် စိုးလင်းဦးနှင့်ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရန် ဆန္ဒပြု တောင်း ဆို ခဲ့သော်လည်း တစ်ဖက်ကစားသမားစိုးလင်းဦးမှာ  စာချုပ် မိခဲ့သဖြင့် ယခု ၂ဝ၁၈ ခုနှစ်မှ ပြန်လည်တည်ပေးခွင့်ရခဲ့ခြင်း ဖြစ်သည်။
စိုးလင်းဦးသည် မာဂုဏ်မြင့်ကစားသမားတစ်ဦးဖြစ်ပြီး လက်သီးပါဝါကို အဓိကအားထားအသုံးပြုသော ဖိုက်တာ လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။ ကောင်တာထက် ဖိုက်တာ အသွင်ကစားမှုကို ပိုမိုအားသန်ပြီး လက်ဝှေ့ သမားဘဝဖြတ် သန်းလာမှုကိုကြည့်လျှင် အရှုံးနည်းပြီး နိုင်ပွဲဆက်များသော လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။  စိုးလင်းဦးသည် အသက် ၂၆ နှစ် အရပ် ၅ ပေ ၈ လက်မရှိပြီး လတ်တလော ယှဉ်ပြိုင် ထိုးသတ်ခဲ့သော ပွဲပေါင်း ၈၅ ပွဲတွင် နိုင်ပွဲ ၅၁ ပွဲ၊ သရေ ၃၂ ပွဲနှင့် ရှုံးပွဲနှစ်ပွဲ ရလဒ်ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံ ပထမ တန်း လက်ဝှေ့ကျော်တစ်ဦး ဖြစ်သည်။ ပြီးခဲ့သော နိုဝင်ဘာ ၄ ရက်တွင် ကျင်းပခဲ့သော WLC-3 ပြိုင်ပွဲတွင်လည်း ယူဂန် ဒါနိုင်ငံသား အူမာဆီမာတာကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့ရိုးရာလက်ဝှေ့လောက၌ ၂ဝ၁ဝ၊ ၂ဝ၁၁ ခုနှစ်တို့တွင် ဒဂုံရွှေအောင်လံကို နှစ်နှစ်ဆက်ပိုင်ဆိုင်ခဲ့သောကြောင့် ယခု ဒုတိယအကြိမ် ပြန်လည်စိန်ခေါ်သော ဝီဂျစ်(ထိုင်း) နှင့် မကျေပွဲတွင် ပွဲကောင်းတစ်ပွဲဖြစ်လာမည်မှာ ယုံမှားစရာပင် မရှိလောက်အောင် ရိုးရာလက်ဝှေ့ချစ်ပြည်သူများက စိတ်ဝင် စားလျက်ရှိ ကြသည်။
မကျေပွဲပြန်နွှဲရန်  စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်မည့် မွေထိုင်း လက်ဝှေ့ကျော် ဝီဂျစ်(ထိုင်း)မှာ ပြီးခဲ့သော ရန်ကုန်မြို့ သိမ်ဖြူ ရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပသော  Nation Fight  တွင် စောဂေါ်မူဒို (မြန်မာ)နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ယင်းပွဲတွင် စောဂေါ်မူဒိုကို အနိမ့်သရေကျခဲ့သော်လည်း စိုးလင်းဦးနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲလောက်ရင်မခုန် ခဲ့ရကြောင်း၊ စိုးလင်းဦးကို သူ့အနေဖြင့် ပြန်လည် စိန်ခေါ် ယှဉ်ပြိုင်ထိုးသတ်ချင်ကြောင်း ပြည်တွင်းမီဒီယာများအား ပြောကြားခဲ့သည်။  ဝီဂျစ်  (ထိုင်း)သည်  အသက်  ၂၄  နှစ်၊ ဝိတ်တန်း  ကီလို ၇ဝ၊ အရပ် ၅ ပေ ၈ လက်မရှိသော မွေထိုင်း လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။ အသက်အားဖြင့် ငယ်သော် လည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော မွေထိုင်းပြိုင်ပွဲ ၈၂ ပွဲတွင် နိုင်ပွဲ ၆၄ ပွဲ၊ ရှုံးပွဲ ၁၆ ပွဲနှင့် သရေနှစ်ပွဲ ရလဒ်ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အထူးသဖြင့် မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် မာဂုဏ်မြင့် သံမဏိလူသားဟု နာမည်ကျော်နေသော စိုးလင်းဦးနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် လုံလောက်သော ကာလ တစ်ခုအထိ ပြင်ဆင်ထားပြီး အလဲထိုးဖြင့် အိမ်ပြန်လမ်းလှရန် ဒုတိယအကြိမ် စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်ခြင်းဖြစ်ကြောင်း ယခုပွဲနှင့် ပတ်သက်၍ အွန်လိုင်း စာမျက်နှာတွင် ရင်ဖွင့် ထားသည်။
ယင်းပွဲနှင့်အပြိုင် ရိုးရာလက်ဝှေ့ချစ်ပရိသတ်များ စိတ် ဝင်စားမှုမြင့်မားနေသော ပွဲကောင်းတစ်ပွဲမှာ  စောဂေါ်မူဒို (မြန်မာ)နှင့် တူဒါပို့ (ဥဇဘက်ကစ္စတန်)တို့ပွဲဖြစ်သည်။ စော ဂေါ်မူဒိုသည် မာဂုဏ်ပိုင်းဆိုင်ရာ မြင့်မားမှုရှိသော လက်ဝှေ့ သမားတစ်ဦးဖြစ်သကဲ့သို့  လတ်တလော  လက်ရည်ပိုင်း ဆိုင်ရာ မြင့်မားတိုးတက်မှုမှာ ယခုနှစ်ပိုင်း လက်ဝှေ့ပြိုင်ပွဲများ တွင် ပိုမိုသိသာလာသည်။ အသက်အားဖြင့် ၂၃ နှစ် ဝိတ်တန်း ကီလို ၇ဝ ရှိပြီး အရပ် ၅ ပေ ၈ လက်မရှိကာ ယှဉ်ပြိုင်ထိုးသတ် ခဲ့သော လက်ဝှေ့ပွဲပေါင်း ၃၉ ပွဲတွင် နိုင်ပွဲ ၂ဝ၊ သရေ ၁၄ ပွဲနှင့် ရှုံးပွဲ ငါးပွဲရလဒ်ပိုင်ဆိုင်ထားသော မြန်မာပြည်အလွတ်တန်းချန်ပီယံဟောင်း လက်ဝှေ့ကျော် လုံးချော၏ တပည့်အရင်း တစ်ဦးဖြစ်သည်။ ၄င်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဥဇဘက် ကစ္စတန်နိုင်ငံသား မွေထိုင်းလက်ဝှေ့ကျော် တူဒါပို့သည် မြန်မာ့ရိုးရာလက်ဝှေ့ ပထမတန်းလက်ဝှေ့ကျော်တူးတူး (နဂါး မာန်)နှင့် ထိုင်းဖိုက်တွင် ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်ပြီး ယင်းပွဲတွင် တူးတူးကို အမှတ်ဖြင့်အနိုင်ရထားသော လက်ဝှေ့ ကျော်တစ်ဦးဖြစ်သည်။ တံတောင်ရိုက်ချက်ကောင်းပြီး ပြိုင် ဘက်တိုင်းကို ပတ်တံတောင် အသုံးပြုကာ ပွဲသိမ်းလေ့ရှိသော မွေထိုင်း လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။ အသက်အားဖြင့် ၂၃ နှစ် ဝိတ်တန်း ၆၇ ကီလိုတန်းရှိကာ ယှဉ်ပြိုင်ထိုးသတ်ခဲ့  သော လက်ဝှေ့ပွဲပေါင်း ၈ဝ တွင် နိုင်ပွဲ ၆၉ ပွဲ၊ ရှုံးပွဲ ကိုးပွဲနှင့် သရေ နှစ်ပွဲ ရလဒ်ပိုင်ဆိုင်ထားသည့် လက်ဝှေ့ကျော်တစ်ဦးဖြစ် သည်။ အောင်မြင်မှုအပိုင်းအနေဖြင့် IFMA  A Klass Champion၊ Thai Fight Champion  နှင့် Champion ခါးပတ်တို့ကို  ရရှိထားသူတစ်ဦးဖြစ်သော ကြောင့် ယင်းပွဲသည် လက်ရည်ပိုင်းအရ တစ်ဟုန်ထိုး တိုး တက်မှုရှိလာသော  စောဂေါ်မူဒိုနှင့်ပွဲမှာ  အမှန်ပင်  ကြည့် ကောင်းမည့်ပွဲ တစ်ပွဲပင်ဖြစ်သည်။
အလားတူ ပွဲကောင်းတစ်ပွဲဖြစ်သော သွေးသစ်အောင် (မြန်မာ)နှင့်  ဖွားဆိုလ  (ထိုင်း) တို့ပွဲသည်လည်း ရိုးရာ လက်ဝှေ့ချစ်ပြည်သူများ အကြိုက်တွေ့စေမည့် ပွဲပင်ဖြစ်သည်။ ကလပ်အပြောင်းအလဲ ကာလတစ်ခုတွင် အနည်းငယ်မှေးမှိန် သွားခဲ့သော သွေးသစ်အောင်သည် ယခုရောက်နေသော သုံးပန်လှကလပ်သစ်တွင်  ပွဲဆက်များလာသကဲ့သို့  လက် ရည်ပြန်လည်တက်လာသော လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။ ရိုးရာလက်ဝှေ့ ပွဲတိုင်းကို လက်သီးပါဝါသုံးကာ အလဲထိုးဖြင့် နိုင်ပွဲဆက်နေသော ကစားသမားတစ်ဦးဖြစ်သည်။ အသက် အားဖြင့် ၂၄ နှစ် ဝိတ်တန်း ၇၁ ကီလို အရပ် ၅ပေ ၆ လက်မ ရှိပြီး လတ်တလော သုံးပန်လှ ရိုးရာလက်ဝှေ့ကလပ်တွင် လေ့ ကျင့်လျက်ရှိပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲပေါင်း ၅၂ ပွဲတွင် နိုင်ပွဲ ၂၉ ပွဲ၊ သရေပွဲ ၂ဝ နှင့် ရှုံးပွဲ သုံးပွဲပိုင်ဆိုင်ထားကာ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တွင် ရွှေခါးပတ်ချန်ပီယံဆုများကို ပိုင်ဆိုင်ဆွတ်ခူးထားသော လက်ဝှေ့ကျော်ဖြစ်သည်။
သွေးသစ်အောင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဖွားဆိုလ (ထိုင်း) သည် မွေထိုင်း ကီလိုတန်း၇ဝ တွင် ပြိုင်သူမဲ့ ချန်ပီယံတစ်ဦး ဖြစ်ပြီး တရုတ်နိုင်ငံနှင့် က္ဘောဒီးယားနိုင်ငံတို့မှ ခါးပတ်များ စွာ ပိုင်ဆိုင်ထားသော မွေထိုင်းသ္ဘာရင့် လက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ယှဉ်ပြိုင်ထိုးသတ်ထားသော ပွဲပေါင်း ၁၁၂ ပွဲတွင် နိုင်ပွဲ ၇ဝ သရေ ၁၁ ပွဲနှင့် ရှုံးပွဲ ၃၁ ပွဲ ပိုင်ဆိုင်ထားသည်ကို ကြည့်ခြင်းဖြင့် ဖွားဆိုလနှင့် သွေးသစ်အောင်တို့ တွေ့ ဆုံမှုမှာ ပြင်းထန်သော ပြိုင်ပွဲကောင်းတစ်ပွဲဖြစ်မည်ကို ယုံမှား စရာပင် မရှိလောက်ပေ။
နောက်ဆုံးမျိုးဆက်သစ်  ပြိုင်ပွဲကောင်းတစ်ပွဲဖြစ်သော  ရဲသွေးနီ(မြန်မာ)နှင့်  တိုလာဘေး  (ဥဇဘက်ကစ္စတန်)  တို့ ပွဲသည်လည်း ပရိသတ်အကြိုက်တွေ့မည့် ပွဲကောင်းတစ်ပွဲဖြစ် သည်။ ရဲသွေးနီနှင့် ယှဉ်ပြိုင် ထိုးသတ်မည့် တိုလာဘေး(ထိုင်း)သည် ပြီးခဲ့သော Lethwei Nation Fight  ပြိုင်ပွဲတွင် မိုက်ရိုင်း (မြန်မာ)နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သုံးချီပြည့်သည် အထိ သူတစ်ပြန်ကိုယ်တစ်ပြန် ရေကုန်ရေခန်းယှဉ်ပြိုင်ခဲ့ သော်လည်း လေးချီမြောက်တွင် မိုက်ရိုင်းအောက်ခြေရိုက်ချက် များကြောင့်  အလဲထိုးဖြင့်  ရှုံးနိမ့်ခဲ့သည်။ သ္ဘာရင့် မွေထိုင်း လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်နှင့်အညီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ သော ပွဲပေါင်း ၁ဝ၄ ပွဲတွင် နိုင်ပွဲ ၉၁ ပွဲ သရေ လေးပွဲနှင့် ရှုံးပွဲ ကိုးပွဲ ရလဒ်ပိုင်ဆိုင်ထားကာ ၂ဝ၁၅၊ ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်တို့တွင် မက်မွေထိုင်း ချန်ပီယံရထားသည့် လက်ဝှေ့ကျော် တစ်ဦးဖြစ်ပြီး  တခြားချန်ပီယံရွှေခါးပတ်များစွာကိုလည်း ပိုင်ဆိုင်ထားသည်။ တိုလာဘေးနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ရဲသွေးနီ(မြန်မာ)ကလည်း မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် ရှုံးပွဲ အနည်းဆုံး ပိုင်ဆိုင်ထားသော လက်ဝှေ့ကျော်များထဲတွင် ပါဝင်နေသော မာဂုဏ်မြင့်လက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။ အရပ်အားဖြင့် နိမ့်သော်လည်း ယှဉ်ပြိုင်ထိုးသတ်ထားသော လက်ဝှေ့ပွဲပေါင်း ၇၁ ပွဲတွင် နိုင်ပွဲ ၄၁ပွဲ သရေ ၂၉ ပွဲနှင့် ရှုံးပွဲတစ်ပွဲသာ ရလဒ် ပိုင်ဆိုင်ထားပြီး ၂ဝ၁၅နှင့် ၂ဝ၁၆ တွင် ရွှေခါးပတ်ချန်ပီယံဆု များကို လွယ်လင့်တကူဆွတ်ခူးခဲ့သော လက်ဝှေ့ကျော်တစ်ဦး ဖြစ်ခြင်းကြောင့် သူတို့နှစ်ဦးတွေ့ဆုံ မှုသည် ရိုးရာလက်ဝှေ့ချစ် ပရိသတ်များ စိတ်ကြိုက်တွေ့စေမည့် ပွဲကောင်းတစ်ပွဲဖြစ်လာ မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် လက်မှတ်များကို ငွေကျပ် ၁ဝဝဝဝ နှင့်  ၈ဝဝဝ သတ်မှတ်ထားပြီး ဝ၉-၂၅၄၂၁၄၁၆ဝ ဇော် ပစ်တိုင်းထောင်ဗီဒီယိုမှ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။    
မြန်မာ-ထိုင်း-ဥဇဘက်ကစ္စတန် သုံးနိုင်ငံမှ  လက်ဝှေ့ကျော် များ ဝင်ရောက်ယှဉ်ပြိုင်ထိုးမည့် လက်ဝှေ့ပြိုင်ပွဲကြီးကို မွန် ပြည်နယ်  မုဒုံမြို့နယ်  ဝင်းစိန်တောရကျောင်း၌  လာမည့် ဇန်နဝါရီ ၁ဝ ရက် မွန်းတည့် ၁၂ နာရီတွင် စတင်ကျင်းပမည် ဖြစ်ပြီး အဆိုပါပြည်ပ ငါးချီ တွဲဆိုင်းများ အပြင် မိုက်ရိုင်းလေး (ရွှေဖူး)နှင့် ရန်နိုင်ထွန်း(သုံးပန်လှ)၊ ဒေါင်းဖြူလေး  (Adventure)နှင့် ထူးနေသူ(တောင်ကလေး)၊ သပြေအောင်(သုံး ပန်လှ)နှင့် သက်ပိုင်အောင်(တောင်ကလေး)၊ စောလွမ်ချိုင်း (Adventure)  နှင့် ရဲဝင်း(တောင်ကလေး)တွဲဆိုင်းများ အပြင် မျိုးဆက်သစ်တွဲဆိုင်းများလည်း ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်၍    ရိုးရာလက်ဝှေ့ဝါသနာရှင်များ    စိန်ခေါ်သူမွေထိုင်း လက်ဝှေ့ကျော် ဝီဂျစ်နှင့် သံမဏိလူသား စိုးလင်းဦးတို့  ရာမည မြေမှ ဘယ်သူ ပြန်လမ်းလှမည်ကို စောင့်ကြည့်ရတော့မည်ဖြစ် ပါကြောင်း။

သတင်းဆောင်းပါး- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment