Latest News

Wednesday, December 27, 2017

လူရမ်းကားတို့ အပျော်ကျုး သည့်ပွဲ မှ အသွင်ပြောင်းလာသော ခရစ်စမတ်


စက်မှုမထွန်းကားမီ ကာလများက ဥရောပ နှင့် အမေရိကားရှိ ခရစ်စမတ် ရာသီက ယနေ့တွေ့မြင်ရသော အသွင်ပုံစံနှင့် အခြားနားကြီး ခြားနားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလို လှလှပပ သေသေသပ်သပ် ထုတ်ထားသော လက်ဆောင်လှလှလေးများ၊ ရောင်ပြန်စက္ကူများနှင့် အလှတန်ဆာ ဆင်ထားသော ခရစ်စမတ် သစ်ပင်လေးများ ကို လုံးဝ တွေ့ရမှာ မဟုတ်ပါဘူး၊

ထိုအစား အရက်မူးသမားများ၊ မိန်းမလို ၀တ်ဆင်ထားကြသူများ၊ သီချင်းများ အသံသေး အသံကြောင်နဲ့ အော်ဟစ် သီဆိုနေကြသူများ ကိုသာ လမ်းမများ ပေါ်မှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ အိမ်တွေမှာ မိမိတို့ မိသားစု နဲ့ အတူ နေကြခြင်း၊ ဘုရားရှစ်ခိုးကျောင်းများမှာ အထိမ်းအမှတ်ပွဲတွေ ဆင်နွှုကြမှုမျိုး မရှိပဲ အားလုံးနီးပါးက အရက်ဆိုင်တွေကိုသာ ဦးတည်သွားနေကြပါတယ်။

ထို့အတွက်လည်း ဆဌမမြောက် ဂျော့ဘုရင် ဆီမှ အမှုထမ်းတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး ဟူးခ်ျ လာတီမာ က "လူအများသည် တနှစ် တွင် ၁၂ လ လုံးလုံး ရှိသည့်အနက် ဤ ၁၂ ရက် လောက် ယေရှု့ခရစ်အား ဂုဏ်သိက္ခာမဲ့အောင် လုပ်မှုမျိုး မရှိနိုင်တော့" ဟု ငြည်းတွားခဲ့ရသည်အထိ ဖြစ်ခဲ့ပါတယ်။
သို့သော်လည်း ၁၉ ရာစု နှစ်အကုန်ပိုင်းမှ စပြီး ဆူညံရမ်းကားပြီး အထိမ်းအကွပ်မရှိ အပျော်ကျုးခဲ့ရာမှ တိတ်ဆိတ် အေးချမ်းစွာ မိသားစု နဲ့အတူ အောက်မေ့ဘွယ် ပြုလုပ်တဲ့ အထိမ်းအမှတ်တခု အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

သက္ကရာဇ် ၁၅၀၀ နှင့် ၁၈၀၀ အကြား ကာလများတွင် ဖွံ့ဖြိုး ခေတ်မှီလာသော ဥရောပတွင် ခရစ်စမတ် ရာသီသည် လယ်ယာ လုပ်ငန်းများမှ အနားယူကြပြီး အပျော်ကြူးတဲ့ ကာလလို့ ယူဆခဲ့ကြပါတယ်။ ကောက်ရိပ်သိမ်းပြီးချိန်လည်း ဖြစ်ပြီး အိမ်မွေးတရိစ္ဆာန်များကို သတ်ဖြတ်ကာ အလွန်အကျွံ သောက်စားမူးယစ်ခဲ့ကြပါတယ်။ လယ်သမားများက အိမ်နီးချင်းတို့ ၏ အိမ်တံခါးဝ ကို ရောက်လာပြီး သူတို့အား ဧည့်ခံကျွေးမွေးရန် တောင်းဆိုကြတဲ့ အစဉ်အလာပင် ဖြစ်ပေါ်ခဲ့ပါတယ်။ တံခါး ဖွင့်မပေးပါက အိမ်ရှေ့မှာပဲ မူးမူး နဲ့ ထိုးအိပ်လိုက်မယ်လို့ ကျီစယ် ခြိမ်းခြောက်ခဲ့ကြပါတယ်။ ထို့အတွက် ခရစ်စမတ်သည် အရက်ဆိုင်များ လမ်းများပေါ်တွင် အရက်မူးကာ အပျော်ကြူးကြတဲ့ လူများရဲ့ ရာသီလို့ ဆိုစမှတ်ပင် ရှိခဲ့ပါတယ်။

သို့သော် နောက်ပိုင်း စက်မှု ထွန်းကားလာကြသည်နှင့်အမျှ မြို့ကြီးများသို့ စက်ရုံ အလုပ်သမားများ အဖြစ် လူများ အစုလိုက် အပြုံလိုက် ၀င်ရောက်လာခဲ့ကြပါတယ်။ ၎င်းတို့က ယခင် တော့ဓလေ့အတိုင်း မြို့ကြီးများမှာ ဆက်လက်ရမ်းကားလာကြမှုကို မြို့နေ အထက်တန်းလွှာများက ထိတ်လန့်တုန်လှုပ်လာခဲ့ကြပါတယ်။ ထို့အတွက် ၎င်းတို့မှ ဦးဆောင်ပြီး သတင်းစာများမှ ခရစ်စမတ်သည် မိသားစုနှင့် အတူ ပျော်ပျော်ပါးပါး ဆင်နွှဲသင့်သော ကာလ သာ ဖြစ်သည်ဟု ပညာပေး ပုံစံမျိုး ရေးသားလာခဲ့ကြတဲ့ အပြင် ဂျာမဏီမှ ခရစ်စမတ် သစ်ပင်များ၊ အင်္ဂလန် မှ ခရစ်စမတ် လက်ဆောင် သေတ္တာများ စသည်တို့ကို တင်သွင်းလာခဲ့ကြပြီး လူချမ်းသာ များက ဆင်းရဲနွမ်းပါးသူများ နဲ့ ၎င်းတို့ရဲ့ အိမ်ဝန်ထမ်းများကို ငွေကြေး လက်ဆောင်များ ပေးလာတဲ့ အစဉ်အလာတွေ ဖန်တီးလာကြပါတယ်။

စိန့် နီကိုလပ်စ် ခေါ်တဲ့ ဆန်တာ ကလော့စ်ကိုလည်း အသားပေး ပုံဖေါ်လာခဲ့ကြပါတယ်။ တန်ဒြာဒေသက ရိန်းဒီယား သမင်များ ဆွဲလာတဲ့ စွတ်ဖားလှည်းကြီးကို မောင်းလာတဲ့ ဆန်တာ ကလော့စ်မှ ခလေးများကို လက်ဆောင်ဝေငှ တဲ့ ပုံပြင်တွေကို ဦးစားပေး ဖေါ်ပြလာခဲ့ကြပါတယ်။
သတင်းစာတွေကလည်း အိမ်ရှိ မီးလင်ဖို ဘေးမှာ ဇနီးသားမယားတို့ရဲ့ ဝေဆာတဲ့ အပြုံးများနဲ့ ခရစ်စမတ်ကို ဆင်နွှဲနေမှုကို အစဉ်အလာ တရပ်အဖြစ် ပုံဖေါ်ရေးသားပေးလာကြပါတယ်။

ရလာဒ်အဖြစ် လူလတ်တန်းစားတို့ရဲ့ အစဉ်အလာ အောင်ပွဲခံခဲ့ပြီး မူးယစ်ရမ်းကားမှုများ ပပျောက်သွားကာ ဈေးဆိုင်တွေမှာ ကြီတ်ကြီတ်တိုး လက်ဆောင်တွေ ၀ယ်ခြမ်းလာကြတဲ့ အတွက် ဈေးဆိုင်ပိုင်ရှင်များ အတွက်လည်း ငွေတွေ သောက်သောက်လဲ ရပြီး အမြတ်ထွက်ခဲ့တဲ့ ပွဲလို့ ဆိုရပါမယ်။ ၁၉၀၈ ခုနှစ် ထုတ် စက်မှု မဂ္ဂဇင်းကြီးတစောင်က "ခရစ်စမတ်သည် ကုန်သည်များ၏ ကောက်ရိတ်သိမ်းချိန်" ဟု ပင် ခေါင်းစဉ်တပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ခရစ်စမတ်အား စီးပွားရေးဆန်ဆန် နဲ့ အပေါ်ယံသဘောမျိုး ပြုလုပ်လာမှုများကို ဝေဖန်မှုတွေ ရှိလာနေသော်လည်း ခရစ်စမတ်က ဆက်လက်ရှင်သန်ဆဲ ဖြစ်ပါတယ်။
လှစိုးဝေ
ရည်ညွှန်း၊ ၊ "How Christmas evolved from raucous carnival to domestic holiday" From the Economist (Dec 22nd 2017)

No comments:

Post a Comment