Latest News

Friday, December 22, 2017

မြန်မာ့လျှပ်စစ်ကဏ္ဍ တိုးတက်စေချင် (ဆောင်းပါး)

မြန်မာ့လျှပ်စစ်ကဏ္ဍ  တိုးတက်စေချင် (ဆောင်းပါး)

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန်      လေ့လာကြသည့်အခါ အများစုထောက်ပြလေ့ရှိကြသည့် အခက်အခဲ အတား အဆီးများမှာ လျှပ်စစ်ဓာတ်အားမလုံလောက်ခြင်း၊ လမ်း ပန်းဆက်သွယ်မှု အပါအဝင် အခြေခံအဆောက်အုံနည်းပါး ခြင်းနှင့် မူဝါဒခိုင်မာတိကျမှုမရှိခြင်းတို့ဖြစ်လေ့ရှိသည်။
မူဝါဒပိုင်းဆိုင်ရာအားနည်းချက်ကိုအချိန်တိုအတွင်းမွမ်းမံပြင်ဆင်နိုင်သော်လည်းလျှပ်စစ်ဓာတ်အားဖြည့် တင်းရန်နှင့် အခြေခံအဆောက်အအုံများကောင်းမွန် ရန်မှာ အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သကဲ့ သို့ လုံလောက်သည့် ငွေကြေးစိုက်ထုတ် ရင်းနှီးမှုများပြုရန် လည်းလိုအပ်ပါသည်။

ဘက်ပေါင်းစုံအကျိုးရှိ
အရေးတကြီးလိုအပ်ချက်များများပြားလှသည့် မိမိ တို့၏နိုင်ငံတော်အား ပြန်လည်တည်ဆောက်ကြရာတွင် ပြည်သူများ၏ စားဝတ်နေမှု အဆင်ပြေစေရန်အတွက် နိုင်ငံ့စီးပွားရေးထူထူထောင်ထောင် ဖြစ်လာရေးသည် ထိပ်ဆုံးမှပါဝင်သည်။ စီးပွားရေးကောင်းရန်အတွက်မှာ လည်း လျှပ်စစ်ဓာတ်အားစီမံကိန်းများအပါအဝင် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ၍အချိန် တိုအတွင်းအကောင်အထည်ဖော်နိုင်ရန် လိုအပ်ပြန်သည် ဖြစ်ရာ ဂျာအေးသူ့အမေရိုက်သလိုဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်လျက်ရှိသည်။ အဆိုပါ အဆိုးကျော့သံသရာ (Vicious Circle) မှ ဖောက်ထွက်ရန်အတွက်နိုင်ငံတော် အနေဖြင့် သမားရိုးကျမဟုတ်သောစဉ်းစားမှုများဖြင့် ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်လာပါသည်။ သမားရိုးကျ မဟုတ်သောစဉ်းစားဆောင်ရွက်မှုများဆိုသည်မှာအခြား မဟုတ်။ သားရွှေအိုးထမ်းသကဲ့သို့ ဘက်ပေါင်းစုံအကျိုးရှိ စေမည့်    ဖြေရှင်းနည်းများ    စဉ်းစားကြရန်ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံတော်အတွက် ကုန်ကျစရိတ်နည်းပါး သကဲ့သို့ ပြည်သူအတွက်လည်း ထိရောက်အကျိုးရှိသည့် နည်းလမ်းများအသုံးပြုဆောင်ရွက်ရန်ပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏   လျှပ်စစ်ကဏ္ဍကိုလေ့လာကြည့်မည် ဆိုပါကလက်ရှိအခြေအနေတွင် စက်တပ်ဆင်အားမဂ္ဂါဝပ် ၅၃၈၉  ကျော်နှင့် ထုတ်လုပ်နိုင်သည့်လျှပ်စစ်ပမာဏ ၁၇၈၆၆ဘီလီယံဝပ်အာဝါ (GWh) ရှိသည်ဟု အကြမ်း ဖျင်း သိရသည်။၂ဝ၃ဝ ပြည့်နှစ်တွင် လျှပ်စစ်လိုအပ်ချက် မဂ္ဂါဝပ် ၁၄၅၄၂ အထိရှိနိုင်သည်ဟုလည်းခန့်မှန်းထားကြသည်။ ယင်းထက်လည်းပိုမိုနိုင်ပေသည်။

ရည်မှန်းချက်ချမှတ်
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားလျှပ်စစ်မီးလင်းရေး စီမံကိန်း (National Electrification Plan - NEP) ကို ရေးဆွဲထားပြီးဖြစ်ကာ ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရှိ ကျေးလက်မြို့ပြ စုစုပေါင်း၏ ၅ဝ ရာခိုင်နှုန်း၊ ၂ဝ၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် ရာနှုန်း ပြည့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ရည်မှန်းချက်များ ချမှတ်ထားသည်။ အဆိုပါ ရည်မှန်းချက် ပြည့်မီရန် အတွက် မဟာဓာတ်လိုင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင် သည့်ဒေသများအတွက် On-grid စနစ်ဖြင့်ဖြန့်ဖြူးပေး ခြင်းနှင့် မဟာဓာတ်အားလိုင်းမှ ဖြန့်ဖြူးမပေးနိုင်သည့် ဒေသများအတွက် Off-gridစနစ်ဖြင့်ဖြည့်ဆည်းပေးခြင်း ဟူ၍ အခြေခံနည်းလမ်း နှစ်ရပ်ဖြင့် ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်ရွက်နေကြသည်။ Off-grid စီမံကိန်းတွင် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်နှင့် အခြား သော အရင်းအမြစ်များစွာကို အသုံးပြု၍ စီမံကိန်းများစွာ ကိုအကောင်အထည်ဖော်ကာနေအိမ်အလိုက်သော်လည်း ကောင်း၊ ဓာတ်အားလိုင်းငယ် (Mini Grid) များ တည်ဆောက်၍လည်းကောင်း ဖြန့်ဖြူးပေးနိုင်ရေးဆောင် ရွက်နေသည်။ သို့သော် ယင်းစီမံချက်သည် တစ်နိုင်ငံလုံး မီးလင်းရေးကိုသာအဓိကအားပြုထားပြီးစက်မှုလက်မှု လုပ်ငန်းများဖွံ့ဖြိုးရေးအတွက်လိုအပ်လာမည့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးကိုအာမခံနိုင်ခြင်းမရှိဟုနားလည် ရသည်။

နိုင်ငံတွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကွက်လပ်ကို အမြန်ဆုံးဖြည့်ဆည်းနိုင်ရန် နည်းလမ်း ပေါင်းစုံ ချဉ်းကပ်ဆောင်ရွက်ကြရာတွင် လျှပ်စစ်ထုတ် လုပ်ရေးစီမံကိန်းများအတွက် နိုင်ငံတော်တစ်ခုတည်းဖြင့်   ရင်းနှီးမြှုပ်နှံပေးနိုင်ခြင်းမရှိပါ။ သို့သော် တစ်ဖက်တွင် လည်း လျှပ်စစ်ဓာတ်အားကိုမူ တစ်ချိန်တည်း၊ တစ်ပြိုင် တည်းရရှိအောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံနိုင်မည်လည်းဖြစ်နေပြန်သည်။

အရေးတကြီးလိုအပ်
သို့ဖြစ်၍ အစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ကာ ရင်းနှီးမြှုပ်နှံစေသည့် နည်းလမ်းကိုအသုံးပြုသည်။ အချို့နေရာများတွင် အစိုးရက ရင်းနှီးမြှုပ်နှံပြီး အချို့နေရာများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖက်စပ်စနစ် (Joint Venture) သို့မဟုတ် BOT (Build Operate Transfer)စနစ် အသုံးပြု၍    လုပ်ကိုင်ခွင့်ပေးသည်။  သို့တိုင်အောင် လုံလောက်သည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရင်း နှီးမြှုပ်နှံသူအလုံးအရင်းဖြင့် တက်ကြွစွာပါဝင်လာကြခြင်း မရှိသည်ကိုလည်းတွေ့ရှိနိုင်သည်။အဓိကအကြောင်း အရင်းတစ်ခုမှာ သင့်တင့်သည့် ဓာတ်အားခနှုန်းထား တစ်ခုသတ်မှတ်နိုင်မှုမရှိခြင်းဟု သိရသည်။ အခြားသော အကြောင်းအရာများလည်းရှိပေလိမ့်မည်။ လျှပ်စစ်ဓာတ် အား လုံလောက်ပြည့်မီရေးသည် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေချိန်နှင့် အစိုးရကိုယ်တိုင် ရင်းနှီး မြှုပ်နှံနိုင်ခြင်းမရှိသည့်အခြေအနေတွင်ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအားတက်သရော ဝင်ရောက်ဆောင် ရွက်လာခြင်းမရှိသည်မှာ   စီပွားရေးတွက်ခြေမကိုက်မှု သို့မဟုတ်    စီးပွားရေးအကျိုးအမြတ်ရှိနိုင်သည်ဟု မသေချာမှုကြောင့်သာ ဖြစ်မည်ဟုယူဆစရာဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မှာ    အရှိတရားဖြစ်သည့်အတွက်    ထိုအခက်အခဲကို ကျော်လွှားရာတွင် ကိုယ်တိုင်ထုတ်လုပ်ခြင်းနည်းလမ်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအားခွင့်ပြုသည့် နည်းလမ်းတို့ကိုဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက် မပေါက်မြောက်နိုင်ပါက တတိယနည်းလမ်းတစ်ခုအဖြစ် အိမ်နီး ချင်းနိုင်ငံများမှ ဝယ်ယူခြင်းနည်းလမ်း (Cross border electricity trading)ကို အသုံးပြုသင့်သည်။

အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ်ဓာတ်အားဝယ်ယူဖြည့် တင်းခြင်းသည် ရေတိုတွင် လက်ငင်းအဆင်ပြေစေမည့် နည်းလမ်းတစ်ခုဖြစ်သကဲ့သို့ ရေရှည်တွင်လည်းအလား အလာကောင်းများရှိနေသည့်နယ်စပ်ဖြတ်ကျော် လျှပ်စစ် ကုန်သွယ်မှုလုပ်ငန်းအတွက် အခြေခံအဆောက်အအုံကောင်းများတည်ဆောက်ထားပြီးဖြစ်မည့် အကျိုးကျေးဇူး တစ်ခုကိုရရှိနိုင်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအားချိတ်ဆက်မည့် မဟာ ဓာတ်အားလိုင်း (ASEAN Power Grid) ကို တည်ဆောက် နိုင်ရန်အတွက် ၁၉၉၇ ခုနှစ်မှစတင်ကာ အာဆီယံအစည်း အဝေးများတွင် အလွတ်သဘောဆွေးနွေးလာခဲ့ရာမှ ယခုအခါတွင် လက်တွေ့အမှန်တကယ် အကောင်အထည် ဖော်ရန် အစပျိုးလျက်ရှိနေပြီဖြစ်သည်။

အရှေ့တောင်အာရှ၏ ဘတ္ထရီဟု ခေါ်စမှတ်ပြုလာရ သည့် လာအိုနိုင်ငံသည် လက်ရှိတွင် တပ်ဆင်အားမဂ္ဂါဝပ် ၆၃၉၁ ရှိပြီး ကီလိုဝပ် ၃ဝ ဘီလီယံအထိထုတ်လုပ်နိုင်ကာ ကီလိုဝပ် ၂၁ ဒသမ ၁ ဘီလီယံအား နိုင်ငံခြားသို့ တင်ပို့ ရောင်းချနိုင်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် စက်တင် ဘာလ က ကျင်းပသည့်   (၃၅) ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများအစည်းအဝေးတွင်  လာအိုသည် မလေးရှား နှင့် ထိုင်းနိုင်ငံပါဝင်သည့် သုံးနိုင်ငံသဘောတူညီမှု စာချုပ်ချုပ်ဆိုကာလာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားကိုထိုင်းနိုင်ငံရှိ   ဓာတ်အားလိုင်းများမှတစ်ဆင့် မလေးရှား နိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူညီမှု ရယူနိုင်ပြီဖြစ် သည်။    မကြာမီတွင်   မလေးရှားနိုင်ငံမှတစ်ဆင့် စင်ကာပူနိုင်ငံအထိပါ ဆက်လက်ရောင်းချသွားနိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်။ အကောင်အထည် ပေါ်မည့် အလားအလာများလည်းရှိနေသည်။ ဤဖြစ်စဉ်နှင့်အတူ အာဆီယံမဟာဓာတ်လိုင်းစီမံကိန်းသည်လည်း ပေါ် ပေါက်လာနိုင်ဖွယ်ရှိသည်။

နယ်စပ်ဖြတ်ကျော် လျှပ်စစ်ကုန်သွယ်ရေးနယ်ပယ်သို့ မြန်မာနိုင်ငံအနေဖြင့် ချင်းနင်းဝင်ရောက်နိုင်မည်ဆိုပါက ကနဦးကာလများတွင် နိုင်ငံအတွက် အပူတပြင်းလိုအပ် နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်တင်းရန် ဝယ်ယူနေ ရသည့်အခြေအနေမှ   အနာဂတ်တွင်  တရုတ်၊ အိန္ဒိယ အပါအဝင်  အိမ်နီးချင်းနှင့်   ဒေသတွင်းနိုင်ငံများသို့ ပြန်လည်တင်ပို့ရောင်းချရာတွင်လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများအကြား    လျှပ်စစ်တင်ပို့ရောင်းချရာတွင် ဓာတ်အားလိုင်းငှားရမ်းပေးခြင်းဖြင့်လည်းကောင်း အကျိုး အမြတ်များ ပြန်လည်ထွက်ပေါ်အောင်ရည်မှန်းချက် ချမှတ် ဆောင်ရွက်နိုင်သည်။

ကျော်လွှားနိုင်မှ

လျှပ်စစ်လိုအပ်ချက်ကိုကျော်လွှားနိုင်မှသာ နိုင်ငံတော် အနေဖြင့်   စီးပွားရေးပြုပြင်ပြောင်းလဲမှုများ   အရှိန် အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့် သဘောရှိသည်။ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိခြင်းသည် မရှိမဖြစ် လိုအပ်ချက်တစ်ခု  ဖြစ်သည်ဆိုပါက မည်သူမှ ငြင်းချက်ထုတ်မည်မထင်ပါ။အစိုးရအနေဖြင့် ဘတ်ဂျက်အကန့်အသတ်ဖြင့် ဆောင် ရွက်နေရသည့်ကြားမှ ကြီးမားသည့် လျှပ်စစ်လိုအပ်ချက် ကိုအချိန်တိုအတွင်းအမြန်ဆုံးဖြည့်ဆည်းနိုင်ရေးဆောင် ရွက်ရသည့် အခြေအနေတွင် အချို့သောဆုံးဖြတ်ချက် များအားရဲရင့်ပြတ်သားစွာချမှတ်ဆောင်ရွက်ရန် လိုအပ် မည်လည်းဖြစ်သည်။

အဓိကရည်မှန်းချက်မှာ လုံလောက်သော လျှပ်စစ် ဓာတ်အားကိုအစိုးရ၏ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အချိန်တိုအတွင်းရရှိရေးဖြစ်သည့်အတွက် ဤရည်မှန်း ချက် အောင်မြင်ရေးကိုသာရှေးရှုအာရုံပြုသင့်ကြောင်းအကြံပြုတိုက်တွန်းလိုက်ရပေသည်။    ။

Ref; တည်ကြည်မောင်(The Mirror Daily)

No comments:

Post a Comment