Latest News

Friday, December 22, 2017

ဦးပိန်တံတား နေ၀င်ဆည်းဆာအလှကို ကြည့်ရှုခံစားနေသော ပြည်တွင်း/ပြည်ပ ခရီးသွားများ အထူးစည်ကား

ဦးပိန်တံတား နေ၀င်ဆည်းဆာအလှကို ကြည့်ရှုခံစားနေသော ပြည်တွင်း/ပြည်ပ ခရီးသွားများ အထူးစည်ကား

မန္တလေး ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံ၏ ရေမြေတောတောင်သဘာဝ အလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို တနေ့ထက်တစ်နေ့ ကမ္ဘာက သိရှိလာသည်နှင့်အမျှ ပြည်တွင်း/ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုများပြားလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကမ္ဘာကျော် ဦးပိန်တံတားသို့ နေ၀င်ဆည်းဆာအလှ လာရောက်ကြည့်ရှုခံစားနေသော ပြည်တွင်းပြည်ပခရီးသွားများ အထူးစည်ကားလျက်ရှိသည်။

''ဦးပိန်တံတား နေ၀င်ဆည်းဆာအလှ ကြည့်ရှုခံစားရတာ အင်မတန်လှပတဲ့ သဘာဝပန်းချီကားတစ်ချပ်ကို ခံစားနေရသလိုပါပဲ၊ အလွန်ပဲ သဘောကျပါ တယ်၊ ဒီလိုလှပတဲ့နေရာတစ်ခုဟာ (Public Place) အများပိုင်နေရာ တစ်ခု ဖြစ်နေတာ အလွန်ပဲကောင်းပါတယ်၊ ဒီလို လှပနေတဲ့နေရာတစ်ခုကို လွတ်လွတ်လပ်လပ်ခံစား ရတာဟာ အထူးနှစ်သက်သဘောကျပါတယ်" ဟု ဦးပိန်တံတား နေ၀င်ဆည်းဆာ အလှကို လာရောက်ကြည့်ရှု ခံစားနေသော ဆွစ်ဇာလန်နိုင်ငံသား တစ်ဦး က ပြောကြားသည်။

"ခုချိန်က ခရီးသွားရာသီဆိုတော့ ဦးပိန်တံတားကို ပြည်တွင်း/ပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်မှု နေ့စဉ် စည်ကားလျက်ရှိပါတယ်၊ ညနေပိုင်းဆိုရင် ပိုမိုစည်ကားပါတယ်၊ ပြည်တွင်း/ပြည်ပခရီးသွားတွေ၊ ဓာတ်ပုံပညာရှင် တွေ အများဆုံးလာရောက်ကြတယ်၊ ဦးပိန်တံတား နေ၀င်ဆည်းဆာအလှကို တံတားပေါ်က ကြည့်ရှုခံစားကြတာ ရှိသလို တံတားအောက်မှ နေ၀င်ဆည်းဆာအလှနဲ့ ကမ္ဘာကျော်တံတားကြီး အလှနဲ့ တွဲဖက် ခံစားကြသူတွေလည်း များပါတယ်၊ ပြည်ပခရီးသွား အများစုကတော့ နေ၀င်ဆည်းဆာချိန်မှာ တောင်သမန်အင်းအတွင်း ငှက်လှေစီးပြီး တံတားကြီး အလှကို တွဲဖက်ကြည့်ရှုခံစားကြတာများပါ တယ်" ဟု ဒေသခံတစ်ဦး က ပြောပြသည်။

အမရပူရမြို့နယ်ရှိ ကမ္ဘာကျော်ဦးပိန်တံတားသည် နှစ်ပေါင်း(၁၆၀) ကျော် ကြာမြင့်ကာ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားတစ်စင်းဖြစ်သည်။ မြန်မာသက္ကရာဇ်( ၁၂၁၁) ခုနှစ်တွင် စတင်တည်ဆောက်ကာ (၁၂၁၃) ခုနှစ်တွင် ပြီးစီးခဲ့ပြီး တိုင်ပေါင်း(၁၀၈၆) တိုင်၊ အခန်းပေါင်း(၄၈၂) ခန်း၊ တံတားအရှည်(၃၉၇၆) ပေရှိကြောင်း မှတ်တမ်းများအရ သိရပြီး ညနေပိုင်းတွင် နေ၀င်ဆည်းဆာအလှကို လာရောက်ကြည့်ရှုခံစားသော ပြည်တွင်း/ပြည်ပ ခရီးသွားများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment