Latest News

Wednesday, December 6, 2017

သမီးငယ်ကိုချစ်တတ်တဲ့ နှလုံးသားရှိစေချင်သူ အဆိုတော်ချမ်းချမ်း

သမီးငယ်ကိုချစ်တတ်တဲ့ နှလုံးသားရှိစေချင်သူ အဆိုတော်ချမ်းချမ်း

နှစ်နှစ်နီးပါး ပရိသတ်နှင့် အလှမ်းဝေးကွာခဲ့ပြီးနောက် ဒီဇင်ဘာ ၉ ရက်တွင်  အဆိုတော် ချမ်းချမ်း၏ စတုတ္ထမြောက် စီးရီးဖြစ်သည့်  ''သို့ ... ချစ်နေတုန်းပဲ'' စီးရီးခွေ ထွက်ရှိလာမည်ဖြစ်ကြောင်း  သိရသည်။  ယင်းစီးရီး ပြုလုပ်နေစဉ်အတွင်း ဘဝ၏ လောကဓံများ အလူးအလဲခံစားခဲ့ရပြီး  ထွက်ရှိခဲ့သည့် စီးရီးခွေဖြစ်သည်။

''အစ်မရဲ့  သီချင်းခေါင်းစဉ်လေးကို  ပရိသတ်အတွက်ပဲဖြစ်ဖြစ်   ဘယ်သူ့ အတွက်ပဲဖြစ်ဖြစ်  သို့ . . . လို့ ပေးထားတာပါ၊  အစ်မ နေရာတစ်ကနေ တစ်နေရာကို ကိုယ့်ပရိသတ်ကို     လက်ဆောင်အဖြစ်     နာမည်ပေးဖြစ်တယ်၊ ဒီခေါင်းစဉ်ကို G Lay လေးက ရေးပေးတာပါ၊ ချစ်နေတုန်းပဲ  သီချင်းလေးကို  ဗားရှင်း ပြောင်းပြီး လက်ဆောင်အဖြစ်ထည့်ထားတယ်၊ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားထဲက  ဆရာ ဓိရာမိုရ်က     မိဘမေတ္တာဖွဲ့   သီချင်းလေးကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာပါ''  ဟု အဆိုတော် ချမ်းချမ်းက ပြောသည်။

အဆိုပါ သီချင်းခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင် ပြီး   ပရိသတ်အတွက်   လက်ဆောင်  သီချင်းတစ်ပုဒ်    ထည့်ပေးထားသည်။ တေးရေးဆရာ ဓိရာမိုရ်၊ အောင်ခြိမ့်၊G Lay ၊Ngar နှင့်DJလင်းလင်းတို့က     ရေးသားထားကြသည်။    မိခင်မေတ္တာဖွဲ့  အချစ်၊  အလွမ်း၊  အဆွေး  ရသများပါဝင်ပြီး ဆော့ဖ်ရော့ခ်၊  အော်ဂက် စတာမုဒ်၊  ဂျက်ဇ်နှင့်DJ မြူးဇစ်များ  ထည့်သွင်းထားကာFeaturing အနေဖြင့် စန္ဒီမြင့်လွင်က ပါဝင်သီဆိုထားသည်။ ¤င်းသီချင်းခွေထွက်ပါက သီချင်းတစ်ပုဒ်ကို ပရိသတ်အတွက်  လက်ဆောင်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ''သို့ ... ချစ်နေတုန်းပဲ'' သီချင်းခွေ ပရိုမိုရှင်းပွဲကို ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ၌ လက်မှတ်ရေးထိုးသီဆို ဖျော်ဖြေမည်ဟု သိရသည်။

သူ့အနေဖြင့် ရှေ့ဆက်လျှောက်ရမည့် ဘဝခရီးအတွက် တစ်ဦးတည်းသော သမီးလေးကိုသာ အဓိကထား ဦးစားပေးသွား မည်ဟုဆိုပြီး သမီးလေးနှင့်ပတ်သက်ပြီး သူ၏ မျှော်လင့်ချက်များကိုလည်း ယခုလိုဖွင့်ဟ ပြောကြားလာခဲ့သည်။

''ညီမ သီချင်းတွေကတော့ ပုံမှန်နယ်ပွဲတွေဆိုဖြစ်တာ ရှိပါတယ်၊ နယ်တွေသွားရင်လည်း ပရိသတ်ရဲ့ တစ်ခဲနက်အားပေးမှုတွေ အများကြီးရခဲ့တယ်၊ အခွေအတွက်ပြင်ဆင်နေတာက ကြာပြီလေ၊ ဒီကြားထဲ အားလုံးသိထားတဲ့ ဖြစ်ရပ်လေးက ပေါ်လာတာဆိုတော့ အဲ့ကိစ္စလေး ရှင်းနေရတာရယ်၊  အခွေရယ်ဆိုတော့  တော်တော်တော့ စိတ်ဓာတ်ကျမသွားအောင်  မနည်း ထိန်းထားရပါတယ်၊ အခုအခွေထဲမှာ သမီးလေးအတွက် သီချင်းတစ်ပုဒ် လက်ဆောင်ထည့်ထားတယ်၊ အဲ့ဒီသီချင်း  လေးကလဲ  မိခင်မေတ္တာဖွဲ့  တေးလေးပါ၊ ဆရာတွေက တကယ်ခံစားနေရတဲ့  သူတစ်ယောက် ဆိုခိုင်းချင်တယ်ဆိုပြီး  ပြောလာတာမို့  အဲ့ဒီသီချင်းလေးကို ဒီအခွေထဲမှာ ထည့်ဖြစ်တာပါ၊ အစ်မအနေနဲ့  သီချင်းတွေ လုပ်နေတဲ့အချိန် သမီးလေးကို လျစ်လျူရှုထားသလို ဖြစ်ခဲ့ဖူးတယ်၊  ဘာလို့လဲဆိုတော့  ငွေတစ်ခုတည်းကိုပဲ   ခြစ်ကုတ်ပြီး   ရှာခဲ့တော့  သမီးလေးအတွက်ရော မိသားစုအတွက်ပါ  မလိုလားအပ်တဲ့ပြဿနာတွေ   ဖြစ်လာတာပေါ့၊ အဲ့ဒါကြောင့် သမီးလေးကို ကိုယ်နဲ့ အတူသွား  အတူလာ နေပေးခဲ့တယ်၊  ပရိသတ်နဲ့ ဝေးသွားရတာ ဒါတွေလည်း ပါပါတယ်၊ အရင်က ကိုယ့်ကိုပွဲတွေ ငှားကြတယ်၊ ပွဲက ၆ဝ လောက်ဆို ညီမပွဲ ၄ဝ လောက်ဖြုတ်ပြီး  ၂ဝ  လောက်ပဲဆို ဖြစ်တော့တယ်၊  အဲ့ဒီ ၄ဝ ကို ဘာလို့ ဖြုတ်ချလိုက်လဲဆိုရင်  သမီးရဲ့  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စိတ်ခံစားမှုတွေက အမေတစ်ယောက်အနေနဲ့ပေးရမယ့် တာဝန်တွေရှိလာခဲ့ပြီလေ၊  သမီးက ခရီးထွက်ရတာကို ကြိုက်တယ်၊ ခရီးများထွက်လို့ကတော့ မငြီးရှာဘူး လိုက်တာပဲ၊ ပြီးတော့သမီးလေးက အကဝါသနာ ပါတယ်၊ သူ့ကိုမေးဖူးတယ်၊ သမီးအဆိုတော် လုပ်မှာလားလို့မေးတော့ သူက အကပဲဝါသနာပါတယ် ပြောတယ်၊ သူ့ကို ညီမရည်ရွယ်ထားတာရှိတယ်၊ ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်၊ အနုပညာကတော့  ဒုတိယနေရာပေါ့၊  ပြီးတော့  သူ့ကို   ချစ်တတ်တဲ့   နှလုံးသားရှိစေချင်တယ်၊ ချစ်တယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ သတ္တဝါလေးအပေါ်နဲ့ မိသားစုအပေါ်ကြင်နာတတ်တဲ့သူ အဖြစ်ပါ၊ လူမှုရေးကောင်းတဲ့သူဖြစ်စေ ချင်ပါတယ်''ဟု ပြောသည်။      
                                                                           
ကိုလင်း

No comments:

Post a Comment